YouVersion လိုဂို
ရှာရန် အိုင်ကွန်

သက်သာလောနိတ်ဩဝါဒစာပထမစောင် 5

5
သခင်ဘုရား၏နေ့ရက်
1သို့ရာတွင် ညီအစ်ကို​တို့၊ ထို​အချိန်အခါ​နှင့်​ကာလ​များ​အကြောင်း​ကို သင်​တို့​ထံ​ရေးသား​ရန် မ​လိုအပ်​ပေ။ 2အကြောင်းမူကား သူခိုး​သည် ည​အချိန်​၌​လာ​သကဲ့သို့ သခင်​ဘုရား​၏​နေ့ရက်​သည် ရောက်လာ​မည်​ဖြစ်​ကြောင်း သင်​တို့​ကိုယ်တိုင် သေချာ​စွာ​သိ​ကြ​၏။ 3“ငြိမ်းချမ်း​မှု​နှင့်​လုံခြုံ​မှု​ရှိ​သည်”​ဟု လူ​တို့​ပြောဆို​နေ​ကြ​သည့်​အချိန်​၌ပင် ကိုယ်ဝန်ဆောင်​အမျိုးသမီး​၌ သားဖွား​ခြင်း​ဝေဒနာ​ရောက်လာ​သကဲ့သို့ ပျက်စီး​ခြင်း​သည် သူ​တို့​အပေါ် ရုတ်တရက်​ရောက်လာ​၍ သူ​တို့​သည် လုံးဝ​လွတ်မြောက်​နိုင်​မည်​မ​ဟုတ်။
4သို့သော် ညီအစ်ကို​တို့၊ သင်​တို့​သည် အမှောင်​ထဲ၌​မ​ရှိ​သောကြောင့် ထို​နေ့ရက်​သည် သူခိုး​ကဲ့သို့ သင်​တို့​ကို အငိုက်ဖမ်း​လိမ့်မည်​မ​ဟုတ်။ 5အကြောင်းမူကား သင်​တို့​အားလုံး​သည် အလင်း​၏​သားသမီး​များ၊ နေ့​၏​သားသမီး​များ​ဖြစ်​ကြ​၏။ ငါ​တို့​သည် ည​နှင့်​ဖြစ်စေ၊ အမှောင်​နှင့်​ဖြစ်စေ စပ်ဆိုင်​ကြ​သည်​မ​ဟုတ်။ 6သို့ဖြစ်၍ အခြား​သော​သူ​များ​ကဲ့သို့ အိပ်ပျော်​ခြင်း​မ​ရှိ​ဘဲ သမ္မာသတိ​ရှိ​လျက် နိုးကြား​စွာ​စောင့်​နေ​ကြ​ကုန်စို့။ 7အကြောင်းမူကား အိပ်ပျော်​သော​သူ​တို့​သည် ည​အခါ​၌ အိပ်ပျော်​တတ်​ကြ​၏။ ယစ်မူး​သော​သူ​တို့​သည်​လည်း ည​အခါ​၌ ယစ်မူး​တတ်​ကြ​၏။ 8ငါ​တို့​မူကား နေ့​နှင့်စပ်ဆိုင်​ကြ​သည်​ဖြစ်​၍ ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ကို ရင်အုပ်​တန်ဆာ​အဖြစ်​ဝတ်ဆင်​လျက် ကယ်တင်​ခြင်း​၌​မျှော်လင့်​ခြင်း​ကို သံခမောက်​အဖြစ်​ဆောင်း​ကာ သမ္မာသတိ​ရှိ​ကြ​ကုန်စို့။ 9အကြောင်းမူကား ဘုရားသခင်​သည် ငါ​တို့​ကို အမျက်​တော်​သက်ရောက်​စေရန် သတ်မှတ်​ထား​တော်မူ​သည်​မ​ဟုတ်​ဘဲ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ကယ်တင်​ခြင်း​ကို​ရရှိ​စေရန် သတ်မှတ်​ထား​တော်မူ​၏။ 10ငါ​တို့​သည် နိုး​နေ​သည်​ဖြစ်စေ၊ အိပ်ပျော်​နေ​သည်​ဖြစ်စေ ကိုယ်တော်​နှင့်​အတူ အသက်ရှင်​မည့်​အကြောင်း ကိုယ်တော်​သည် ငါ​တို့​အတွက် အသေခံ​တော်မူ​၏။ 11ထို့ကြောင့် ယခု​သင်​တို့​ပြု​နေ​သည့်​အတိုင်း အချင်းချင်း​တိုက်တွန်း​နှိုးဆော်​၍ တစ်​ဦး​ကို​တစ်​ဦး တည်ဆောက်​မြှင့်တင်​ပေး​ကြ​လော့။
တိုက်တွန်းနှိုးဆော်ခြင်းနှင့် ကောင်းချီးပေးခြင်း
12ညီအစ်ကို​တို့၊ သင်​တို့​ထဲတွင် အားထုတ်​လုပ်ဆောင်​လျက်​၊ သခင်​ဘုရား​၌ သင်​တို့​ကို စီမံ​အုပ်ချုပ်​လျက် သင်​တို့​ကို​သတိပေး​ဆုံးမ​နေ​ကြ​သော​သူ​များ​ကို ကြည်ညို​လေးစား​ကြ​ရန်​လည်းကောင်း၊ 13သူ​တို့​လုပ်ဆောင်​သော​အမှု​အတွက် မေတ္တာ​စိတ်​နှင့် သူ​တို့​ကို​အထူး​တန်ဖိုးထား​ကြ​ရန်​လည်းကောင်း သင်​တို့​အား ငါ​တို့​တောင်းပန်​ကြ​၏။ သင်​တို့​အချင်းချင်း​သင့်မြတ်​စွာ​နေ​ကြ​လော့။ 14ညီအစ်ကို​တို့၊ သင်​တို့​အား ငါ​တို့​တိုက်တွန်း​နှိုးဆော်​သည်​ကား စည်းမဲ့​ကမ်းမဲ့​နေ​သော​သူ​တို့​ကို သတိပေး​ဆုံးမ​ကြ​လော့။ စိတ်အားငယ်​သော​သူ​တို့​ကို နှစ်သိမ့်​ကြ​လော့။ အားနည်း​သော​သူ​တို့​ကို ထောက်မ​ကြ​လော့။ လူ​အပေါင်း​တို့​အပေါ် စိတ်ရှည်​သည်းခံ​ကြ​လော့။ 15မည်သူမျှ သူတစ်ပါး​အပေါ် အဆိုး​ကို​အဆိုး​ဖြင့်​မ​တုံ့ပြန်​ကြ​စေရန် သတိပြု​ကြ​လော့။ အချင်းချင်း​အတွက်​လည်းကောင်း၊ လူ​အပေါင်း​တို့​အတွက်​လည်းကောင်း ကောင်းကျိုး​ကို​သာ အစဉ်​ကြိုးစား​ပြု​ကြ​လော့။ 16အစဉ်​ဝမ်းမြောက်​ကြ​လော့​။ 17အမြဲမပြတ် ဆုတောင်း​ကြ​လော့​။ 18အရာရာ​၌ ကျေးဇူး​တော်​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား သင်​တို့​သည် ထိုသို့​ပြု​ကြ​ရန် ခရစ်တော်​ယေရှု​၌ ဘုရားသခင်​အလို​ရှိ​တော်မူ​၏​။ 19ဝိညာဉ်​တော်​၏​အရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။ 20ပရောဖက်ပြု​ဟောပြော​ခြင်း​ကို မထီမဲ့မြင်​မ​ပြု​ကြ​နှင့်။ 21သို့သော် အရာ​ခပ်သိမ်း​တို့​ကို​စစ်ဆေး​၍ ကောင်း​သော​အရာ​ကို စွဲကိုင်​ထား​ကြ​လော့။ 22မကောင်း​မှု​အမျိုးစုံ​တို့​ကို ရှောင်ကြဉ်​ကြ​လော့။
23ငြိမ်သက်​ခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်​တိုင် သင်​တို့​ကို အကုန်အစင်​သန့်ရှင်း​စေ​တော်မူ​ပါစေသော။ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကြွလာ​တော်မူ​သောအခါ သင်​တို့​၏​ဝိညာဉ်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာ​ကို အပြစ်တင်​စရာ​မ​ရှိ​စေရန် စောင့်ရှောက်​တော်မူ​ပါစေသော။ 24သင်​တို့​ကို ခေါ်ယူ​တော်မူ​သော​အရှင်​သည် သစ္စာ​နှင့်​ပြည့်စုံ​သည်​ဖြစ်၍ ထိုသို့​ပြု​တော်မူ​လိမ့်မည်။
25ညီအစ်ကို​တို့၊ ငါ​တို့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။ 26ညီအစ်ကို​အားလုံး​တို့​ကို သန့်ရှင်း​သော​အနမ်း​ဖြင့် နှုတ်ဆက်​ကြ​လော့။ 27ဤ​စာ​ကို ညီအစ်ကို​အားလုံး​တို့​ရှေ့၌​ဖတ်ကြား​ရန် သခင်​ဘုရား​၌ သင်​တို့​ကို အလေးအနက်​ငါ​အမိန့်​ပေး​၏။
28ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။

လက်ရှိရွေးချယ်ထားမှု

သက်သာလောနိတ်ဩဝါဒစာပထမစောင် 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။