YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 19

19
ဒါဝိဒ်မင်းကြီး၏နိုင်ငံ ပြန်လည်ရရှိခြင်း
1“​ရှင်ဘုရင်​သည် အဗရှလုံ​အတွက်​ကြောင့် ငိုကြွေး​မြည်တမ်း​နေ​ရ​ပါ​ပြီ​”​ဟု ယွာဘ​ထံ သတင်း​ရောက်လာ​၏​။ 2“​ရှင်ဘုရင်​သည် သား​တော်​အဗရှလုံ​ကြောင့် စိတ်ထိခိုက်​နေ​ရ​သည်​”​ဟူသော​သတင်း​ကို စစ်သည်​တို့ ကြားသိ​ရ​လျှင် ထို​နေ့​၌​ရ​သော​အောင်မြင်​ခြင်း​သည် သူ​တို့​အတွက် ဝမ်းနည်း​ခြင်း​ဖြစ်​ရ​လေ​၏​။ 3စစ်ပွဲ​မှ​ထွက်ပြေး​ပြီး အရှက်ကွဲ​ရ​သူ​တို့ ပုန်းလျှိုးကွယ်လျှိုး​ပြန်လာ​ရ​သကဲ့သို့ ထို​နေ့​တွင် စစ်သည်​တို့​သည် မြို့​ထဲသို့ ပုန်းလျှိုးကွယ်လျှိုး​ဝင်လာ​ကြ​၏​။ 4ရှင်ဘုရင်​သည် မျက်နှာ​ကို​ဖုံး​ထား​၍ “​ငါ့​သား အဗရှလုံ​၊ ငါ့​သား ငါ့​သား အဗရှလုံ​”​ဟု ကျယ်လောင်​စွာ​အော်ဟစ်​ငိုကြွေး​လေ​၏​။
5ယွာဘ​သည် ရှင်ဘုရင်​ရှိ​ရာ​နန်းတွင်း​သို့​ဝင်​၍ “​ယနေ့ အရှင်မင်းကြီး​၏​အသက်​၊ သား​တော်​သမီး​တော်​တို့​၏​အသက်​၊ မိဖုရား​မောင်းမတော်​တို့​၏​အသက်​ကို ကယ်တင်​ပေး​ခဲ့​သော​စစ်သည်​အပေါင်း​တို့​ကို အရှင်မင်းကြီး အရှက်ခွဲ​လေ​ပြီ​။ 6အရှင်မင်းကြီး​သည် အရှင့်​အား မုန်း​သော​သူ​ကို​ချစ်​ပြီး အရှင့်​အား​ချစ်​သော​သူ​ကို မုန်း​လေ​ပြီ​။ မှူးမတ်​များ​၊ မင်းမှုထမ်း​များ​သည် အရှင့်​အဖို့ ဘာမျှ​မ​ဟုတ်​ကြောင်း​ကို ယနေ့ အရှင်မင်းကြီး ထင်ထင်ရှားရှား​ဖော်ပြ​လိုက်​ပြီ​။ အဗရှလုံ​အသက်ရှင်​ကျန်​ခဲ့​ပြီး ယနေ့ အကျွန်ုပ်​တို့​အားလုံး သေ​သွား​လျှင်ပင် အရှင်မင်းကြီး​အားရဝမ်းသာ​ဖြစ်​မည်​ကို ယနေ့ အကျွန်ုပ်​သိ​ရ​ပါ​ပြီ​။
7ယခု ထ​ပါ​။ အရှင့်​အမှုထမ်း​တို့​ထံ​သွား​၍ နှစ်သိမ့်စကား​မြွက်ဆို​ပေး​ပါ​။ အရှင်မင်းကြီး​မ​သွား​လျှင် ယခု​ည​တွင်ပင် အရှင်မင်းကြီး​ထံပါး​၌ မည်သူ​မျှ​ကျန်​ခဲ့​မည်​မ​ဟုတ်​ပါ​။ ဤ​အမှု​သည် အရှင်မင်းကြီး ငယ်စဉ်​မှစ၍ ယခု​ချိန်​ထိ ကြုံ​ဖူး​သော​ဒုက္ခ​အားလုံး​ထဲတွင် အဆိုးဆုံး​ဖြစ်​လိမ့်မည်​ကို ထာဝရဘုရား​ကို​တိုင်တည်​၍ အကျွန်ုပ်​ကျိန်​ဝံ့​ပါ​၏​”​ဟု လျှောက်တင်​လေ​၏​။
8ထိုအခါ ရှင်ဘုရင်​သည် ထ​၍​မြို့​တံခါး​၌ သွားထိုင်​၏​။ လူ​အပေါင်း​တို့​က​လည်း “​ကြည့်ရှု​လော့​။ မြို့​တံခါး​၌ ရှင်ဘုရင် ထိုင်​တော်မူ​၏​”​ဟု တစ်ဆင့်စကား​ကြားသိ​ကြ​လျှင် ရှင်ဘုရင်​ထံသို့ လာ​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​မူကား မိမိ​တို့​အိမ်​သို့ အသီးသီး​ပြန်ပြေး​ကြ​၏​။ 9ထို့နောက်တွင် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​က “​ငါ​တို့​ကို ရန်သူ့​လက်​မှ ကယ်တင်​သူ​မှာ ရှင်ဘုရင်​ဖြစ်​၏​။ ငါ​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ လွတ်မြောက်​စေ​သူ​မှာ​လည်း ရှင်ဘုရင်​ပင် ဖြစ်​၏​။ သို့သော် ယခုမှာ အဗရှလုံ​ကြောင့် ရှင်ဘုရင်​မှာ တိုင်းပြည်​မှ ထွက်ပြေး​နေ​ရ​ပါ​ပြီ​။ 10ငါ​တို့ ဘိသိက်သွန်း​မင်းမြှောက်​ပေး​ခဲ့​သော အဗရှလုံ​လည်း တိုက်ပွဲ​တွင် ကျဆုံး​လေ​ပြီ​။ ယခုမှာ ရှင်ဘုရင်​ကို ပြန်​မ​ကြွ​စေ​ဘဲ အဘယ်ကြောင့်​ငြိမ်​နေ​ကြ​သနည်း​”​ဟု အပြန်အလှန် ငြင်းခုံ​နေ​ကြ​၏​။
11ဒါဝိဒ်​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ဇာဒုတ်​နှင့် အဗျာသာ​တို့​ထံ လူ​လွှတ်​၍ “​ယုဒ​သက်ကြီးဝါကြီး​တို့​အား ‘​အစ္စရေး​လူမျိုး​အပေါင်း​တို့​၏​စကား​သည် ဘုရင့်​နန်းတော်​သို့​ပင် ရောက်လာ​လေ​ပြီ​။ သင်​တို့​မူကား ရှင်ဘုရင်​ကို နန်းတော်​သို့​ပြန်လည်​ခေါ်ဆောင်​ရန် အဘယ်ကြောင့် နောက်ကျ​နေ​သနည်း​။ 12ငါ့​ညီအစ်ကို​၊ ငါ့​အရိုး​အသား​ဖြစ်​သော​သင်​တို့​သည် ရှင်ဘုရင်​ကို နန်းတော်​သို့​ပြန်လည်​ခေါ်ဆောင်​ရန် အဘယ်ကြောင့် နောက်ကျ​နေ​ရ​သနည်း​’​ဟု ပြော​လော့​။ 13အာမသ​ကို​လည်း ‘​သင်​သည် ငါ့​အရိုး​အသား ဖြစ်​သည်​မ​ဟုတ်​လော​။ ယွာဘ​အစား သင့်​ကို အမြဲတမ်း​စစ်ဗိုလ်ချုပ်​အဖြစ် ခန့်အပ်​ပြီ​။ ထိုသို့​မ​ပြု​လျှင် ဘုရားသခင်​သည် ငါ့​အား ထိုထက်မက​ပြု​တော်မူ​ပါစေသော​’​ဟူ၍ ပြောကြား​လော့​”​ဟု မှာလိုက်​လေ​၏​။
14ဤသို့ ရှင်ဘုရင်​သည် ယုဒ​အမျိုးသား​အပေါင်း​တို့​၏​စိတ်နှလုံး​ကို တစ်ပေါင်းတစ်စည်း​တည်း သိမ်းသွင်း​နိုင်​ခဲ့​သဖြင့် သူ​တို့​က​လည်း ရှင်ဘုရင်​ထံ “​အရှင်မင်းကြီး​နှင့်တကွ မင်းမှုထမ်း​အပေါင်း​တို့ ပြန်လာ​ကြ​ပါ​”​ဟု လျှောက်တင်​စေ​ကြ​၏​။ 15ရှင်ဘုရင်​ပြန်ကြွ​၍ ဂျော်ဒန်​မြစ်​နားသို့​ရောက်လာ​၏​။ ယုဒ​လူမျိုး​တို့​သည်​လည်း ရှင်ဘုရင်​ကို​ကြိုဆို​၍ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့ သွားရောက်​ပို့ဆောင်​ရန် ဂိလဂါလ​မြို့​သို့ ရောက်လာ​ကြ​၏​။
16ထိုအခါ ဗာဟုရိမ်​မြို့​မှ ဗင်္ယာမိန်​အမျိုးသား​ဖြစ်​သူ ဂေရ​၏​သား ရှိမိ​သည် ယုဒ​လူမျိုး​တို့​နှင့်အတူ ရှင်ဘုရင်​ကို ကြိုဆို​ရန် အလျင်အမြန် ဆင်းသွား​၏​။ 17သူ​နှင့်အတူ ဗင်္ယာမိန်​အမျိုးသား​အယောက်​တစ်ထောင်​၊ ရှောလု​အိမ်သား​၏​အစေခံ ဇိဘ​နှင့်​သား တစ်ဆယ့်​ငါး​ယောက်​၊ အစေအပါး​အယောက်​နှစ်ဆယ်​တို့​လည်း ရှင်ဘုရင်​ရှိ​ရာ ဂျော်ဒန်​မြစ်​သို့ အလျင်အမြန်​ရောက်လာ​ကြ​ပြီး 18သူ​တို့​သည် ရှင်ဘုရင်​နှင့် နန်းတွင်းသူ​နန်းတွင်းသား​တို့​ကို တစ်ဖက်ကမ်း​သို့ ပို့ပေး​ရန်​နှင့် ရှင်ဘုရင်​အလိုရှိ​သည်​ကို လုပ်ဆောင်​ပေး​ရန် ကူးတို့ဆိပ်​မှ ကူးလာ​ကြ​၏​။
ဂျော်ဒန်​မြစ်​ကို ရှင်ဘုရင်​ဖြတ်ကူး​သောအခါ ဂေရ​၏​သား ရှိမိ​သည် ရှင်ဘုရင်​ရှေ့​၌ ပျပ်ဝပ်​လျက် 19ရှင်ဘုရင်​အား “​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​ကို အပြစ်​ယူ​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး ဂျေရုဆလင်​မြို့​မှ​ထွက်ခွာ​သွား​ရ​သော​နေ့​က ကျွန်တော်မျိုး​ပြု​မိ​သော​အမှား​များ​ကို အရှင်မင်းကြီး နှလုံး​သွင်း​ပြီး အောက်မေ့​တော်​မ​မူ​ပါ​နှင့်​။ 20အကျွန်ုပ်​ပြစ်မှား​မိ​ခဲ့​ကြောင်း​ကို အရှင့်​အစေအပါး​အကျွန်ုပ် သိ​ပါ​၏​။ သို့ဖြစ်၍ ယနေ့ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ကို​ကြိုဆို​ရန် ယောသပ်​အမျိုးအနွယ်​အပေါင်း​တို့​တွင် အကျွန်ုပ်​သည် အဦးဆုံး​ရောက်လာ​သူ​ဖြစ်​ပါ​၏​”​ဟု လျှောက်တင်​လေ​၏​။
21ထိုအခါ ဇေရုယာ​၏​သား အဘိရှဲ​က “​ရှိမိ​သည် ထာဝရဘုရား ဘိသိက်ပေး​တော်မူ​သော​သူ​ကို ကျိန်ဆဲ​ခဲ့​လေ​ပြီ​။ ထို့အတွက်ကြောင့် သူ​အသေသတ်​ခြင်း​ခံရ​မည် မ​ဟုတ်​လော​”​ဟု ဆို​လျှင်
22ဒါဝိဒ်​မင်းကြီး​က “​ဇေရုယာ​၏​သား​တို့​၊ ယနေ့ ငါ​နှင့် ဘက်ပြိုင်​မည့်​အကြောင်း သင်​တို့​နှင့် ငါ အဘယ်သို့​ဆိုင်​သနည်း​။ ယနေ့ အစ္စရေး​လူ​တစ်ဦးဦး​ကို သတ်​ရ​မှ​ဖြစ်​မည်လော​။ စင်စစ် ယနေ့ ငါ​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​သည်​ကို ငါ​မ​သိ​ဘဲ​နေ​မည်လော​”​ဟု မိန့်​တော်မူ​၏​။ 23ထို့နောက် ရှင်ဘုရင်​က ရှိမိ​အား “​သင် မ​သေ​ရ​”​ဟု ကတိသစ္စာပြု​လေ​၏​။
24ရှောလု​မင်းကြီး​၏​မြေး မေဖိဗောရှက်​သည်​လည်း ရှင်ဘုရင်​ကို ကြိုဆို​ရန် ဆင်းလာ​၏​။ ရှင်ဘုရင်​ထွက်သွား​သည့်​နေ့​မှစ၍ ဘေးကင်း​စွာ​ပြန်လာ​သည့်​နေ့​အထိ သူ​သည် ကိုယ့်​ခြေ​ကို မ​ဆေး​၊ နှုတ်ခမ်းမွေး​ကို မ​ရိတ်​၊ အဝတ်​ကို​လည်း မ​လျှော်ဖွပ်​ဘဲ နေ​၏​။ 25ဤသို့ သူ​သည် ရှင်ဘုရင်​ကို ကြိုဆို​ရန် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​သောအခါ ရှင်ဘုရင်​က သူ့​အား “​မေဖိဗောရှက်​၊ အဘယ်ကြောင့် သင်​သည် ငါ​နှင့် မ​လိုက်​ခဲ့​သနည်း​”​ဟု မေး​လျှင်
26သူ​က​လည်း “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ အကျွန်ုပ်​သည် ခြေမသန်သူ​ဖြစ်၍ အကျွန်ုပ်​က အကျွန်ုပ်​၏​အစေအပါး​အား ‘​ငါ​သည် ရှင်ဘုရင်​နှင့်အတူ​လိုက်သွား​မည်​ဖြစ်၍ ငါ​စီး​ဖို့ မြည်း​ကို​ကုန်းနှီးတင်​ပေး​ပါ​’​ဟု ဆို​သော်လည်း သူ​သည် အကျွန်ုပ်​ကို လှည့်စား​ခဲ့​ပါ​၏​။ 27ထို့ပြင် အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ထံ ကျွန်တော်မျိုး​ကို ကုန်းချော​ခဲ့​ပါ​သေး​၏​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ အရှင်​သည် ဘုရားသခင်​၏​ကောင်းကင်တမန်​ကဲ့သို့​ဖြစ်​ပါ​သည်​။ အရှင်​အလိုရှိ​သည့်​အတိုင်း ပြု​တော်မူ​ပါ​။ 28အကျွန်ုပ်​ဖခင်​၏​အိမ်သူအိမ်သား​တို့​သည် အကျွန်ုပ်​သခင်​အရှင်မင်းကြီး​ရှေ့​၌ ဘာမျှ​မ​ဟုတ်​၊ သေ​လူ​များ​သာ ဖြစ်​ပါ​သော်လည်း ကျွန်တော်မျိုး​ကို အရှင့်​စားပွဲ​၌ စား​ရ​သော​သူ​တို့​နှင့်အတူ နေရာပေး​ခဲ့​ပါ​၏​။ သို့ဖြစ်၍ အကျွန်ုပ်​သည် အရှင်မင်းကြီး​ထံ အဘယ်အရာ​တောင်းဆို​ခွင့်​ရှိ​ဦး​မည်နည်း​”​ဟု လျှောက်တင်​လေ​၏​။
29ထိုအခါ ရှင်ဘုရင်​က သူ့​အား “​သင် အဘယ်ကြောင့် ဤ​စကား​ကို ထပ်​ပြော​နေ​ရ​သနည်း​။ ‘​မြေ​ကို သင်​နှင့် ဇိဘ ခွဲဝေ​ယူ​ရ​မည်​’​ဟု ငါ​ဆို​ခဲ့​ပြီ​”​ဟု မိန့်ဆို​လျှင်
30မေဖိဗောရှက်​က ရှင်ဘုရင်​အား “​အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​သည် နန်းတော်​သို့ ဘေးကင်း​စွာ​ပြန်ရောက်​ပြီ​ဖြစ်၍ သူ​သည် ဤ​မြေ​အားလုံး​ကို ယူ​ပါစေ​”​ဟု လျှောက်တင်​လေ​၏​။
31ဂိလဒ်​ပြည်သား ဗာဇိလဲ​သည်​လည်း ရှင်ဘုရင်​ကို ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့ ပို့ဆောင်​ရန် ရောဂေလိမ်​မြို့​မှ ဂျော်ဒန်​မြစ်​သို့ ဆင်းလာ​၏​။ 32ဗာဇိလဲ​သည် အသက်​ရှစ်ဆယ်​ရှိ​ပြီ​ဖြစ်၍ အိုမင်း​လှ​ပြီ​။ သူ​သည် အလွန်​ချမ်းသာ​သော​သူ​ဖြစ်၍ မဟာနိမ်​အရပ်​တွင် ရှင်ဘုရင်​စံမြန်း​နေ​စဉ်​အတွင်း ကျွေးမွေးပြုစု​ခဲ့​၏​။
33ရှင်ဘုရင်​က ဗာဇိလဲ​အား “​ငါ​နှင့်အတူ တစ်ဖက်ကမ်း​ကို လိုက်​ခဲ့​ပါ​။ ဂျေရုဆလင်​မြို့​တွင် သင့်​ကို ငါ ကျွေးမွေးပြုစု​မည်​”​ဟု ဆို​၏​။
34ထိုအခါ ဗာဇိလဲ​က ရှင်ဘုရင်​အား “​အရှင်မင်းကြီး​နှင့်အတူ ဂျေရုဆလင်​မြို့​သို့ လိုက်​ရ​လောက်အောင် အကျွန်ုပ် မည်မျှ​အသက်ရှည်​ပါ​ဦး​မည်နည်း​။ 35ယခု အကျွန်ုပ်​အသက်​ရှစ်ဆယ် ရှိ​ပါ​ပြီ​။ အကျွန်ုပ်​သည် အကောင်း​၊ အဆိုး ပိုင်းခြား​နိုင်​ပါ​ဦး​မည်လော​။ ကျွန်တော်မျိုး​သည် အစား​အသောက်​များ​ကို အရသာခံ​နိုင်​ပါ​ဦး​မည်လော​။ သီချင်းသည်​ယောက်ျား​မိန်းမ​တို့​၏​သီချင်းသံ​ကို​လည်း နားဆင်​နိုင်​ပါ​ဦး​မည်လော​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ကို ကျွန်တော်မျိုး အဘယ်ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်​စေ​ရ​ပါ​မည်နည်း​။ 36အရှင်မင်းကြီး အဘယ်ကြောင့် ကျွန်တော်မျိုး​အား ဤ​ဆုလာဘ်​ကို ပေးသနား​တော်မူ​ရ​ပါ​မည်နည်း​။ အရှင်မင်းကြီး​နှင့်အတူ ဂျော်ဒန်​မြစ်​ကို အနည်းငယ် လိုက်ကူး​ပြီးလျှင် 37ကျွန်တော်မျိုး ပြန်သွား​ပါရစေ​။ အကျွန်ုပ်​၏​မိဘ​တို့​သင်္ချိုင်း​ရှိ​ရာ အကျွန်ုပ်​၏​ဇာတိမြို့​တွင်​ပင် အကျွန်ုပ် သေ​ပါရစေ​။ အရှင့်​အစေအပါး ခိမဟံ ရှိ​ပါ​၏​။ သူ့​ကို အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​နှင့်အတူ တစ်ဖက်ကမ်း​သို့ ခေါ်သွား​၍ အလိုရှိ​သည့်​အတိုင်း သူ့​အတွက် ပြု​ပေး​ပါ​”​ဟု လျှောက်တင်​လေ​၏​။
38ရှင်ဘုရင်​က​လည်း “​ခိမဟံ​ကို ငါ​နှင့်အတူ တစ်ဖက်ကမ်း​သို့​ခေါ်သွား​ပါ​မည်​။ သင်​အလိုရှိ​သည်​အတိုင်း သူ့​ကို ပြု​ပေး​ပါ​မည်​။ သင်​အလို​ရှိသမျှ​ကို​လည်း သင့်​အဖို့ ငါ​ပြု​ပေး​ပါ​မည်​”​ဟု မိန့်ဆို​၏​။ 39ထို့နောက် လူ​အားလုံး ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​ကြ​၏​။ ရှင်ဘုရင်​သည် ဗာဇိလဲ​ကို နမ်း​၍​ကောင်းချီးပေး​ပြီးမှ ကူးသွား​၏​။ ဗာဇိလဲ​သည်​လည်း မိမိ​နေရပ်​သို့ ပြန်သွား​လေ​၏​။
40ထိုမှ ရှင်ဘုရင်​သည် ဂိလဂါလ​မြို့​သို့ ရောက်​လေ​၏​။ ခိမဟံ​လည်း လိုက်ပါ​လာ​၏​။ ယုဒ​လူမျိုး​အားလုံး​နှင့် အစ္စရေး​လူမျိုး​တစ်ဝက်​တို့​သည်​လည်း ရှင်ဘုရင်​ကို လိုက်ပို့​ကြ​၏​။ 41ထို့နောက် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ရှင်ဘုရင်​ထံသို့ လာ​ပြီး ရှင်ဘုရင်​အား “​အကျွန်ုပ်​တို့​၏​ညီအစ်ကို ယုဒ​အမျိုးသား​တို့​သည် အရှင့်​ကို အဘယ်ကြောင့် ခိုးယူ​ပြီး အရှင်မင်းကြီး​မှစ၍ နန်းတွင်းသူ​နန်းတွင်းသား​များ​နှင့်တကွ ဒါဝိဒ်​မင်းကြီး​၏​လူ​အားလုံး​ကို ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့ ကူး​စေ​ကြ​သနည်း”​ဟု လျှောက်တင်​ကြ​၏​။
42ယုဒ​အမျိုးသား​အပေါင်း​တို့​က​လည်း အစ္စရေး​အမျိုးသား​တို့​အား “​ရှင်ဘုရင်​သည် ငါ​တို့​၏​ဆွေမျိုးရင်းချာ​ဖြစ်​၏​။ ဤ​အမှု​ကြောင့် သင်​တို့ အဘယ်ကြောင့် အမျက်ထွက်​ကြ​သနည်း​။ ရှင်ဘုရင်​၏​ရိက္ခာ​တော်​ကို ငါ​တို့​စား​ကြ​သလော​။ ရှင်ဘုရင်​ထံမှ တစ်စုံတစ်ရာ​ကို ငါ​တို့​ယူ​ကြ​သလော​”​ဟု ပြန်ပြော​ကြ​လျှင်
43အစ္စရေး​အမျိုးသား​တို့​က​လည်း ယုဒ​အမျိုးသား​တို့​အား “​ရှင်ဘုရင်​၌ ငါ​တို့​ဝေစု​ဆယ်​စု​ရှိ​၏​။ ထို့ကြောင့် သင်​တို့​နှင့်​ယှဉ်​လျှင် ငါ​တို့​သည် ဒါဝိဒ်​မင်းကြီး​နှင့်​ပို၍​စပ်ဆိုင်​၏​။ အဘယ်ကြောင့် ငါ​တို့​ကို မထီလေးစားပြု​ရ​သနည်း​။ ငါ​တို့​ဘုရင်​ကို ငါ​တို့ အဦးဆုံး​ပြန်ခေါ်​ရ​မည်​မ​ဟုတ်​လော​”​ဟု ပြန်ပြော​ကြ​၏​။ သို့သော် ယုဒ​အမျိုးသား​တို့​၏​စကား​သည် အစ္စရေး​အမျိုးသား​တို့​၏​စကား​ထက် ပို၍​ခိုင်မာ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ဒုတိယစောင် 19: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ