YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 18

18
အဗရှလုံရှုံးနိမ့်ခြင်း
1ဒါဝိဒ်​မင်းကြီး​သည် မိမိ​နှင့်အတူ​ပါလာ​သော​လူ​တို့​ကို ရေတွက်​ပြီး သူ​တို့​ကို အုပ်ချုပ်​ရန် လူ​တစ်ထောင်အုပ်​၊ လူ​တစ်ရာအုပ်​တို့​ကို ခန့်ထား​၏​။ 2ထို့နောက် လူ​သုံးပုံတစ်ပုံ​ကို ယွာဘ​လက်​အောက်​သို့​လည်းကောင်း​၊ နောက်​သုံးပုံတစ်ပုံ​ကို ယွာဘ​ညီ ဇေရုယာ​၏​သား အဘိရှဲ​လက်အောက်​သို့​လည်းကောင်း​၊ ကျန်​သုံးပုံတစ်ပုံ​ကို ဂိတ္တိ​လူမျိုး အိတ္တဲ​လက်​အောက်​သို့​လည်းကောင်း နေရာချ​ထား​ပေး​၏​။ ထို့နောက် ရှင်ဘုရင်​က သူ​တို့​အား “​ငါ​ကိုယ်တိုင် သင်​တို့​နှင့်အတူ ဆက်ဆက်​ချီတက်​မည်​”​ဟု မိန့်ဆို​၏​။
3သို့သော် သူ​တို့​က “​အရှင်မင်းကြီး ချီ​တော်​မ​မူ​ပါ​နှင့်​။ စင်စစ် အကျွန်ုပ်​တို့ ထွက်ပြေး​သွား​လျှင်လည်း သူ​တို့ အရေးထား​မည်​မ​ဟုတ်​ပါ​။ အကျွန်ုပ်​တို့ တစ်ဝက်​မျှ သေ​သွား​လျှင်လည်း သူ​တို့ အရေးထား​မည်​မ​ဟုတ်​ပါ​။ အရှင်မင်းကြီး​တစ်ပါးတည်း​သည် အကျွန်ုပ်​တို့ လူ​တစ်သောင်း​နှင့် ညီမျှ​ပါ​၏​။ အရှင်မင်းကြီး မြို့​ထဲ၌​နေရစ်​ပြီး အကျွန်ုပ်​တို့​ကို ကူညီ​ခြင်း​က ပိုကောင်း​ပါ​လိမ့်မည်​”​ဟု လျှောက်တင်​ကြ​၏​။
4ထိုအခါ ရှင်ဘုရင်​က သူ​တို့​အား “​သင်​တို့ ကောင်း​မည်​ထင်​သည့်​အတိုင်း ငါ​ပြု​ပါ​မည်​”​ဟု မိန့်ဆို​ပြီး မြို့​တံခါး​နား​တွင် ရပ်​နေ​ခဲ့​၏​။ လူ​အပေါင်း​တို့​မူကား ရာအုပ်​လိုက်​၊ ထောင်အုပ်​လိုက် ချီသွား​ကြ​လေ​၏​။ 5ဒါဝိဒ်​မင်းကြီး​က ယွာဘ​၊ အဘိရှဲ​နှင့် အိတ္တဲ​တို့​အား “​ငါ့​မျက်နှာ​ကို ထောက်​ပြီး သား​တော်​အဗရှလုံ​ကို သက်ညှာ​ပေး​ပါ​”​ဟု မိန့်မှာ​၏​။ ရှင်ဘုရင်​က အဗရှလုံ​နှင့်​ပတ်သက်၍ တပ်မှူး​အားလုံး​တို့​အား ဤသို့​မိန့်မှာ​သည်​ကို လူ​အပေါင်း​တို့ ကြား​ကြ​၏​။
6သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​နှင့် စစ်တိုက်​ရန် စစ်မြေပြင်​သို့ ချီသွား​ကြ​ပြီး ဧဖရိမ်​တော​၌ စစ်ခင်း​ကြ​၏​။ 7အစ္စရေး​အမျိုးသား​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​စစ်သည်​တို့​ကို ရှုံးနိမ့်​သွား​လေ​၏​။ ထို​နေ့​တွင် တိုက်ပွဲ​အပြင်းအထန်​ဖြစ်​ပြီး လူ​အယောက်​နှစ်သောင်း ကျဆုံး​လေ​၏​။ 8ဤ​စစ်ပွဲ​သည် တိုင်းနိုင်ငံ​အားလုံး​သို့ ကူးစက်​ပျံ့နှံ့​သွား​ပြီး ထို​နေ့​တွင် ဓားစာ​ဖြစ်​သွား​သော​လူ​ထက် တောစာတောင်စာ​ဖြစ်​သွား​သော​လူ​က ပို၍​များ​၏​။
အဗရှလုံသေဆုံးခြင်း
9အဗရှလုံ​သည် ဒါဝိဒ်​မင်းကြီး​၏​လူ​တို့​နှင့် ပက်ပင်းတိုး​သဖြင့် လား​စီး​ပြီး ထွက်ပြေး​သွား​၏​။ သူ့​လား​သည် သပိတ်ပင်​အကိုင်း​ကြီး​အောက်​ကို ပြေးဝင်​သွား​စဉ် အဗရှလုံ​၏​ဦးခေါင်း​သည် ထို​သပိတ်ပင်​အကိုင်းကြီး​နှင့် ငြိ​မိ​ပြီး လား​ကား ဆက်ပြေး​သွား​၍ သူ​သည် လေ​ထဲတွင်#18:9 တိုက်ရိုက်ပြန်ဆိုလျှင် “မိုးနှင့်မြေကြား”။ တွဲလွဲကျ​ကျန်​နေ​ခဲ့​၏​။ 10ထို​အခြင်းအရာ​ကို မြင်​သော​သူ​တစ်​ယောက်​က ယွာဘ​အား “​အကျွန်ုပ်​သည် အဗရှလုံ​အား သပိတ်ပင်​၌ တွဲလွဲကျ​နေ​သည်​ကို တွေ့​ခဲ့​ပါ​၏”​ဟု ပြောပြ​လျှင်
11ယွာဘ​က သူ့​ကို​ပြောပြ​သော​သူ​အား “​သင်​မြင်​ခဲ့​လျက်​နှင့် အဘယ်ကြောင့် သူ့​ကို​မြေ​ပေါ်​ထိုးချ​ပြီး မ​သတ်​ရ​သနည်း​။ ထိုသို့​ပြု​ခဲ့​လျှင် သင့်​ကို​ငါ ငွေစ​တစ်ဆယ်​နှင့် ခါးစည်းကြိုး​ကို ချီးမြှင့်​ပြီ​”​ဟု ဆို​၏​။
12ထို​သူ​က ယွာဘ​အား “​အကျွန်ုပ်​ကို ငွေစ တစ်ထောင်​ပေး​လျှင်ပင် ရှင်ဘုရင်​၏​သား​တော်​ကို အကျွန်ုပ်ကိုယ်တိုင် မ​သတ်​ပါ​။ ရှင်ဘုရင်​က သင်​နှင့်တကွ အဘိရှဲ​၊ အိတ္တဲ​တို့​အား ‘​သား​တော်​အဗရှလုံ​ကို ကာကွယ်​ပေး​ပါ​’​ဟု မိန့်မှာ​လိုက်​သည်​ကို အကျွန်ုပ်​တို့ နား​နှင့်​ဆတ်ဆတ်​ကြား​ခဲ့​ပါ​ပြီ​။ 13အကယ်၍​သာ အကျွန်ုပ်​သတ်​မိ​လျှင် ကိုယ့်​အသက်​ကို​ကိုယ် အန္တရာယ်ပေး​မိ​ပြီ​။ ရှင်ဘုရင်​ထံမှ ကွယ်ဝှက်​၍​ရ​သော​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ​ပါ​။ သင်​သည်​လည်း အကျွန်ုပ်​ဘက်​မှ ရပ်တည်​ပေး​မည်​မ​ဟုတ်​ပါ​”​ဟု ဆို​၏​။
14ထိုအခါ ယွာဘ​က “​သင်​နှင့် ယခုလို အချိန်ဖြုန်း​မ​နေ​နိုင်​ပါ​”​ဟု ဆို​လျက် လှံ​သုံး​စင်း​ကို​ယူ​၍ သပိတ်ပင်​၌​တွဲလွဲကျ​လျက် အသက်ရှင်​နေ​သေး​သော အဗရှလုံ​ထံ​သွား​၍ သူ့​နှလုံး​ထဲသို့ ထုတ်ချင်းပေါက်​အောင် ထိုး​လေ​၏​။ 15ယွာဘ​၏​လက်နက်​ကိုင်​တပ်သား ဆယ်​ဦး​တို့​က​လည်း အဗရှလုံ​ကို ဝိုင်းဝန်း​ထိုး​သတ်​ကြ​လေ​၏​။
16ထို့နောက် ယွာဘ​က မိမိ​လူ​တို့ အစ္စရေး​အမျိုးသား​တို့​နောက်သို့ ဆက်​မ​လိုက်​ရန် တံပိုး​ကို မှုတ်​သဖြင့် သူ​တို့​လည်း ဆက်မလိုက်​တော့​ဘဲ ပြန်လာ​ကြ​လေ​၏​။ 17ထို့နောက် အဗရှလုံ​၏​အလောင်း​ကို​ဆွဲချ​ပြီး တော​ထဲရှိ​တွင်း​ကြီး​တစ်​တွင်း​ထဲသို့​ပစ်ချ​ကာ သူ့​အပေါ်​တွင် ကျောက်ပုံ​ကြီး​ပုံ​ထား​ကြ​၏​။ အစ္စရေး​အမျိုးသား​အပေါင်း​တို့​လည်း အသီးသီး မိမိ​တို့​နေရာ​သို့ ပြန်ပြေး​ကြ​လေ​၏​။
18အဗရှလုံ​အသက်ရှင်​စဉ်က “​ငါ့​နာမည် မပျောက်ပျက်​အောင် စောင့်ထိန်း​ပေး​မည့်​သား မ​ရှိ​”​ဟု ဆို​လျက် ကျောက်တုံး​ကို ယူ​၍ ရှင်ဘုရင်​ချိုင့်ဝှမ်း​တွင် မိမိ​နာမည်​ဖြင့်​သမုတ်​၍ ကျောက်တိုင်​စိုက်ထူ​ခဲ့​၏​။ ထို​ကျောက်တိုင်​ကို ယနေ့​တိုင် “​အဗရှလုံ​ကျောက်တိုင်​”​ဟု ခေါ်ဝေါ်​ကြ​၏​။
19ဇာဒုတ်​၏​သား​အဟိမတ်​က “​ယခု အကျွန်ုပ်​ပြေး​၍ ရှင်ဘုရင်​အား ထာဝရဘုရား​သည် သူ့​ကို ရန်သူ​တို့​လက်​မှ ကယ်တင်​တော်မူ​ပြီ​ဟူသော​သတင်း​ကို လျှောက်တင်​ပါရစေ​”​ဟု ဆို​လျှင်
20ယွာဘ​က သူ့​အား “​ယနေ့ သင်​သွား​၍​သတင်း​မ​လျှောက်တင်​ရ​။ နောက်တစ်နေ့​မှ လျှောက်တင်​ရ​မည်​။ ဤ​နေ့​သည် ရှင်ဘုရင့်​သား​တော် သေဆုံး​သော​နေ့ ဖြစ်​သောကြောင့် သင်​သွား​၍​သတင်း​မ​လျှောက်တင်​ရ​”​ဟု ဆို​၏​။ 21သို့သော် ယွာဘ​သည် ကုရှိ​အမျိုးသား​တစ်​ဦး​အား “​သင်​မြင်​ခဲ့​သမျှ​ကို ရှင်ဘုရင်​ထံ သွား​လျှောက်တင်​လော့​”​ဟု ဆို​လျှင် ထို​ကုရှိ​အမျိုးသား​သည် ယွာဘ​ကို ဦးညွှတ်​၍ ပြေးထွက်​သွား​လေ​၏​။
22ဇာဒုတ်​၏​သား အဟိမတ်​က ထပ်၍​ယွာဘ​အား “​မည်သို့ပင်​ဖြစ်​စေ​၊ ယခု ထို​ကုရှိ​အမျိုးသား​နောက်သို့ အကျွန်ုပ် ပြေးလိုက်​ပါရစေ​”​ဟု ဆို​လျှင် ယွာဘ​က သူ့​အား “​ငါ့​သား​၊ အဘယ်ကြောင့် သင်​ပြေးလိုက်​လို​သနည်း​။ ဤ​သတင်း​သည် ဆု​ရရှိ​စေ​မည့်​သတင်း​မ​ဟုတ်​”​ဟု သူ့​အား ဆို​၏​။
23သို့သော် သူ​က “​မည်သို့ပင် ဖြစ်​ပါစေ​။ အကျွန်ုပ် ပြေးလိုက်​ပါရစေ​”​ဟု​သာ ဆို​သဖြင့် ယွာဘ​က “​ပြေးလိုက်​လော့​”​ဟု ဆို​သည်​နှင့် အဟိမတ်​သည် လွင်ပြင်​လမ်း​မှ ပြေးသွား​ရာ ကုရှိ​အမျိုးသား​ကို ကျော်သွား​၏​။
24ဒါဝိဒ်​မင်းကြီး​သည် မြို့​တံခါး​နှစ်​ခု​ကြား​တွင် ထိုင်​နေစဉ် ကင်းစောင့်​တစ်​ယောက်​သည် မြို့ရိုး​မှတစ်ဆင့် မြို့​တံခါး​အမိုး​ပေါ်သို့ တက်​၍​မျှော်ကြည့်​ရာ လူ​တစ်ယောက်တည်း​ပြေးလာ​နေ​သည်​ကို တွေ့​ရ​၏​။ 25ထို့ကြောင့် ကင်းစောင့်​သည် ရှင်ဘုရင်​အား အော်ဟစ်​လျှောက်တင်​လေ​၏​။ ရှင်ဘုရင်​က​လည်း “​တစ်ယောက်တည်း​ဆို​လျှင် သတင်း​ကြားပြော​ဖို့ ဖြစ်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။ ပြေးလာ​သော​သူ​သည် တဖြည်းဖြည်း​နီးလာ​၏​။ 26ကင်းစောင့်​သည် နောက်ထပ်​လူ​တစ်​ယောက် ပြေးလာ​နေ​သည်​ကို မြင်​ပြန်​သဖြင့် တံခါးစောင့်​အား “ကြည့်​ပါ​။ လူ​တစ်​ယောက် ထပ်ပြေး​လာ​နေ​ပါ​သည်”​ဟု အော်ပြော​လျှင် ရှင်ဘုရင်​က “​သူ​၌​လည်း သတင်း​ပါလာ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။
27ကင်းစောင့်​က “​ကြည့်​ရ​သည်​မှာ ပထမ​လူ​ပြေးပုံ​က ဇာဒုတ်​၏​သား အဟိမတ်​ပြေးပုံ​နှင့် တူ​ပါ​၏​”​ဟု ဆို​လျှင် ရှင်ဘုရင်​က “​သူ​သည် လူ​ကောင်း​ဖြစ်​၏​။ သူ​၌ သတင်းကောင်း​ပါလာ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။
28အဟိမတ်​က​လည်း ရှင်ဘုရင်​အား “​ချမ်းမြေ့​ပါစေ​”​ဟု နှုတ်ခွန်းဆက်သ​ပြီးလျှင် ရှင်ဘုရင်​ရှေ့ မြေ​ပေါ်တွင်​ပျပ်ဝပ်​လျက် “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ကို ဆန့်ကျင်​တိုက်ခိုက်​သော​သူ​တို့​အား ရှုံးနိမ့်​စေ​တော်မူ​သော အရှင်မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​တော်မူ​ပါစေသော​”​ဟု လျှောက်​လေ​၏​။
29ရှင်ဘုရင်​က​လည်း “​သား​တော်​အဗရှလုံ ဘေးကင်း​ပါ​၏​လော​”​ဟု မေး​လျှင် အဟိမတ်​က “​အရှင်မင်းကြီး​၏​အမှုထမ်း​ကျွန်တော်မျိုး​ကို ယွာဘ​စေလွှတ်​စဉ်က အကြီးအကျယ်​ရုန်းရင်းဆန်ခတ်​ဖြစ်​နေ​သည်​ကို မြင်​သော်လည်း မည်သို့​ဖြစ်ပျက်​နေ​သည်​ကို အကျွန်ုပ် မ​သိ​ပါ​”​ဟု လျှောက်တင်​လေ​၏​။
30ထိုအခါ ရှင်ဘုရင်​က သူ့​အား “​ဘေး​မှာ ရပ်​နေ​လော့​”​ဟု ဆို​သဖြင့် သူ​သည် ဘေး​၌​ရပ်​နေ​၏​။
31ထို့နောက် ကုရှိ​အမျိုးသား​သည်​ရောက်လာ​ပြီး “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ သတင်းကောင်း​ကို လျှောက်တင်​ပါရစေ​။ ယနေ့ ထာဝရဘုရား​သည် အရှင်မင်းကြီး​အား ဆန့်ကျင်​တိုက်ခိုက်​နေ​သော​သူ​အပေါင်း​တို့​ကို ရှုံး​စေ​တော်မူ​ပြီ​”​ဟု လျှောက်တင်​လေ​၏​။
32ထိုအခါ ရှင်ဘုရင်​က ကုရှိ​အမျိုးသား​အား “​သား​တော်​အဗရှလုံ ဘေးကင်း​ပါ​၏​လော​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၏​ရန်သူ​များ​နှင့် အရှင်မင်းကြီး​ကို ဆန့်ကျင်​တိုက်ခိုက်​သော​သူ​အားလုံး​တို့​သည် ထို​သား​တော်​ကဲ့သို့​ဖြစ်​ကြ​ပါစေသော​”​ဟု ပြန်လည်​လျှောက်တင်​၏​။
33ထိုအခါ ရှင်ဘုရင်​သည် တုန်လှုပ်​လျက်​၊ မြို့​တံခါး​အထက်ခန်း​သို့ တက်သွား​ပြီးလျှင် လမ်းလျှောက်​ရင်း ငိုကြွေး​လျက် “​အို ငါ့​သား​၊ ငါ့​သား အဗရှလုံ​၊ ငါ့​သား အဗရှလုံ​၊ အဘယ်ကြောင့် သင့်​အစား ငါ​မ​သေ​ရ​သနည်း​။ အို ငါ့​သား​၊ ငါ့​သား အဗရှလုံ​”​ဟု မြည်တမ်း​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ဒုတိယစောင် 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ