YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 15:13-31

ဓမ္မရာဇဝင်ဒုတိယစောင် 15:13-31 MSBU

ထိုအခါ တမန်​တစ်​ဦး​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​လာ​ပြီး “​အစ္စရေး​အမျိုးသား​တို့​၏​စိတ်​သည် အဗရှလုံ​နောက်သို့ ပါသွား​ပါ​ပြီ​”​ဟု လျှောက်တင်​၏​။ ဒါဝိဒ်​မင်းကြီး​က​လည်း ဂျေရုဆလင်​မြို့​ရှိ မိမိ​ထံ​ခစား​သော​မင်းမှုထမ်း​အပေါင်း​တို့​အား “​ထ​ကြ​။ ယခု ငါ​တို့ ထွက်ပြေး​ကြ​ရ​မည်​။ မ​ဟုတ်​လျှင် အဗရှလုံ​လက်​မှ လွတ်​မည်​မ​ဟုတ်​။ ငါ​တို့ အလျင်အမြန်​ထွက်သွား​ရ​မည်​။ မ​ဟုတ်​လျှင် သူ​သည် ငါ​တို့​ကို​လိုက်​မီ​၍ အန္တရာယ်​ပြု​လိမ့်မည်​။ မြို့သား​တို့​ကို​လည်း ဓား​နှင့်​သတ်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။ ရှင်ဘုရင်​၏​အမှုထမ်း​တို့​က​လည်း ရှင်ဘုရင်​အား “​ကျွန်ုပ်​တို့​၏​သခင် အရှင်မင်းကြီး စိတ်ပိုင်းဖြတ်​တော်မူ​သည့်​အတိုင်း ကျွန်တော်မျိုး​တို့ ပြု​ပါ​မည်​”​ဟု ပြန်လျှောက်​ကြ​ပြီးလျှင် ရှင်ဘုရင်​သည် နန်းတော်​ကို စောင့်ရှောက်​ရန် မောင်းမ​ဆယ်​ယောက်​ကို ချန်ထား​ပြီး ရှင်ဘုရင်​နှင့်တကွ အခြွေအရံ​နန်းတွင်းသူ​နန်းတွင်းသား​အားလုံး နန်းတော်​မှ​ထွက်ခွာ​လာ​ကြ​၏​။ ဤသို့ဖြင့် ရှင်ဘုရင်​သည် နောက်လိုက်​အခြွေအရံ​အားလုံး​နှင့်တကွ ထွက်သွား​ရာ ရပ်ဝေး​သို့​ရောက်​လျှင် အိမ်​တစ်​အိမ်​၌ ရပ်နား​ကြ​၏​။ အထံ​တော်​ပါး​၌​ခစား​ရ​သော​မင်းမှုထမ်း​အားလုံး​တို့​သည် ဘုရင့်​ရှေ့​တော်​၌ ချီသွား​ကြ​၏​။ ခေရသိ​လူမျိုး​အားလုံး​၊ ပေလသိ​လူမျိုး​အားလုံး​နှင့် ဂါသ​မြို့​မှ​လိုက်လာ​သော ဂိတ္တိ​လူမျိုး​အားလုံး လူ​အယောက်​ခြောက်​ရာ​တို့​သည်​လည်း ဘုရင့်​ရှေ့​တော်​၌ ချီသွား​ကြ​၏​။ ရှင်ဘုရင်​က ဂိတ္တိ​လူမျိုး အိတ္တဲ​အား “​အဘယ်ကြောင့် ငါ​တို့​နှင့်အတူ လိုက်လာ​သနည်း​။ ပြန်သွား​ပြီး ဘုရင်​နှင့်အတူ နေ​လော့​။ သင်​သည် နေရင်းပြည်​မှ ဖမ်းခေါ်လာ​ခြင်း​ခံရ​သော​တစ်ပါးအမျိုးသား​ဖြစ်​၏​။ သင်​သည် မနေ့​တစ်နေ့​က​မှ ရောက်လာ​သော​သူ​ဖြစ်၍ ယခု ငါ​တို့​နှင့်အတူ လှည့်လည်​စေ​ရ​မည်လော​။ ငါ​သည် ဘယ်​နေရာ​သွား​ရ​မည်​ကို​မသိ​သေး​ပါ​။ သင့်​အမျိုးသားချင်း​တို့​ကို ခေါ်​ပြီး ပြန်သွား​လော့​။ ကရုဏာ​တော်​နှင့် သစ္စာ​တော်​သည် သင်​တို့​နှင့်အတူ ရှိ​ပါစေသော​”​ဟု မိန့်ဆို​၏​။ ထိုအခါ အိတ္တဲ​က ရှင်ဘုရင်​အား “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​လည်း အသက်ရှင်​တော်မူ​သည်​နှင့်အညီ သေ​သည်​ဖြစ်စေ​၊ ရှင်​သည်​ဖြစ်စေ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ရှိ​တော်မူ​ရာ​အရပ်​၌ ကျွန်တော်မျိုး ရှိ​ပါ​မည်​”​ဟု ပြန်လျှောက်​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​က အိတ္တဲ​အား “​သို့ဖြစ်လျှင်လည်း သွား​၍​ဖြတ်ကူး​လော့​”​ဟု မိန့်ဆို​လျှင် ဂိတ္တိ​လူမျိုး အိတ္တဲ​မှစ၍ သူ​နှင့်အတူ​ပါလာ​သော လူ​အကြီး​အငယ်​အားလုံး​လည်း ဖြတ်ကူး​လေ​၏​။ လူ​အပေါင်း​တို့ ဖြတ်ကူး​သွား​ကြ​သောအခါ ပြည်သူပြည်သား​အပေါင်း​တို့​သည် အော်ဟစ်​ငိုကြွေး​ကြ​၏​။ ရှင်ဘုရင်​သည် ကေဒြုန်​ချောင်း​ကို ဖြတ်ကူး​သဖြင့် လူ​အပေါင်း​တို့​သည်​လည်း ဖြတ်ကူး​၍ ကန္တာရ​လမ်း​အတိုင်း သွား​ကြ​၏​။ ဇာဒုတ်​နှင့် ဘုရားသခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်း​ရ​သော​လေဝိ​အမျိုးသား​အပေါင်း​တို့​သည်​လည်း သူ​နှင့်အတူ​လိုက်ပါ​လာ​ကြ​၏​။ သူ​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို ချထား​ကြ​၏​။ အဗျာသာ​သည်​လည်း လူ​အပေါင်း​တို့ မြို့​ထဲမှ​ထွက်ခွာ​သွား​ပြီး​ချိန်​ထိ ယဇ်ပူဇော်​လျက်​နေ​၏​။ ရှင်ဘုရင်​က ဇာဒုတ်​အား “​ဘုရားသခင်​၏​သေတ္တာ​တော်​ကို မြို့​ထဲသို့ ပြန်ပို့​လော့​။ ထာဝရဘုရား​သည် ငါ့​ကို​မျက်နှာသာပေး​၍ ငါ​ပြန်လာ​ရ​လျှင် သေတ္တာ​တော်​ကို​လည်းကောင်း​၊ ကိန်းဝပ်​တော်မူ​ရာ​အရပ်​ကို​လည်းကောင်း ဖူးမြင်​ခွင့်​ရ​ပါ​လိမ့်မည်​။ ထိုသို့​မ​ဟုတ်​ဘဲ ကိုယ်တော်​က ‘သင့်​ကို ငါ​အလို​မ​ရှိ’​ဟု မိန့်ဆို​လျှင်​လည်း ငါ​အသင့်ရှိ​ပါ​သည်​။ အလို​တော်​အတိုင်း​သာ ငါ့​ကို ပြု​တော်မူ​ပါစေသော​”​ဟု မိန့်ဆို​၏​။ ထို့ပြင် ရှင်ဘုရင်​က ယဇ်ပုရောဟိတ်​ဇာဒုတ်​အား “​သင်​သည် စိတ်အာရုံ​မြင်​ရ​သူ မ​ဟုတ်​လော​။ သင်​တို့​နှင့်အတူ​ရှိ​နေ​သော သင့်​သား အဟိမတ်​နှင့် အဗျာသာ​၏​သား ယောနသန်​တို့​နှစ်​ဦး​ကို​ခေါ်​ပြီး မြို့​ထဲသို့ အေးအေးချမ်းချမ်း​ပြန်သွား​လော့​။ သင်​တို့​ထံမှ သတင်း​မ​ရ​မ​ချင်း ငါ​သည် တောကန္တာရ​လွင်ပြင်​တွင် စောင့်​နေ​မည်​”​ဟု မိန့်ဆို​လျှင် ဇာဒုတ်​နှင့် အဗျာသာ​တို့​လည်း ဘုရားသခင်​၏​သေတ္တာ​တော်​ကို ဂျေရုဆလင်​မြို့​သို့ ပြန်ယူဆောင်​လာ​ပြီး ထို​မြို့​တွင် နေထိုင်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​သည် သံလွင်​တောင်​တက်လမ်း​အတိုင်း ငိုကြွေး​လျက်​၊ ဦးခေါင်း​ကို​လည်း​ခြုံ​လျက် ခြေနင်း​တော်​မ​ပါ​ဘဲ တက်သွား​၏​။ သူ​နှင့်​ပါလာ​သော​လူ​အပေါင်း​တို့​သည်​လည်း အသီးသီး​ဦးခေါင်း​ကို​ခြုံ​ထား​လျက်​၊ ငိုကြွေး​လျက် လိုက်တက်​သွား​ကြ​၏​။ တစ်စုံတစ်ယောက်​က ဒါဝိဒ်​မင်းကြီး​အား “​အဗရှလုံ​နှင့်အတူ ပူးပေါင်းကြံစည်​သူ​တို့​ထဲတွင် အဟိသောဖေလ​လည်း ပါ​သည်​”​ဟု ကြားပြော​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​က “​အို ထာဝရဘုရား​၊ အဟိသောဖေလ​၏​အကြံ​ကို မိုက်မဲ​သော​အကြံ​ဖြစ်​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။