YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 14

14
အဗရှလုံက ဒါဝိဒ်မင်းကြီးထံ အခစားဝင်ရခြင်း
1ဇေရုယာ​သား ယွာဘ​က ရှင်ဘုရင်​သည် အဗရှလုံ​အား စိတ်​ထဲမှ​လွမ်းဆွတ်​နေ​သည်​ကို သိ​၏​။ 2ထို့ကြောင့် ယွာဘ​သည် တေကော​မြို့​သို့ လူ​လွှတ်​၍ ထို​မြို့​မှ လိမ္မာပါးနပ်​သော​အမျိုးသမီး​တစ်ဦး​ကို ခေါ်လာ​စေ​ပြီးလျှင် “​ယခု သင်​သည် ဆီ​မ​လိမ်း​ဘဲ ငိုကြွေးမြည်တမ်း​ရာ​ဝတ်စုံ​ကို​ဝတ်​ပြီး လူသေ​အတွက် နေ့ရက်​များစွာ​ငိုကြွေးမြည်တမ်း​နေ​သော​မိန်းမ​ကဲ့သို့ ဟန်ဆောင်​ငိုကြွေး​လျက် 3ရှင်ဘုရင်​ထံ​သွား​၍ ဤ​စကား​များ​ကို လျှောက်တင်​ရ​မည်​”​ဟု ဆို​ပြီး သူ​ပြော​ရ​မည့်​စကား​များ​ကို ယွာဘ​သင်ပေး​၏​။
4တေကော​မြို့သူ ထို​အမျိုးသမီး​သည် ရှင်ဘုရင်​ထံ​သွား​၍ မြေ​ပေါ်​ပျပ်ဝပ်​ဦးညွှတ်​လျက် “​အရှင်မင်းကြီး​၊ ကယ်မ​တော်မူ​ပါ​”​ဟု လျှောက်​၏​။
5ထိုအခါ ရှင်ဘုရင်​က သူ့​အား “​သင်​၌ အဘယ်​အမှု​ရောက်​နေ​သနည်း​”​ဟု မေး​တော်မူ​လျှင် ထို​အမျိုးသမီး​က “​အကျွန်ုပ်​သည် ခင်ပွန်းသည်​ဆုံး​သွား​သော မုဆိုးမ​တစ်ဦး​ဖြစ်​ပါ​၏​။ 6အရှင့်​ကျွန်မ​၌ သား​နှစ်​ယောက်​ရှိ​ပါ​၏​။ ထို​သား​နှစ်​ယောက်​သည် လယ်တော​တွင်​ရန်ဖြစ်​ကြ​ပါ​၏​။ သူ​တို့​ကို ဖျန်ဖြေ​ပေး​မည့်​သူ​မ​ရှိ​သဖြင့် ရန်ဖြစ်​ရင်း တစ်​ယောက်​က အခြား​တစ်​ယောက်​ကို ရိုက်​သတ်​လိုက်​မိ​ပါ​၏​။ 7ယခုမှာ ဆွေမျိုးသားချင်း​အားလုံး​ထ​၍ အရှင့်​ကျွန်မ​အား ဆန့်ကျင်​လျက် ‘​ညီအစ်ကိုချင်း သတ်​သော​သူ​ကို ငါ​တို့​ထံ​အပ်​ပါ​။ သူ​သတ်​ခဲ့​သော သူ့​ညီအစ်ကို​၏​အသက်​အစား သူ့​ကို​ပြန်သတ်​မည်​။ အမွေခံ​ဖြစ်​နေ​လျှင်လည်း ဖျက်ဆီး​ပစ်​ရ​မည်’​ဟု ဆို​ကြ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​အတွက် ကျန်​နေ​သေး​သော​မီးခဲ​ကို​ငြှိမ်း​ပြီး အကျွန်ုပ်​ခင်ပွန်း​၏​အမည်​နှင့် မျိုးဆက်​ကို မြေကြီး​ပေါ်မှ​ပပျောက်​သွား​အောင် ပြု​ကြ​ပါ​တော့​မည်​”​ဟု လျှောက်ဆို​၏​။
8ထိုအခါ ရှင်ဘုရင်​က ထို​အမျိုးသမီး​အား “​သင့်​အိမ်​သို့​ပြန်​ပါ​။ သင့်​အမှု​အတွက် ငါ​စီရင်​မည်​”​ဟု မိန့်ဆို​၏​။
9တေကော​မြို့သူ ထို​အမျိုးသမီး​က​လည်း ရှင်ဘုရင်​အား “​အကျွန်ုပ်​သခင်​အရှင်မင်းကြီး​၊ အကျွန်ုပ်​နှင့် အကျွန်ုပ်​ဖခင်​၏​မိသားစု​၌​သာ အပြစ်​ရောက်​ပါစေသော​။ ရှင်ဘုရင်​နှင့် သူ​၏​ရာဇပလ္လင်​မူကား အပြစ်ကင်း​ပါစေသော​”​ဟု လျှောက်​၏​။
10ရှင်ဘုရင်​က​လည်း “​သင့်​အား ထပ်၍​ပြောဆို​နှောင့်ယှက်​သော​သူ​ရှိ​လျှင် ငါ့​ထံသို့​ခေါ်လာ​ပါ​။ သင့်​ကို နောက်ထပ် မ​ထိပါး​စေ​ရ​”​ဟု မိန့်ဆို​၏​။
11ထို​အမျိုးသမီး​က “​အရှင်မင်းကြီး​၊ သွေးကြွေးတောင်း​သော​သူ​တို့​သည် လူ့​အသက်​ကို ထပ်၍​မ​သတ်​ကြ​စေရန်​၊ အကျွန်ုပ်​၏​သား​ကို​မ​ဖျက်ဆီး​ကြ​စေရန် အရှင်မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​ကို အောက်မေ့​တော်မူ​ပါ​”​ဟု လျှောက်ပြန်​လျှင် ရှင်ဘုရင်​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​သား​၏​ဆံချည်​တစ်​မျှင်​မျှ မြေ​ပေါ်​မ​ကျ​စေ​ရ​”​ဟု ပြန်​မိန့်ဆို​၏​။
12ထို​အမျိုးသမီး​က​လည်း “​အရှင့်​ကျွန်မ​သည် အကျွန်ုပ်​သခင်​အရှင်မင်းကြီး​အား စကား​တစ်​ခွန်း​ကို​လျှောက်တင်​ပါရစေ​”​ဟု လျှောက်ပြန်​လျှင် ရှင်ဘုရင်​က “​လျှောက်​စေ​”​ဟု ခွင့်ပြု​၏​။
13ထို​အမျိုးသမီး​က “​အရှင်မင်းကြီး​၊ ဘုရားသခင်​၏​လူမျိုး​တော်​ကို​ဆန့်ကျင်​၍ အဘယ်ကြောင့် ဤသို့​စီရင်​ရ​ပါ​သနည်း​။ နှင်ထုတ်​ခံရ​သော​သူ​ကို အရှင်မင်းကြီး​ပြန်​မ​လာ​စေ​ဘဲ အရှင်မင်းကြီး ဤသို့​မိန့်​တော်မူ​ခြင်း​ဖြင့် ကိုယ်တော်တိုင် အပြစ်​ရှိ​ကြောင်း ပြ​လေ​ပြီ​။ 14စင်စစ် အကျွန်ုပ်​တို့​သည် သေ​တတ်​သော​အမျိုး​ဖြစ်​ကြ​ပါ​၏​။ မြေ​ပေါ်​သွန်​ပြီးမှ ပြန်ယူ​၍​မ​ရ​သော​ရေ​နှင့်​တူ​ကြ​ပါ​၏​။ ဘုရားသခင်​မူကား အသက်​တစ်​ချောင်း​ကို​ပင် မ​သေ​စေ​လို​ပါ​။ ကိုယ်တော့်​ထံမှ နှင်ထုတ်​ခံရ​သော​သူ​ကို အပယ်ခံ​မ​ဖြစ်​စေ​လို​သဖြင့် နည်းလမ်း​ရှာဖွေ​တော်မူ​တတ်​ပါ​၏​။
15လူ​တို့​သည် အကျွန်ုပ်​ကို​ခြိမ်းခြောက်​ကြ​သောကြောင့် ယခု​အကျွန်ုပ်​သည် အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​ထံ​လာ​၍ ဤ​အမှု​ကို လျှောက်တင်​ရ​ခြင်း​ဖြစ်​ပါ​၏​။ အရှင့်​ကျွန်မ​က ‘​ရှင်ဘုရင်​ကို ငါ​လျှောက်တင်​လျှင် ရှင်ဘုရင်​သည် သူ့​ကျွန်မ​၏​တောင်းဆိုချက်​ကို ပြု​ကောင်း​ပြု​ပေး​ပါ​လိမ့်မည်​။ 16ရှင်ဘုရင်​သည် ငါ့​စကား​ကို​နားထောင်​ပြီး သူ​၏​ကျွန်မ​ဖြစ်​သော​ငါ​နှင့် ငါ့​သား​ကို ဘုရားသခင်​၏​အမွေ​တော်​အဖြစ်​မှ ဖျက်ဆီး​မည့်​သူ​၏​လက်​မှ ကယ်နုတ်​ကောင်း​ကယ်နုတ်​လိမ့်မည်​’​ဟု တွေးမိ​၍ လျှောက်တင်​ရ​ခြင်း​ဖြစ်​ပါ​၏​။ 17အရှင့်​ကျွန်မ​က ‘​ငါ့​သခင် အရှင်မင်းကြီး​သည် အကောင်း​အဆိုး​ကို​ခွဲခြားသိမြင်​သော ဘုရားသခင်​၏​ကောင်းကင်တမန်​နှင့်​တူ​သောကြောင့် ငါ့​သခင် အရှင်မင်းကြီး​မိန့်​သော​စကား​သည် စိတ်သက်သာ​ရာ​ရ​စေ​လိမ့်မည်​’​ဟု တွေးမိ​ပါ​၏​။ အရှင်​၏​ဘုရားသခင် ထာဝရဘုရား​သည် အရှင်​နှင့်အတူ​ရှိ​တော်မူ​ပါစေသော​”​ဟု လျှောက်တင်​လေ​၏​။
18ထိုအခါ ရှင်ဘုရင်​က ထို​အမျိုးသမီး​အား “​ယခု ငါ​မေး​မည့်​မေးခွန်း​များ​ကို မ​ထိမ်ဝှက်​ဘဲ​ဖြေ​ပါ​”​ဟု မိန့်ဆို​လျှင် ထို​အမျိုးသမီး​က “​အရှင်​မင်းကြီး အမိန့်ရှိ​တော်မူ​ပါ​”​ဟု ပြန်လျှောက်​၏​။
19ရှင်ဘုရင်​က “​ဤ​အရာ​အလုံးစုံ​ကား ယွာဘ​၏​လက်ချက်​မ​ဟုတ်​လော​”​ဟု မေး​တော်မူ​လျှင် ထို​အမျိုးသမီး​က “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး အသက်ရှင်​တော်မူ​သည်​နှင့်အညီ အရှင်​မင်းကြီး​မိန့်​တော်မူ​သော​စကား​သည် လက်ဝဲလက်ယာ​တိမ်းစောင်း​ခြင်း​မ​ရှိ မှန်ကန်​ပါ​၏​။ စင်စစ် အရှင့်​အမှုထမ်း​ယွာဘ​က အရှင့်​ကျွန်မ​အား ဤ​စကား​အလုံးစုံ​ကို​ပြောကြား​ရန် သင်ပေး​ပါ​၏​။ 20အရှင့်​အမှုထမ်း​ယွာဘ​က ဤသို့​ပြု​ရ​ခြင်း​မှာ အခြေအနေ​ကို ပြောင်းလဲ​စေ​လို​၍​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​သခင်​သည် ဘုရားသခင်​၏​ကောင်းကင်တမန်​ကဲ့သို့ ဉာဏ်ပညာ​နှင့်​ပြည့်စုံ​သူ​ဖြစ်​ပြီး မြေကြီး​ပေါ်ရှိ​အမှု​ခပ်သိမ်း​ကို သိ​နိုင်​သူ​ဖြစ်​ပါ​၏​”​ဟု ပြန်လည်​လျှောက်တင်​၏​။
21ထိုအခါ ရှင်ဘုရင်​က ယွာဘ​အား “​ဤ​အမှု​ကို​ငါ​ပြု​မည်​။ ယခု သွား​၍ သား​တော်​အဗရှလုံ​ကို ခေါ်လာ​ပါ​လော့​”​ဟု မိန့်​တော်မူ​လျှင်
22ယွာဘ​က မြေ​ပေါ်မှာ​ပျပ်ဝပ်​လျက် ဦးညွှတ်​ကာ ရှင်ဘုရင်​အား ကောင်းချီးသြဘာ​ပေး​လျက် “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​သည် အရှင့်​အစေအပါး​အား မျက်နှာသာပေး​ကြောင်း​ကို ယနေ့ အကျွန်ုပ်​သိ​ရ​ပါ​ပြီ​။ အရှင်မင်းကြီး​သည် အရှင့်​အစေအပါး​တောင်းဆို​သည့်​အတိုင်း ပြု​စေ​ပါ​ပြီ​”​ဟု ပြန်လျှောက်​၏​။
23ထို့နောက် ယွာဘ​သည် ဂေရှုရ​မြို့​သို့​ထ​သွား​ပြီး အဗရှလုံ​ကို ဂျေရုဆလင်​မြို့​သို့ ပြန်ခေါ်​လာ​၏​။ 24သို့သော် ရှင်ဘုရင်​က “​သူ​သည် သူ့​နန်းဆောင်​သို့​သာ​သွား​ရ​မည်​။ ငါ့​မျက်နှာ​ကို​လာ​မ​ဖူးမြော်​စေ​နှင့်​”​ဟု မိန့်ဆို​သဖြင့် အဗရှလုံ​သည် ရှင်ဘုရင်​မျက်နှာ​တော်​ကို​မ​ဖူးမြော်​ရ​ဘဲ မိမိ​နန်းဆောင်​သို့​ပြန်သွား​၏​။
25အစ္စရေး​လူမျိုး​တစ်မျိုးလုံး​တွင် အဗရှလုံ​ကဲ့သို့ အများ​ချီးမွမ်း​ရ​လောက်အောင် ရုပ်ရည်ခန့်ညား​သူ​မ​ရှိ​။ ခြေဖျား​မှ ဦးခေါင်း​အထိ ခြောက်ပြစ်ကင်းသူ​ဖြစ်​၏​။ 26သူ​သည် ဆံပင်​သန်လွန်း​သဖြင့် တစ်နှစ်တစ်ခါ​ဆံပင်ညှပ်​ရ​၏​။ သူ​၏​ဆံပင်​သည် တစ်ခါ​ညှပ်​လျှင် နန်းတွင်းသုံး​အလေးချိန်​အရ ရှယ်ကယ်​နှစ်ရာ#14:26 “1.5 ပိဿာ သို့မဟုတ် 2.​3 ကီလိုဂရမ်”။​ခန့်​လေး​၏​။
27အဗရှလုံ​၌ သား​သုံး​ဦး​၊ သမီး​တစ်​ဦး​ရှိ​၏​။ သမီး​၏​အမည်​မှာ တာမာ​ဖြစ်​ပြီး အလွန်​အဆင်းလှ​သော​မိန်းကလေး​ဖြစ်​၏​။ 28အဗရှလုံ​သည် ဂျေရုဆလင်​မြို့​တွင်​နေထိုင်​သော​နှစ်နှစ်တာ​ကာလ​အတွင်း ရှင်ဘုရင်​၏​မျက်နှာ​တော်​ကို​ဖူးမြင်​ခွင့်​မ​ရ​။ 29တစ်နေ့တွင် အဗရှလုံ​သည် ယွာဘ​ကို ရှင်ဘုရင်​ထံ​စေလွှတ်​လို​၍ အခေါ်လွှတ်​သော်လည်း ယွာဘ​မ​လာ​။ ဒုတိယအကြိမ်​အခေါ်လွှတ်​ပြန်​သော်လည်း မ​လာ​။ 30ထို့ကြောင့် အဗရှလုံ​က မိမိ​၏​အစေအပါး​တို့​အား “​ကြည့်​ပါ​။ ယွာဘ​၏​လယ်ကွက်​သည် ငါ့​လယ်ကွက်​နှင့်​ကပ်​လျက်​ရှိ​၏​။ မုယောစပါး​များ​လည်း စိုက်ထား​၏​။ သွား​၍​ထို​လယ်ကွက်​ကို မီး​ရှို့​ပစ်​ကြ​ပါ​”​ဟု ဆို​သဖြင့် အဗရှလုံ​၏​အစေအပါး​တို့​သည် သွား​၍​ထို​လယ်ကွက်​ကို မီး​ရှို့​ပစ်​ကြ​၏​။
31ထိုအခါ ယွာဘ​သည်​ထ​၍ အဗရှလုံ​အိမ်​သို့ လာ​ပြီး “​အရှင့်​အစေအပါး​တို့​သည် အဘယ်ကြောင့် အကျွန်ုပ်​လယ်ကွက်​ကို မီး​ရှို့​ကြ​သနည်း​”​ဟု မေး​လျှင်
32အဗရှလုံ​က ယွာဘ​အား “​ငါ့​ထံသို့ လာ​ပါ​။ ငါ​သည် သင့်​ကို ရှင်ဘုရင်​ထံ​စေလွှတ်​ပြီး ‘​အကျွန်ုပ်​သည် ဂေရှုရ​မြို့​မှ ဤ​နေရာ​သို့ အဘယ်ကြောင့်​ပြန်လာ​ရ​ပါ​သနည်း​။ ထို​မြို့​တွင်​နေ​ရ​ခြင်း​က အကျွန်ုပ်​အတွက် သာ၍​ကောင်း​သေး​၏​။ အပြစ်​ရှိ​လျှင်​လည်း ကွပ်မျက်​တော်မူ​ပါ​။ ယခု ရှင်ဘုရင်​၏​မျက်နှာ​တော်​ကို ဖူးမြော်​ပါရစေ​’​ဟု ရှင်ဘုရင်​ထံ​လျှောက်တင်​ပေး​ရန် လူ​လွှတ်​ခေါ်​သည်​ကို သင်​က အဘယ်ကြောင့် မ​လာ​သနည်း​”​ဟု ဆို​၏​။
33ထို့ကြောင့် ယွာဘ​သည် ရှင်ဘုရင်​ထံသို့​သွား​၍ လျှောက်တင်​ရာ ရှင်ဘုရင်​က အဗရှလုံ​ကို​ဆင့်ခေါ်​၏​။ သူ​သည် ရှင်ဘုရင်​ထံ​ရောက်လာ​သောအခါ ရှင်ဘုရင်​၏​ရှေ့​တွင် ပျပ်ဝပ်ဦးညွှတ်​၏​။ ရှင်ဘုရင်​လည်း အဗရှလုံ​ကို နမ်း​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ဒုတိယစောင် 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ