YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပေတရုဩဝါဒစာဒုတိယစောင် 1:3-15

ရှင်ပေတရုဩဝါဒစာဒုတိယစောင် 1:3-15 MSBU

ငါ​တို့​ကို မိမိ​၏​ဘုန်း​အသရေ​နှင့်​ကောင်းမြတ်​တော်မူ​ခြင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​ကို ငါ​တို့​သိ​ခြင်း​အားဖြင့် ကိုယ်တော်​၌​ရှိ​သော​ဘုရား​တန်ခိုး​တော်​သည် အသက်ရှင်​ခြင်း​နှင့်တကွ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​တို့​နှင့်ဆိုင်သော အရာ​ခပ်သိမ်း​တို့​ကို ငါ​တို့​အား​ပေး​သနား​တော်မူ​ပြီ။ ကိုယ်တော်​သည် ထို​ဘုန်း​အသရေ​နှင့်​ကောင်းမြတ်​တော်မူ​ခြင်း​တို့​အားဖြင့် ကြီးမြတ်​၍ အဖိုးတန်​သော​ကတိ​တော်​များ​ကို ငါ​တို့​အား ပေး​သနား​တော်မူ​၏။ ဤသည်ကား ထို​ကတိ​တော်​အားဖြင့် သင်​တို့​သည် ဤ​ကမ္ဘာ​လောက​၌​ရှိ​သည့်​တပ်မက်​ခြင်း​ကြောင့် ဖြစ်ပေါ်​လာ​သော​ပျက်စီး​ခြင်း​မှ လွတ်မြောက်​၍ ဘုရား​ဇာတိ​အဖြစ်​တော်​ကို​မျှဝေ​ခံစား​သူ​များ​ဖြစ်လာ​ကြ​မည့်​အကြောင်း​တည်း။ ဤ​အကြောင်း​ကြောင့် သင်​တို့​၏​ယုံကြည်​ခြင်း​၌ ကောင်းမြတ်​ခြင်း​ကို​လည်းကောင်း၊ ကောင်းမြတ်​ခြင်း​၌ အသိပညာ​ကို​လည်းကောင်း၊ အသိပညာ​၌ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​ကို​လည်းကောင်း၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​၌ သည်းခံ​ခြင်း​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​၌ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​ကို​လည်းကောင်း၊ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၌ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​လည်းကောင်း၊ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​၌ ချစ်​ခြင်း​မေတ္တာ​ကို​လည်းကောင်း လုံ့လ​ဝီရိယ​ရှိသမျှ​ဖြင့် ထပ်ဆင့်​ဖြည့်စွက်​ကြ​လော့။ အကြောင်းမူကား ဤ​ပါရမီ​များ​သည် သင်​တို့​၌​ရှိ​၍ တိုးပွား​နေ​သည်​ဆိုလျှင် သင်​တို့​သည် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို​သိ​ခြင်း​အရာ​၌ အကျိုး​မ​ရှိ​သော​သူ၊ အသီး​မ​သီး​သော​သူ ဖြစ်​ကြ​လိမ့်မည်​မ​ဟုတ်။ ထို​ပါရမီ​များ​မ​ရှိ​သော​သူ​မူကား မျက်စိ​မမြင်​သော​သူ၊ အဝေးမှုန်​သော​သူ​ဖြစ်​ပြီး ယခင်​ပြု​ခဲ့​သော​မိမိ​အပြစ်​များ စင်ကြယ်​စေ​ခြင်း​ခံရ​သည်​ကို မေ့လျော့​နေ​၏။ ထို့ကြောင့် ညီအစ်ကို​တို့၊ သင်​တို့​ခံရ​သော ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ရွေးကောက်​တော်မူ​ခြင်း​ကို တည်မြဲ​စေရန် သာ၍​ကြိုးစား​ကြ​လော့။ အကြောင်းမူကား ထိုသို့​ပြု​နေ​သရွေ့ သင်​တို့​သည် မည်သည့်​အခါ​မျှ မှားယွင်း​ကြ​မည်​မ​ဟုတ်။ ထို့ပြင် ငါ​တို့​၏​သခင်​နှင့် ကယ်တင်ရှင်​ဖြစ်​တော်မူ​သော​ယေရှု​ခရစ်တော်​၏​ထာဝရ​နိုင်ငံ​တော်​ထဲသို့ ဝင်စား​ရ​သော​အခွင့်​ကို သင်​တို့​သည် ကြွယ်ဝ​စွာ​ရရှိ​ကြ​လိမ့်မည်။ ထို့ကြောင့် သင်​တို့​သည် ဤ​အကြောင်းအရာ​များ​ကို​သိရှိ​ကြ​၍ သင်​တို့​တွင်​ရှိ​သော​သမ္မာတရား​၌ ခိုင်ခံ့​မြဲမြံ​ကြ​ပြီ​ဖြစ်​သော်လည်း ၎င်း​တို့​နှင့်​ပတ်သက်၍ သင်​တို့​ကို အစဉ်​သတိပေးနှိုးဆော်​ရန် ငါ​ကြံရွယ်​ထား​၏။ ဤ​ခန္ဓာ​တဲ​၌ ငါ​ရှိ​နေ​သမျှ​ကာလ​ပတ်လုံး ထိုသို့​သတိပေး​နှိုးဆော်​ခြင်း​အားဖြင့် သင်​တို့​ကို​နိုးကြား​တက်ကြွ​စေ​သင့်​သည်​ဟု ငါ​မှတ်ယူ​ထား​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​သည်​လည်း ငါ့​အား​ဖော်ပြ​တော်မူ​သည့်​အတိုင်း ငါ​၏​ခန္ဓာ​တဲ​ကို မကြာမီ​ချွတ်ပယ်​ရ​မည်​ဖြစ်​ကြောင်း ငါ​သိ​၏။ ဤ​လောက​မှ ငါ​ထွက်ခွာ​သွား​ပြီး​နောက်တွင်​လည်း ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အစဉ်အမြဲ​သတိရ​စေရန် ငါ​ကြိုးစား​မည်။

​ရှင်ပေတရုဩဝါဒစာဒုတိယစောင် 1:3-15 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။