YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာဒုတိယစောင် 9:6-15

ကောရိန္သုဩဝါဒစာဒုတိယစောင် 9:6-15 MSBU

ငါ​သည် ဤသို့​ဆိုလို​၏။ အနည်းငယ်​သာ​မျိုးကြဲ​သော​သူ​သည် အနည်းငယ်​သာ​ရိတ်သိမ်း​ရ​မည်။ များစွာ​မျိုးကြဲ​သော​သူ​သည် များစွာ​ရိတ်သိမ်း​ရ​မည်။ လူ​တစ်ဦးစီ​သည် နှမြော​သော​စိတ်​ဖြင့်​မ​ဟုတ်။ မလွှဲမရှောင်​သာ​သော​အားဖြင့်​လည်း​မ​ဟုတ်​ဘဲ မိမိ​၏​စိတ်​ထဲ၌ ဆုံးဖြတ်​ထား​သည့်​အတိုင်း ပေးလှူ​သင့်​၏။ အကြောင်းမူကား ဘုရားသခင်​သည် ကြည်ဖြူ​သော​စိတ်​ဖြင့်​ပေးလှူ​သော​သူ​ကို နှစ်သက်​တော်မူ​၏။ သင်​တို့​သည် အရာရာ​၌ အစဉ်အမြဲ ကျေနပ်​တင်းတိမ်​မှု​အပြည့်အဝ​ရှိ​၍ ကောင်း​သော​အမှု​ရှိသမျှ​တို့​နှင့် ကြွယ်ဝ​ပြည့်စုံ​မည့်​အကြောင်း ဘုရားသခင်​သည် အလုံးစုံ​သော​ကျေးဇူး​တော်​ကို သင်​တို့​အပေါ် ကြွယ်ဝ​စွာ​ချ​ပေး​ရန် တတ်နိုင်​တော်မူ​၏။ ဤသည်ကား “သူ​သည်​စွန့်ကြဲ​၍ ဆင်းရဲ​သော​သူ​တို့​အား ပေးကမ်း​၏။ သူ​၏​ဖြောင့်မတ်​ခြင်း​သည် ထာဝစဉ်​တည်​၏”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။ မျိုးကြဲ​သော​သူ​အား မျိုးစေ့​ကို​ပေး​၍ အစာ​အတွက် မုန့်​ကို​ပေး​တော်မူ​သော​အရှင်​သည် သင်​တို့​၏​မျိုးစေ့​ကို​လည်း ပြင်ဆင်​ပေး​၍ ပွားများ​စေ​ကာ သင်​တို့​၏​ဖြောင့်မတ်​ခြင်း​ဆိုင်ရာ အသီးအပွင့်​တို့​ကို တိုးပွား​စေ​တော်မူ​လိမ့်မည်။ ထိုအခါ သင်​တို့​သည် ရက်ရော​စွာ​ပေးကမ်း​ခြင်း​အလုံးစုံ​တို့​အတွက် အရာရာ​၌ ကြွယ်ဝ​ပြည့်စုံ​သဖြင့် ထို​အမှုအရာ​သည် ငါ​တို့​အားဖြင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​ဖြစ်စေ​၏။ အဘယ်ကြောင့်​ဆိုသော် ဤ​ကူညီ​ထောက်မ​ခြင်း​အမှု​သည် သန့်ရှင်း​သူ​တို့​လိုအပ်သည့်​အရာ​များ​ကို ဖြည့်ဆည်း​ပေး​သည်​သာမက ဘုရားသခင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​လည်း များစွာ​တိုးပွား​စေ​၏။ သူ​တို့​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို ဝန်ခံ​ခြင်း​အားဖြင့်​ဖြစ်လာ​သည့် သင်​တို့​၏​နာခံ​မှု​ကို​လည်းကောင်း၊ သူ​တို့​မှစ၍ လူ​အပေါင်း​တို့​အား သင်​တို့​ရက်ရော​စွာ​ပေးကမ်း​ဝေမျှ​သော​အမှု​ကို​လည်းကောင်း ထောက်၍ ဤ​ကူညီ​ထောက်မ​ခြင်း​အမှု​၌ ထင်ရှား​သော​သက်သေ​အတွက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်။ ထို့ပြင် သင်​တို့​အပေါ်​သက်ရောက်​သည့် ဘုရားသခင်​၏​ထူးကဲ​သော​ကျေးဇူး​တော်​ကြောင့် သူ​တို့​သည် သင်​တို့​ကို​လွမ်းဆွတ်​လျက် သင်​တို့​အတွက် ဆုတောင်း​ပေး​ကြ​လိမ့်မည်။ ပြော​၍​မ​ကုန်​နိုင်​သော ကိုယ်တော်​၏​ကောင်းချီး​လက်ဆောင်​အတွက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ပါ​၏။