YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာဒုတိယစောင် 5:11-21

ကောရိန္သုဩဝါဒစာဒုတိယစောင် 5:11-21 MSBU

ထို့ကြောင့် ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​နှင့်ပတ်သက်​သည့်​အကြောင်း​ကို ငါ​တို့​သိ​သဖြင့် လူ​တို့​ကို​စည်းရုံး​ကြ​၏။ ငါ​တို့​အကြောင်း​သည် ဘုရားသခင်​ရှေ့​တော်​၌ ထင်ရှား​ပြီ​ဖြစ်၍ သင်​တို့​၏​အသိစိတ်​၌​လည်း ထင်ရှား​ပြီ​ဟု ငါ​မျှော်လင့်​၏။ ငါ​တို့​သည် မိမိတို့ကိုယ်ကို တစ်ဖန် သင်​တို့​ရှေ့၌ ထောက်ခံ​ချီးကျူး​နေ​ကြ​သည်​မ​ဟုတ်။ သို့သော် စိတ်နှလုံး​ကို​မ​ကြည့်​ဘဲ အပြင်​သဏ္ဌာန်​ကို​သာ​ကြည့်​၍ ဝါကြွား​တတ်​သော​သူ​တို့​၏​စကား​ကို သင်​တို့​ပြန်လည်​ချေပ​နိုင်​ရန် ငါ​တို့​နှင့်​ပတ်သက်၍ ဝါကြွား​ရ​သော​အခွင့်​ကို သင်​တို့​အား​ပေး​လိုက်​ခြင်း​သာ​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် စိတ်​ဖောက်ပြန်​နေ​သည်​ဆို​လျှင် ဘုရားသခင်​အတွက်​ဖြစ်၍ ပကတိ​စိတ်​ရှိ​လျှင် သင်​တို့​အတွက်​ဖြစ်​၏။ အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​လွှမ်းမိုး​လျက်​ရှိ​၏။ ငါ​တို့​သည် ဤသို့​ယူဆ​ကြ​၏။ တစ်​ယောက်​သော​သူ​သည် လူ​အပေါင်း​တို့​အတွက် အသေခံ​သည်​ဖြစ်၍ လူ​အပေါင်း​တို့​သည် သေဆုံး​ခဲ့​ကြ​ပြီ။ ထိုသို့ လူ​အပေါင်း​တို့​အတွက် ကိုယ်တော်​အသေခံ​တော်မူ​ခြင်း​မှာ အသက်ရှင်​သော​သူ​တို့​သည် မိမိ​တို့​အတွက် အသက်​မ​ရှင်​တော့​ဘဲ သူ​တို့​အတွက်​အသေခံ​တော်မူ​ပြီး ထမြောက်​တော်မူ​သော​အရှင်​အတွက် အသက်ရှင်​ကြ​ရန်​ဖြစ်​၏။ ထို့ကြောင့် ယခု​မှစ၍ ငါ​တို့​သည် မည်သူ့​ကို​မျှ သွေးသား​ဇာတိ​သဘော​ဖြင့် မ​သိမှတ်​တော့​ပေ။ ငါ​တို့​သည် ခရစ်တော်​ကို သွေးသား​ဇာတိ​သဘော​ဖြင့် သိမှတ်​ခဲ့​လျှင်​လည်း ယခု​တွင် ထိုသို့​မ​သိမှတ်​တော့​ပေ။ သို့ဖြစ်၍ မည်သူမဆို ခရစ်တော်​၌​ရှိ​လျှင် အသစ်​ဖန်ဆင်း​ခံရ​သူ​ဖြစ်​၏။ ဟောင်း​သော​အရာ​တို့​သည် ကွယ်ပျောက်​သွား​၍ ခပ်သိမ်း​သော​အရာ​တို့​သည် အသစ်​ဖြစ်​ကြ​လေ​ပြီ။ ဤ​အရာ​အားလုံး​တို့​သည် ဘုရားသခင်​ထံမှ​ဖြစ်​ကြ​၏။ ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ငါ​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​၍ ငါ​တို့​အား ပြန်လည်​သင့်မြတ်​ခြင်း​နှင့်ဆိုင်သော​အမှု​တော်​ကို ပေး​အပ်​တော်မူ​၏။ ဆိုလို​သည်​မှာ ဘုရားသခင်​သည် လောကီ​သား​တို့​ကျူးလွန်​သော​အပြစ်​များ​ကို သူ​တို့​အပေါ်​သင့်ရောက်​စေ​တော်​မ​မူ​ဘဲ သူ​တို့​ကို ခရစ်တော်​၌ မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​တော်မူ​ပြီး ပြန်လည်​သင့်မြတ်​ခြင်း​တရား​ကို ငါ​တို့​၌​အပ်​ထား​တော်မူ​၏။ ထိုသို့ ဘုရားသခင်​သည် ငါ​တို့​မှ​တစ်ဆင့် တိုက်တွန်း​တော်မူ​သည်​ဖြစ်၍ ငါ​တို့​သည် ခရစ်တော်​၏​သံတမန်​များ​ဖြစ်​ကြ​၏။ ထို့ကြောင့် “ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​ကြ​လော့”​ဟု ခရစ်တော်​၏​ကိုယ်စား ငါ​တို့​တောင်းပန်​ကြ​၏။ ဘုရားသခင်​သည် အပြစ်​ကင်းစင်​သော​အရှင်​ကို ငါ​တို့​အတွက် အပြစ်​ဖြစ်​သွား​စေ​တော်မူ​၏။ ဤသည်ကား ငါ​တို့​သည် ထို​အရှင်​အားဖြင့် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ဖြစ်လာ​မည့်​အကြောင်း​တည်း။