YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာဒုတိယစောင် 5

5
အကျွန်ုပ်တို့သေလွန်ပြီးသည့်အခါ
1ယာယီ​တဲ​ဖြစ်​သော ငါ​တို့​၏​မြေကြီး​အိမ်​သည် ပျက်စီး​သွား​လျှင် ကောင်းကင်​ဘုံ​၌ လူ့​လက်​ဖြင့်​မ​တည်ဆောက်၊ ဘုရားသခင်​တည်ဆောက်​တော်မူ​သော ထာဝရ​အိမ်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ 2ငါ​တို့​သည် ကောင်းကင်​မှ ငါ​တို့​၏​စံအိမ်​ကို​လွှမ်းခြုံ​ရ​ရန် တောင့်တ​၍ ဤ​တဲ​တွင်​ညည်းတွား​ကြ​၏။ 3ထိုသို့​လွှမ်းခြုံ​ရ​လျှင် ငါ​တို့​သည် အဝတ်မပါ​အချည်းစည်း​ဖြစ်​ကြ​လိမ့်မည်​မ​ဟုတ်။ 4အကြောင်းမူကား ငါ​တို့​သည် ဤ​ယာယီ​တဲ​တွင်​ရှိ​နေ​စဉ် လေးလံ​သော​ဝန်​ကို​ထမ်း​၍ ညည်းတွား​ကြ​၏။ ထိုသို့​ညည်းတွား​ကြ​ခြင်း​မှာ ထို​တဲ​ကို​ချွတ်ပယ်​လို​၍​မ​ဟုတ်​ဘဲ ၎င်း​အပေါ်​၌​လွှမ်းခြုံ​လို​၍​သာ​ဖြစ်​ပြီး ထိုသို့အားဖြင့် သေ​တတ်​သော​အရာ​သည် အသက်ရှင်​ခြင်း​ထဲတွင် နစ်မြုပ်​စေ​ခြင်း​ခံရ​ရန်​ဖြစ်​၏။ 5ဤ​အမှုအရာ​အတွက် ငါ​တို့​ကို​ပြင်ဆင်​ပေး​တော်မူ​သော​အရှင်​ကား ဝိညာဉ်​တော်​ကို စရန်​အဖြစ် ငါ​တို့​အား​ပေး​တော်မူ​သော ဘုရားသခင်​ပေတည်း။
6ထို့ကြောင့် ငါ​တို့​သည် အစဉ်​အမြဲ​ယုံကြည်​စိတ်ချ​မှု​ရှိ​ကြ​၏။ ဤ​ကိုယ်ခန္ဓာ​၌ ငါ​တို့​ရှိ​နေ​သရွေ့ သခင်​ဘုရား​နှင့်​ဝေးကွာ​လျက်​ရှိ​ကြောင်း​ကို​လည်း ငါ​တို့​သိ​ကြ​၏။ 7အကြောင်းမူကား ငါ​တို့​သည် အမြင်​အားဖြင့်​မ​ဟုတ်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​ကြ​၏။ 8ငါ​တို့​သည် ယုံကြည်​စိတ်ချ​မှု​ရှိ​၍ ကိုယ်ခန္ဓာ​မှ​ကွာ​လျက် သခင်​ဘုရား​နှင့်အတူ​ရှိ​နေ​ရန် သာ၍​အလိုရှိ​ကြ​၏။ 9သို့ဖြစ်၍ ငါ​တို့​သည် ကိုယ်ခန္ဓာ​၌​ရှိ​သည်​ဖြစ်စေ၊ ဝေးကွာ​လျက်​ရှိ​သည်​ဖြစ်စေ ကိုယ်တော်​နှစ်သက်​တော်မူ​သော​သူ​ဖြစ်​မည့်အကြောင်း ရည်မှန်း​ကြိုးစား​ကြ​၏။ 10အကြောင်းမူကား ငါ​တို့​အားလုံး​သည် ကိုယ်ခန္ဓာ​၌​ရှိစဉ် ပြုကျင့်​သည့်​အတိုင်း ကောင်း​သော​အမှု​အတွက်​ဖြစ်စေ၊ ဆိုးညစ်​သော​အမှု​အတွက်​ဖြစ်စေ အကျိုး​အပြစ်​ကို အသီးသီး​ခံစားရ​ရန် ခရစ်တော်​၏​တရားပလ္လင်​ရှေ့၌ ပေါ်လာ​ကြ​ရ​မည်။#မ 16:27၊ ရော 2:6၊ 14:10၊ ဆာ 62:12၊ သု 24:12။
11ထို့ကြောင့် ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​နှင့်ပတ်သက်​သည့်​အကြောင်း​ကို ငါ​တို့​သိ​သဖြင့် လူ​တို့​ကို​စည်းရုံး​ကြ​၏။ ငါ​တို့​အကြောင်း​သည် ဘုရားသခင်​ရှေ့​တော်​၌ ထင်ရှား​ပြီ​ဖြစ်၍ သင်​တို့​၏​အသိစိတ်​၌​လည်း ထင်ရှား​ပြီ​ဟု ငါ​မျှော်လင့်​၏။ 12ငါ​တို့​သည် မိမိတို့ကိုယ်ကို တစ်ဖန် သင်​တို့​ရှေ့၌ ထောက်ခံ​ချီးကျူး​နေ​ကြ​သည်​မ​ဟုတ်။ သို့သော် စိတ်နှလုံး​ကို​မ​ကြည့်​ဘဲ အပြင်​သဏ္ဌာန်​ကို​သာ​ကြည့်​၍ ဝါကြွား​တတ်​သော​သူ​တို့​၏​စကား​ကို သင်​တို့​ပြန်လည်​ချေပ​နိုင်​ရန် ငါ​တို့​နှင့်​ပတ်သက်၍ ဝါကြွား​ရ​သော​အခွင့်​ကို သင်​တို့​အား​ပေး​လိုက်​ခြင်း​သာ​ဖြစ်​၏။ 13အကြောင်းမူကား ငါ​တို့​သည် စိတ်​ဖောက်ပြန်​နေ​သည်​ဆို​လျှင် ဘုရားသခင်​အတွက်​ဖြစ်၍ ပကတိ​စိတ်​ရှိ​လျှင် သင်​တို့​အတွက်​ဖြစ်​၏။ 14အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​လွှမ်းမိုး​လျက်​ရှိ​၏။ ငါ​တို့​သည် ဤသို့​ယူဆ​ကြ​၏။ တစ်​ယောက်​သော​သူ​သည် လူ​အပေါင်း​တို့​အတွက် အသေခံ​သည်​ဖြစ်၍ လူ​အပေါင်း​တို့​သည် သေဆုံး​ခဲ့​ကြ​ပြီ။ 15ထိုသို့ လူ​အပေါင်း​တို့​အတွက် ကိုယ်တော်​အသေခံ​တော်မူ​ခြင်း​မှာ အသက်ရှင်​သော​သူ​တို့​သည် မိမိ​တို့​အတွက် အသက်​မ​ရှင်​တော့​ဘဲ သူ​တို့​အတွက်​အသေခံ​တော်မူ​ပြီး ထမြောက်​တော်မူ​သော​အရှင်​အတွက် အသက်ရှင်​ကြ​ရန်​ဖြစ်​၏။
ပြန်လည်သင့်မြတ်ခြင်းအမှုတော်လုပ်ငန်း
16ထို့ကြောင့် ယခု​မှစ၍ ငါ​တို့​သည် မည်သူ့​ကို​မျှ သွေးသား​ဇာတိ​သဘော​ဖြင့် မ​သိမှတ်​တော့​ပေ။ ငါ​တို့​သည် ခရစ်တော်​ကို သွေးသား​ဇာတိ​သဘော​ဖြင့် သိမှတ်​ခဲ့​လျှင်​လည်း ယခု​တွင် ထိုသို့​မ​သိမှတ်​တော့​ပေ။ 17သို့ဖြစ်၍ မည်သူမဆို ခရစ်တော်​၌​ရှိ​လျှင် အသစ်​ဖန်ဆင်း​ခံရ​သူ​ဖြစ်​၏။ ဟောင်း​သော​အရာ​တို့​သည် ကွယ်ပျောက်​သွား​၍ ခပ်သိမ်း​သော​အရာ​တို့​သည် အသစ်​ဖြစ်​ကြ​လေ​ပြီ။ 18ဤ​အရာ​အားလုံး​တို့​သည် ဘုရားသခင်​ထံမှ​ဖြစ်​ကြ​၏။ ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ငါ​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​၍ ငါ​တို့​အား ပြန်လည်​သင့်မြတ်​ခြင်း​နှင့်ဆိုင်သော​အမှု​တော်​ကို ပေး​အပ်​တော်မူ​၏။ 19ဆိုလို​သည်​မှာ ဘုရားသခင်​သည် လောကီ​သား​တို့​ကျူးလွန်​သော​အပြစ်​များ​ကို သူ​တို့​အပေါ်​သင့်ရောက်​စေ​တော်​မ​မူ​ဘဲ သူ​တို့​ကို ခရစ်တော်​၌ မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​တော်မူ​ပြီး ပြန်လည်​သင့်မြတ်​ခြင်း​တရား​ကို ငါ​တို့​၌​အပ်​ထား​တော်မူ​၏။ 20ထိုသို့ ဘုရားသခင်​သည် ငါ​တို့​မှ​တစ်ဆင့် တိုက်တွန်း​တော်မူ​သည်​ဖြစ်၍ ငါ​တို့​သည် ခရစ်တော်​၏​သံတမန်​များ​ဖြစ်​ကြ​၏။ ထို့ကြောင့် “ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​ကြ​လော့”​ဟု ခရစ်တော်​၏​ကိုယ်စား ငါ​တို့​တောင်းပန်​ကြ​၏။ 21ဘုရားသခင်​သည် အပြစ်​ကင်းစင်​သော​အရှင်​ကို ငါ​တို့​အတွက် အပြစ်​ဖြစ်​သွား​စေ​တော်မူ​၏။ ဤသည်ကား ငါ​တို့​သည် ထို​အရှင်​အားဖြင့် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ဖြစ်လာ​မည့်​အကြောင်း​တည်း။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာဒုတိယစောင် 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။