YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 9

9
ရှေဘပြည်၏ဘုရင်မ
1ရှောလမုန်​မင်းကြီး ဂုဏ်သတင်းကြီး​သည်​ကို ရှေဘ​ဘုရင်မ​ကြားသိ​သောအခါ ရှောလမုန်​မင်းကြီး​ကို စကားထာဝှက်​၍ ပညာစမ်း​ရန် ရောက်ရှိ​လာ​၏​။ သူ​သည် မြောက်မြား​စွာ​သော အမွှေးနံ့သာ​များ​၊ ရွှေ​များ​နှင့် အဖိုးတန်​ကျောက်​များ​ကို ကုလားအုတ်​များ​ပေါ်​တင်ဆောင်​လျက် နောက်လိုက်ဗိုလ်ပါ​အများအပြား​တို့​နှင့် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​၍ ရှောလမုန်​မင်းကြီး​ထံသို့​ဝင်​ကာ စိတ်​ထဲ၌​ရှိသမျှ​တို့​ကို မေးမြန်း​ပြောဆို​လေ​၏​။ 2ရှောလမုန်​မင်းကြီး​သည် သူ​မေး​သမျှ​မေးခွန်း​တို့​ကို​ဖြေကြား​နိုင်​၏​။ ရှောလမုန်​မင်းကြီး​အဖို့ မ​ဖြေ​နိုင်​လောက်အောင် ခက်ခဲ​သည့်​မေးခွန်း​ဟူ၍ တစ်ခု​မျှ​မ​ရှိ​။ 3ရှေဘ​ဘုရင်မ​သည် ဉာဏ်ပညာ​အလုံးစုံ​နှင့်​ပြည့်စုံ​သော​ရှောလမုန်​မင်းကြီး​နှင့် သူ​တည်ဆောက်​သော​နန်းတော်​၊ 4စားသောက်ပွဲ​တည်ခင်းပုံ​၊ မင်းမှုထမ်း​တို့​၏​နေရာထိုင်ခင်း​၊ အမှုထမ်း​တို့​တာဝန်ထမ်းဆောင်ပုံ​နှင့် ဝတ်စားဆင်ယင်ပုံ​၊ ဖလားတော်ဝန်​များ​နှင့်​သူ​တို့​၏​ဝတ်စားဆင်ယင်ပုံ​၊ ထာဝရဘုရား​၏​အိမ်​တော်​သို့​တက်သွား​ရာ​လမ်း​တွင် စောင်းတန်း​များ​ပါရှိ​ပုံ စသည်​တို့​ကို မြင်​သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်​ရ​လေ​၏​။
5ထို့ကြောင့် ရှင်ဘုရင်​အား “​အကျွန်ုပ်​တိုင်းပြည်​၌ ကြားသိ​နေ​ရ​သော မင်းကြီး​၏​အောင်မြင်မှု​သတင်း​၊ ဉာဏ်ပညာ​သတင်း​များ​သည် အမှန်ပင်​ဖြစ်​ပေ​၏​။ 6အကျွန်ုပ်ကိုယ်တိုင် ဤ​နေရာ​သို့​လာ​၍ မျက်စိ​ဖြင့်​မ​မြင်​ရ​မီ​အထိ ဤ​သတင်း​ကို မ​ယုံကြည်​ခဲ့​ပါ​။ အကျွန်ုပ်​ကြားသိ​ထား​သော​အရာ​သည် ထက်ဝက်​မျှ​ပင်​မ​ရှိ​ပါ​။ မင်းကြီး​၏​ဉာဏ်ပညာ​ကြီးမားမှု​သည် အကျွန်ုပ်​ကြားသိ​ရ​သည်​ထက် သာလွန်​နေ​ပါ​သည်​တကား​။ 7မင်းကြီး​ထံ​ခစား​ရ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​လှ​ပါ​သည်​တကား​။ ရှေ့​တော်​တွင် အစဉ်​အမှုထမ်း​ရ​ပြီး မင်းကြီး​၏​ပညာစကား​ကို ကြားနာ​ရ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​လှ​ပါ​သည်​တကား​။ 8မင်းကြီး​ကို​နှစ်သက်မြတ်နိုး​၍ ရှင်ဘုရင်​အဖြစ်​ရာဇပလ္လင်​တွင် စံမြန်း​စေ​တော်မူ​သော မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​စေ​သတည်း​။ မင်းကြီး​၏​ဘုရားသခင်​သည် အစ္စရေး​လူမျိုး​ကို​ချစ်​တော်မူ​၍ ထာဝရ​တည်​စေ​လို​သဖြင့် တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ​စီရင်အုပ်ချုပ်​ရန် မင်းကြီး​ကို ရှင်ဘုရင်​အဖြစ် ခန့်ထား​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။
9ထို့နောက် သူ​သည် ရှင်ဘုရင်​အား ရွှေ​တာလန်​တစ်ရာ့​နှစ်ဆယ်#9:9 “2640 ပိဿာ သို့မဟုတ် 4080 ကီလိုဂရမ်”။​၊ မြောက်မြား​စွာ​သော​အမွှေးနံ့သာ​များ​နှင့် အဖိုးတန်​ကျောက်​များ​ကို ဆက်သ​လေ​၏​။ ရှောလမုန်​မင်းကြီး​အား ရှေဘ​ဘုရင်မ​ဆက်သ​ခဲ့​သော များပြား​လှ​သော​အမွှေးနံ့သာ​မျိုး​ကို နောက်ထပ်​မ​ရရှိ​တော့​ချေ​။ 10ထို့ပြင် ဟုရံ#9:10 သို့မဟုတ် “ဟိရံ”။​မင်းကြီး​၏​အမှုထမ်း​များ​နှင့် ရှောလမုန်​မင်းကြီး​၏​အမှုထမ်း​များ​သည် ဩဖိရ​အရပ်​မှ ရွှေ​များ​ယူဆောင်​လာ​သည့်​အပြင် စန္ဒကူး​သစ်သား​များ​နှင့် အဖိုးတန်​ကျောက်​များ​ကို​လည်း ယူဆောင်​လာ​ပေး​၏​။ 11ရှင်ဘုရင်​သည် စန္ဒကူး​သစ်သား​များ​ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​လက်ရန်း​နှင့် ဘုရင့်​နန်းတော်​လက်ရန်း​၊ သီချင်းသည်​တို့​အတွက် စောင်းကောက်​စောင်းပြား​များ​ကို ပြုလုပ်​၏​။ ထိုမျှလောက်​များပြား​လှ​သော​စန္ဒကူး​သစ်သား​တို့​ကို ယုဒ​ပြည်​တွင် ယခင်က မ​တွေ့​ဖူး​ချေ​။
12ရှောလမုန်​မင်းကြီး​သည်​လည်း ရှေဘ​ဘုရင်မ​အား စေတနာ​အလျောက် လက်ဆောင်​များ​ကို​ပေး​သည့်​အပြင် သူ​အလို​ရှိသမျှ​၊ တောင်း​သမျှ​တို့​ကို​လည်း ပေး​သေး​၏​။ ထို့နောက် သူ​သည် မိမိ​နောက်လိုက်​ဗိုလ်ပါ​များ​နှင့်အတူ မိမိ​ပြည်​သို့ ပြန်​သွား​လေ​၏​။
ရှောလမုန်မင်းကြီးပိုင်ဆိုင်သောစည်းစိမ်ဥစ္စာများ
13ရှောလမုန်​မင်းကြီး​ထံ နှစ်စဉ်​ရောက်လာ​သော​ရွှေ​အလေးချိန်​မှာ ရွှေ​တာလန်​ခြောက်​ရာ​ခြောက်ဆယ်​ခြောက်​တာလန်#9:13 “14352 ပိဿာ သို့မဟုတ် 22644 ကီလိုဂရမ်”။​ရှိ​၏​။ 14ထို့ပြင် ကုန်သည်​များ​၊ အရောင်းအဝယ်သမား​များ​၊ အာရေဗျ​ဘုရင်​အပေါင်း​တို့​နှင့် တိုင်းပြည်​တွင်း​ရှိ​ဘုရင်ခံ​တို့​သည်​လည်း ရှောလမုန်​မင်းကြီး​ထံ ရွှေ​ငွေ​များ​ကို ယူဆောင်​လာ​ပေး​၏​။
15ရှောလမုန်​မင်းကြီး​သည် ဒိုင်းလွှား​ကြီး​အခု​နှစ်ရာ​ကို​လည်း ရွှေ​ဖြင့်​ထုလုပ်​၏​။ ဒိုင်းလွှား​ကြီး​တစ်ခုစီ​တွင် ရွှေ​အချိန်​ခြောက်​ရာ​ရှယ်ကယ်#9:15 “4.5 ပိဿာ သို့မဟုတ် 6.​9 ကီလိုဂရမ်”။​ပါဝင်​၏​။ 16ဒိုင်းလွှားငယ်​အခု​သုံး​ရာ​ကို​လည်း ရွှေ​ဖြင့်​ထုလုပ်​၏​။ ဒိုင်းလွှားငယ်​တစ်ခုစီ​တွင် ရွှေ​အချိန်​သုံး​ရာ​ပါဝင်​၏​။ ရှင်ဘုရင်​သည် ထို​ဒိုင်းလွှား​တို့​ကို လက်ဘနွန်​တော​စံနန်းဆောင်​တွင် ထားရှိ​၏​။
17ထို့ပြင် ရှင်ဘုရင်​သည် ဆင်စွယ်​ရာဇပလ္လင်​ကြီး​ကို ထုလုပ်​ပြီး ရွှေ​စင်​ဖြင့် မွမ်းမံ​ထား​၏​။ 18ထို​ပလ္လင်​သည် လှေကား​ခြောက်​ထစ်​ရှိ​ပြီး ပလ္လင်​တော်​နှင့်​ရွှေ​ခြေတင်ခုံ​မှာ တစ်ဆက်တည်း​ဖြစ်​၏​။ ထိုင်ခုံ​၏​ဘေး​တစ်ဖက်တစ်ချက်​တွင် လက်ရန်း​များ​ပါရှိ​ပြီး လက်ရန်း​ဘေးနား​တွင် ရပ်​နေ​သော​ခြင်္သေ့​ရုပ်​နှစ်​ရုပ်​ရှိ​၏​။ 19လှေကားထစ်​ခြောက်​ထစ်​တွင် တစ်ထစ်စီ​၏​ထိပ်​တစ်ဖက်စီ​တွင် ရပ်​နေ​သော​ခြင်္သေ့​ရုပ်​တစ်ရုပ်စီ စုစုပေါင်း​ခြင်္သေ့​ရုပ်​တစ်ဆယ့်​နှစ်​ရုပ်​ပါရှိ​၏​။ ထိုကဲ့သို့သော​ပလ္လင်​မျိုး​သည် မည်သည့်​တိုင်းပြည်​တွင်​မျှ​မ​ရှိ​။
20ရှောလမုန်​မင်းကြီး​၏​ဖလား​အသုံးအဆောင်​အားလုံး​မှာ ရွှေ​ဖြင့်​ပြုလုပ်​ထား​၏​။ လက်ဘနွန်​တော​စံနန်းဆောင်​၏​အသုံးအဆောင်​အားလုံး​မှာ​လည်း ရွှေ​စင်​ဖြင့်​ပြုလုပ်​ထား​၏​။ ငွေထည်​ပစ္စည်း​တစ်​ခု​မျှ​မ​ရှိ​။ ရှောလမုန်​မင်းကြီး​လက်ထက်​တွင် ငွေ​သည် တန်ဖိုး​မ​ရှိ​ဟု မှတ်ယူ​ကြ​၏​။ 21ရှင်ဘုရင်​ပိုင် တာရှု​သင်္ဘော​သည် ဟုရံ#9:21 သို့မဟုတ် “ဟိရံ”။​မင်းကြီး​၏​အမှုထမ်း​တို့​နှင့်အတူ ကူးသန်း​သွားလာ​၏​။ ထို​တာရှု​သင်္ဘော​သည် သုံး​နှစ်​တစ်​ခါ​ပြန်လာ​ပြီး ရွှေ​ငွေ​များ​၊ ဆင်စွယ်​များ​၊ မျောက်ဝံ​များ​၊ ဒေါင်း​များ​ကို ယူဆောင်​လာ​လေ့​ရှိ​၏​။
22ရှောလမုန်​မင်းကြီး​သည် မြေကြီး​ပေါ်​ရှိ​ရှင်ဘုရင်​အပေါင်း​တို့​ထက် ဓနဥစ္စာ​နှင့် ဉာဏ်ပညာ​အရာ​၌ သာလွန်​ထူးကဲ​လေ​၏​။ 23မြေ​တစ်ပြင်လုံး​ရှိ​ရှင်ဘုရင်​အပေါင်း​တို့​သည် ရှောလမုန်​မင်းကြီး​၏​စိတ်နှလုံး​တွင် ဘုရားသခင်​သွင်းပေး​တော်မူ​သော ဉာဏ်ပညာ​နှင့်ယှဉ်​သည့်​စကား​များ​ကို ကြားနာ​ရန် ရှောလမုန်​မင်းကြီး​ထံ လာ​လေ့​ရှိ​ကြ​၏​။ 24နှစ်စဉ်နှစ်တိုင်း မင်းကြီး​ထံ​ရောက်​လာ​သော​သူ​တို့​သည် ငွေ​ထည်​ရွှေ​ထည်​များ​၊ အဝတ်အထည်​များ​၊ လက်နက်​များ​၊ အမွှေးနံ့သာ​များ​၊ မြင်း​များ​၊ လား​များ စသည်​တို့​ကို လက်ဆောင်ပဏ္ဏာ​အဖြစ် အသီးသီး​ဆက်သ​လေ့​ရှိ​ကြ​၏​။
25ရှောလမုန်​မင်းကြီး​၌ မြင်းဇောင်း​လေး​ထောင်​နှင့် မြင်းရထား​များ​၊ မြင်းစီးသူရဲ​တစ်သောင်းနှစ်ထောင်​ရှိ​ပြီး ၎င်း​တို့​ကို ရထား​ထားရှိ​ရာ​မြို့​များ​နှင့် ရှင်ဘုရင်​စံမြန်း​ရာ​ဂျေရုဆလင်​မြို့​တွင် ထားရှိ​၏​။ 26သူ​သည် ယူဖရေးတီး​မြစ်#9:26 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​မှစ၍ ဖိလိတ္တိ​ပြည်​၊ အီဂျစ်​ပြည်​အစွန်အဖျား​တိုင်အောင် ရှင်ဘုရင်​အပေါင်း​တို့​ကို အုပ်ချုပ်​ရ​၏​။ 27ရှင်ဘုရင်​သည် ဂျေရုဆလင်​မြို့​တွင် ငွေ​ကို ကျောက်ခဲ​သဖွယ်​၊ သစ်ကတိုးပင်​များ​ကို လွင်ပြင်​၌​ပေါက်​သော သင်္ဘောသဖန်းပင်​သဖွယ် အမြောက်အမြား​ထားရှိ​၏​။ 28အီဂျစ်​ပြည်​မှစ၍ တိုင်းနိုင်ငံ​အသီးသီး​တို့​မှ မြင်း​များ​ကို ရှောလမုန်​မင်းကြီး​ထံ တင်သွင်း​လေ့​ရှိ​ကြ​၏​။
ရှောလမုန်မင်းကြီးသေဆုံးခြင်း
29ကျန်ရှိ​နေ​သော ရှောလမုန်​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​မှ​အဆုံး​ကို ပရောဖက်​နာသန်​၏​မှတ်တမ်း​တွင်​လည်းကောင်း​၊ ရှိလော​မြို့သား အဟိယ​၏​အနာဂတ္တိကျမ်း​တွင်​လည်းကောင်း​၊ နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး​၏​ဗျာဒိတ်ဆရာ​ဣဒေါ​၏​ဗျာဒိတ်ကျမ်း​တွင်​လည်းကောင်း ရေးမှတ်​ထား​၏#9:29 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။ 30ရှောလမုန်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​တွင် အစ္စရေး​တစ်မျိုးနွယ်လုံး​ကို နှစ်ပေါင်း​လေးဆယ် အုပ်စိုး​လေ​၏​။ 31ရှောလမုန်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​မြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သား​တော်​ရောဗောင်​သည် ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ