YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 8

8
ရှောလမုန်မင်းကြီး၏နောက်ပိုင်းအဆောက်အအုံ
1ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် သူ​စံမြန်း​ရန်​နန်းတော်​ကို တည်ဆောက်​ချိန် အနှစ်​နှစ်ဆယ်​ကြာ​သောအခါ 2ရှောလမုန်​မင်းကြီး​သည် မိမိ​အား ဟုရံ#8:2 သို့မဟုတ် “ဟိရံ”။​မင်းကြီး​ပေး​ထား​သော​မြို့ရွာ​များ​ကို ပြန်လည်​တည်ဆောက်​ပြီး အစ္စရေး​အမျိုးသား​တို့​အား ထို​မြို့​များ​တွင် နေထိုင်​စေ​၏​။ 3ထို့နောက် ရှောလမုန်​မင်းကြီး​သည် ဟာမတ်ဇောဘတ်​မြို့​ကို ချီတက်​သိမ်းပိုက်​၏​။ 4ထို့ပြင် ကန္တာရ​အရပ်​တွင် တာဒမော်​မြို့​နှင့် ဟာမတ်​အရပ်​တွင် ပစ္စည်းသိုလှောင်ရာ​မြို့​များ​ကို တည်ဆောက်​၏​။ 5မြို့ရိုး​များ​၊ မြို့​တံခါး​များ​၊ ကန့်လန့်ကျင်​များ​ပါရှိ​သည့် ခံတပ်​မြို့​ဖြစ်​သော အထက်​ဗေသောရုန်​မြို့​နှင့် အောက်​ဗေသောရုန်​မြို့​တို့​ကို​လည်း ပြန်လည်​တည်ဆောက်​၏​။ 6ဗာလတ်​မြို့​၊ ရှောလမုန်​ဘဏ္ဍာသိုလှောင်ရာ​မြို့​များ​၊ စစ်ရထား​မြို့​များ​၊ မြင်းစီးသူရဲ​မြို့​များ​သာမက ဂျေရုဆလင်​မြို့​၊ လက်ဘနွန်​တောင်​အပါအဝင် မိမိ​အုပ်စိုး​ရာ​နယ်မြေ​ရှိသမျှ​တို့​တွင် ဆောက်​လို​သော​အဆောက်အအုံ​များ​ကို​လည်း စိတ်တိုင်းကျ​ဆောက်လုပ်​လေ​၏​။
7အစ္စရေး​လူမျိုး​မ​ဟုတ်​သော ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ထဲမှ ကြွင်းကျန်​သော​လူမျိုး​အားလုံး​နှင့် 8အစ္စရေး​အမျိုးသား​တို့ အကုန်အစင်​မ​သုတ်သင်​နိုင်​ခဲ့​ဘဲ တိုင်းပြည်​တွင်​ကြွင်းကျန်​နေ​ခဲ့​သော​သူ​တို့​၏​သားမြေး​များ​ကို ရှောလမုန်​မင်းကြီး​သည် အလုပ်ကြမ်းသမား​များ​အဖြစ် ယနေ့​တိုင်အောင်​ထားရှိ​၏​။ 9ရှောလမုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို ကျွန်​အဖြစ်​မ​ထားရှိ​ဘဲ စစ်သူရဲ​များ​၊ မင်းမှုထမ်း​များ​၊ အကြီးအကဲ​များ​၊ တပ်မှူး​များ​၊ ရထားမှူး​များ​၊ မြင်းစီးသူရဲ​များ​အဖြစ် ထားရှိ​၏​။ 10မင်းမှုထမ်း​တို့​ကို​ကြီးကြပ်​သော ရှောလမုန်​မင်းကြီး​၏​မှူးမတ်​အကြီးအကဲ အယောက်​နှစ်ရာ့​ငါးဆယ်​ရှိ​၏​။
11ရှောလမုန်​မင်းကြီး​က “​ထာဝရဘုရား​၏​သေတ္တာ​တော်​ရောက်ရှိ​ရာ​နေရာ​တိုင်း​သည် သန့်ရှင်း​သည်​ဖြစ်၍ ဖာရော​မင်းကြီး​၏​သမီး​တော်​သည် အကျွန်ုပ်​၏​မိဖုရား​ဖြစ်​သော်လည်း အစ္စရေး​ဘုရင်​ဒါဝိဒ်​မင်းကြီး​၏​နန်းဆောင်​တွင် မ​နေ​သင့်​”​ဟု ဆို​လျက် ဖာရော​မင်းကြီး​၏​သမီး​တော်​ကို ဒါဝိဒ်​မြို့​မှ သူ့​အဖို့​ဆောက်လုပ်​ပေး​သော​နန်းတော်​သို့ ပို့ဆောင်​၏​။
ဗိမာန်တော်၌ လူထုဝတ်ပြုကိုးကွယ်မှုစတင်ခြင်း
12ထို့နောက် ရှောလမုန်​မင်းကြီး​သည် ဆင်ဝင်​ရှေ့​တွင်​တည်​ထား​သော ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​ပေါ်တွင် ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​ကို ပူဇော်​လေ​၏​။ 13မောရှေ​၏​ပညတ်တော်​တွင်​ပါရှိ​သည့်​အတိုင်း နေ့စဉ်​ဆက်သ​နေ​သော​အလှူ​များ​၊ ဥပုသ်နေ့​၊ လဆန်းနေ့​တို့​တွင် ဆက်သ​သော​အလှူ​များ​၊ တစ်နှစ်​လျှင်​သုံး​ကြိမ်​ကျင်းပ​ရ​သော​ပွဲတော်​များ​ဖြစ်​သည့် တဆေးမဲ့မုန့်​ပွဲတော်​၊ ခုနစ်သီတင်း​ပွဲတော်​၊ ယာယီတဲစု​ပွဲတော်​တို့​တွင် ဆက်သ​သော​အလှူ​များ​ကို ပူဇော်​၏​။ 14ခမည်းတော်​ဒါဝိဒ်​မင်းကြီး စီမံ​ထား​ခဲ့​သည့်​အတိုင်း ယဇ်ပုရောဟိတ်​တို့​ကို အလှည့်ကျ တာဝန်​ခွဲဝေ​ပေး​၏​။ လေဝိ​အမျိုးသား​တို့​ကို​လည်း နေ့စဉ် ယဇ်ပုရောဟိတ်​တို့​ရှေ့​တွင် အမှု​တော်​ထမ်းဆောင်​ရ​မည့်​တာဝန်​နှင့် ကျေးဇူး​တော်​ချီးမွမ်း​ရ​မည့်​တာဝန်​ကို ခွဲဝေ​ပေး​၏​။ တံခါး​တိုင်း​တွင် အလှည့်ကျ​တံခါးစောင့်​များ​ကို​လည်း ခန့်အပ်​ထား​၏​။ ဤသည်မှာ ဘုရားသခင်​၏​လူ ဒါဝိဒ်​မင်းကြီး​၏​အမိန့်​တော်​ဖြစ်​၏​။ 15ဘဏ္ဍာတိုက်​မှစ၍ မည်သည့်​ကိစ္စရပ်​မဆို ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုးသား​တို့​သည် ဘုရင့်​အမိန့်​တော်​ကို တသဝေမတိမ်း​လိုက်နာ​ကြ​ရ​၏​။ 16ထာဝရဘုရား​၏​အိမ်​တော်​အုတ်မြစ်ချ​သည့်​နေ့​မှစ၍ အားလုံး​ပြီးစီး​သည်​အထိ ရှောလမုန်​မင်းကြီး လုပ်ဆောင်​ရ​မည့်​လုပ်ငန်း​များ​အားလုံး ဆောင်ရွက်​ပြီးစီး​လေ​၏​။ ဤသို့ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​ဆောက်လုပ်​ခြင်း​အမှု ပြီးစီး​လေ​၏​။
ရှောလမုန်မင်းကြီး၏သင်္ဘော
17ထို့နောက်တွင် ရှောလမုန်​မင်းကြီး​သည် ဧဒုံ​ပြည်​၊ ပင်လယ်​ကမ်းခြေ​ရှိ ဧဇယုန်ဂါဗာ​မြို့​နှင့် ဧလတ်​မြို့​သို့ သွား​လေ​၏​။ 18ဟုရံ#8:18 “ဟိရံ” (၃ရာ 9:27)။​မင်းကြီး​သည် ပင်လယ်ပြင်​အကြောင်း​သိနားလည်​သော မိမိ​အမှုထမ်း​သင်္ဘောသား​များ​နှင့်တကွ သင်္ဘော​များ​ကို ရှောလမုန်​မင်းကြီး​ထံ စေလွှတ်​၍ ရှောလမုန်​မင်းကြီး​၏​အမှုထမ်း​တို့​နှင့်အတူ ဩဖိရ​မြို့​သို့ ရွက်လွှင့်​သွား​ကြ​ပြီး ရွှေ​တာလန်​လေး​ရာ့​ငါးဆယ်#8:18 “9900 ပိဿာ သို့မဟုတ် 15300 ကီလိုဂရမ်”။​ယူဆောင်​လာ​၍ ရှောလမုန်​မင်းကြီး​ကို ဆက်သ​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ