YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 31

31
ရုပ်တုဖယ်ရှားခြင်း
1ပွဲတော်​အမှုကိစ္စ​အားလုံး​ပြီးစီး​သွား​သောအခါ ပွဲတော်​သို့​လာရောက်​သော​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ယုဒ​မြို့ရွာ​များ​သို့ ထွက်သွား​ပြီး အထွတ်အမြတ်​ကျောက်တိုင်​များ​ကို ချိုးဖျက်​၍ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို​လည်း ခုတ်လှဲ​ပစ်​ကြ​၏​။ ယုဒ​ပြည်​၊ ဗင်္ယာမိန်​ပြည်​၊ ဧဖရိမ်​ပြည်​၊ မနာရှေ​ပြည် တစ်လျှောက်လုံး​ရှိ အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ ယဇ်ပလ္လင်​များ​ကို အပြီးတိုင်​ဖျက်ဆီး​ပစ်​ကြ​၏​။ ထို့နောက် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် မိမိ​တို့​ဆိုင်ရာ​မြို့​များ​သို့ အသီးသီး​ပြန်သွား​ကြ​လေ​၏​။
လေဝိအမျိုးတို့အတွက်ပေးလှူခြင်း
2ထို့နောက် ဟေဇကိ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​တို့​ကို အဖွဲ့လိုက်​တာဝန်ခွဲပေး​၏​။ ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​တို့​သည် မိမိ​တို့​ထမ်းဆောင်​ရ​မည့်​တာဝန်​များ​ကို အဖွဲ့လိုက်​အလှည့်ကျ​ထမ်းဆောင်​ကြ​ရ​၏​။ သူ​တို့​သည် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​ကို ပူဇော်​ရ​၏​။ ထာဝရဘုရား​စံ​တော်မူ​ရာ​ဌာန​တော်​၏​တံခါး​များ​၌​ရပ်​၍ အမှု​တော်​ထမ်းဆောင်​လျက် ကျေးဇူးတော်​ချီးမွမ်း​ခြင်း​၊ ဂုဏ်တော်​ချီးမွမ်းသီဆို​ခြင်း​ကို ပြု​ရ​၏​။ 3ထာဝရဘုရား​၏​ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း နံနက်​နှင့်​ညနေ​တို့​တွင် ပူဇော်​ရ​မည့်​မီးရှို့ရာယဇ်​နှင့် ဥပုသ်နေ့​၊ လဆန်းနေ့​၊ သတ်မှတ်​ထား​သော​ပွဲတော်​တို့​တွင် ပူဇော်​ရ​မည့်​မီးရှို့ရာယဇ်​များ​ကို ရှင်ဘုရင်​သည် မိမိ​ဥစ္စာပစ္စည်း​များ​ထဲမှ ခွဲဝေ​ပေး​၏​။ 4ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​တို့​သည် ထာဝရဘုရား​၏​ပညတ်တရား​တော်​များ​အတိုင်း ထမ်းဆောင်​နိုင်​ရန် သူ​တို့​ရထိုက်​သော​ဝေစု​ကို သူ​တို့​အား ဂျေရုဆလင်​မြို့သား​တို့​ခွဲဝေ​ပေး​ရန် ရှင်ဘုရင်​အမိန့်​ထုတ်ပြန်​၏​။ 5ထို​အမိန့်​တော်​ကို နေရာ​အနှံ့​ထုတ်ပြန်​သည်​နှင့် အစ္စရေး​အမျိုးသား​တို့​သည် သီးဦးသီးဖျား​ကောက်ပဲသီးနှံ​များ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ ပျားရည်​နှင့် လယ်ယာထွက်​သီးနှံ​အားလုံး​တို့​ကို အမြောက်အမြား​ယူဆောင်​လာ​ပေး​ကြ​၏​။ ဥစ္စာ​ရှိသမျှ​၏​ဆယ်ဖို့တစ်ဖို့​ကို​လည်း အမြောက်အမြား ယူဆောင်​လာ​ကြ​၏​။ 6ယုဒ​မြို့ရွာ​တို့​တွင်​နေထိုင်​သော အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​တို့​သည်​လည်း သိုး​နွား​ဆိုင်ရာ​ဆယ်ဖို့တစ်ဖို့​၊ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ဆက်ကပ်​ထား​သော​သန့်ရှင်း​သော​အလှူပစ္စည်း​ဆယ်ဖို့တစ်ဖို့​တို့​ကို ယူဆောင်​လာ​ပြီး အစုလိုက် အစုလိုက် စုပုံ​ထား​ကြ​၏​။ 7ထိုသို့ အစုလိုက် စုပုံ​ထား​သော​အလှူပစ္စည်း​များ​ကို တတိယ​လ​တွင် စတင်​စုသိမ်း​ရာ သတ္တမ​လ​ရောက်​မှ ပြီးစီး​လေ​၏​။ 8ဟေဇကိ​မင်းကြီး​နှင့်​မှူးမတ်​တို့ ရောက်လာ​၍ စုပုံ​ထား​သော​အလှူပစ္စည်း​များ​ကို​တွေ့​လျှင် ထာဝရဘုရား​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​ကို ချီးမွမ်းထောမနာ​ပြု​လေ​၏​။
9ဟေဇကိ​မင်းကြီး​သည် ထို​စုပုံ​ထား​သော​အလှူပစ္စည်း​များ​နှင့်​ပတ်သက်၍ ယဇ်ပုရောဟိတ်​တို့​နှင့် လေဝိ​လူမျိုး​တို့​ကို မေးမြန်း​ကြည့်​သောအခါ 10ဇာဒုတ်​အိမ်ထောင်စု​မှ ယဇ်ပုရောဟိတ်​မင်း​အာဇရိ​က “​ထာဝရဘုရား​၏​အိမ်​တော်​သို့ အလှူပစ္စည်း​များ​ကို စတင်​ယူဆောင်​လာ​ကတည်းက အကျွန်ုပ်​တို့​သည် ဝဝလင်လင်​စား​ရ​ပြီး များစွာ​ပိုလျှံ​ပါ​၏​။ ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို ကောင်းချီးပေး​သောကြောင့် ဤသို့​များစွာ​ပိုလျှံ​နေ​ခြင်း ဖြစ်​ပါ​၏​”​ဟု ပြန်လျှောက်​၏​။
11ထို့နောက် ဟေဇကိ​မင်းကြီး​က ထာဝရဘုရား​၏​အိမ်​တော်​၌ သိုလှောင်ခန်း​များ​ကို ပြင်ဆင်​ထား​ရန် မိန့်မှာ​သဖြင့် သူ​တို့​သည်​လည်း သိုလှောင်ခန်း​များ​ကို အသင့်ပြင်ဆင်​ထား​ကြ​၏​။ 12လူ​တို့​သည် အလှူပစ္စည်း​များ​၊ ဆယ်ဖို့တစ်ဖို့​များ​၊ ဆက်ကပ်လှူဒါန်း​သော​ပစ္စည်း​များ​ကို သစ္စာရှိ​စွာ​ယူဆောင်​လာ​ကြ​၏​။ လေဝိ​အမျိုးသား​ကောနနိ​သည် ထို​အလှူပစ္စည်း​တို့​ကို ကြီးကြပ်အုပ်ချုပ်​ပေး​ရ​ပြီး သူ့​ညီ​ရှိမိ​သည် သူ​၏​လက်ထောက် ဖြစ်​၏​။ 13ဟေဇကိ​မင်းကြီး​နှင့် ဘုရားသခင်​၏​အိမ်​တော်​အုပ်​အာဇရိ​တို့​သည် ကောနနိ​နှင့် သူ့​ညီ​ရှိမိ​တို့​လက်အောက်​တွင် ယေဟေလ​၊ အာဇဇိ​၊ နာဟတ်​၊ အာသဟေလ​၊ ယေရိမုတ်​၊ ယောဇဗဒ်​၊ ဧလျေလ​၊ ဣသမခိ​၊ မာဟတ်​၊ ဗေနာယ​တို့​ကို ကြီးကြပ်သူ​များ​အဖြစ် ခန့်ထား​၏​။
14လေဝိ​အမျိုး​ဣမန​၏​သား အရှေ့​တံခါးစောင့်​ကောရေ​သည် ဘုရားသခင်​ထံ​စေတနာ​အလျောက်​ပေးလှူ​သော​ပူဇော်သက္ကာ​များ​ကို စီမံ​အုပ်ချုပ်​ရ​၏​။ သူ​သည် ထာဝရဘုရား​ထံ ပေးလှူ​သော​အလှူပစ္စည်း​နှင့် အသန့်ရှင်းဆုံး​အလှူပစ္စည်း​တို့​ကို ခွဲဝေ​ပေး​ရ​၏​။ 15သူ့​လက်​အောက်​တွင် ဧဒင်​၊ မိညာမိန်​၊ ယေရွှာ​၊ ရှေမာယ​၊ အာမရိ​၊ ရှေခနိ တို့​ရှိ​၏​။ သူ​တို့​သည် ယဇ်ပုရောဟိတ်​တို့​နေ​သော​မြို့ရွာ​များ​ရှိ မိမိ​တို့​ညီအစ်ကို​တို့​ရရှိ​မည့်​ဝေစု​ကို အဖွဲ့လိုက်​ကြီးငယ်​မရွေး သစ္စာရှိ​စွာ​ခွဲဝေ​ပေး​ရ​၏​။ 16မျိုးရိုးစဉ်ဆက်​စာရင်းဝင်​သူ​များ​အပြင် အဖွဲ့​အလိုက်​တာဝန်​ကို​ထမ်းဆောင်​ရန် ထာဝရဘုရား​၏​အိမ်​တော်​ထဲသို့​ဝင်ရောက်​၍ ညွှန်ကြား​ထား​သော​အလုပ်​ကို နေ့စဉ်​လုပ်ဆောင်​သော အသက်​သုံး​နှစ်#31:16 “အသက်သုံးဆယ်”ဆိုလိုခြင်းလည်းဖြစ်နိုင်သည် (တော 4:3)။​နှင့်​အထက်​ရှိ​သော​ယောက်ျား​များ​၊ 17ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် စာရင်းဝင်​သော​ယဇ်ပုရောဟိတ်​များ​နှင့် အဖွဲ့​လိုက်​တာဝန်​ထမ်းဆောင်​ရ​သော အသက်​နှစ်ဆယ်​နှင့်​အထက်​လေဝိ​အမျိုး​များ​၊ 18မျိုးရိုးစဉ်ဆက်​စာရင်းဝင်​သော​သူ​တို့​၏​ကလေးသူငယ်​များ​အားလုံး​၊ သူ​တို့​၏​မယား​များ​၊ သား​သမီး​များ​စသည့် လူထု​တစ်ရပ်လုံး​ကို​လည်း ခွဲဝေ​ပေး​ရ​၏​။ အကြောင်းမှာ သူ​တို့​သည် သစ္စာရှိ​စွာ​မိမိကိုယ်ကို​အမြဲ​သန့်ရှင်း​ခြင်း​ဝတ်​ပြု​သော​သူ​များ ဖြစ်​ကြ​၏​။ 19မြို့ပြ​တစ်မြို့စီ​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​တွင် နေထိုင်​ကြ​သော အာရုန်​သားမြေး​ယဇ်ပုရောဟိတ်​များ​ထဲမှ နာမည်​နှင့်တကွ ခွဲခန့်​ထား​သော ယောက်ျား​တို့​သည် ယဇ်ပုရောဟိတ်​အမျိုး​ယောက်ျားသား​အားလုံး​နှင့် လေဝိ​အမျိုး​စာရင်းဝင်​သူ​အားလုံး​တို့​ကို ဝေစု​ခွဲဝေ​ပေး​ရ​၏​။
20ဟေဇကိ​မင်းကြီး​သည် ယုဒ​ပြည်​တစ်လျှောက်လုံး​တွင် ထိုသို့​ပြု​ပေး​၏​။ ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် ကောင်းမြတ်​၍ ဖြောင့်မတ်​မှန်ကန်​သော​အမှု​ကို ပြု​၏​။ 21ဟေဇကိ​မင်းကြီး​သည် ဘုရားသခင်​၏​အိမ်​တော်​အမှု​ကို ကြိုးစား​ဆောင်ရွက်​ခဲ့​၏​။ တရားတော်​များ​၊ ပညတ်တော်​များ​အားဖြင့် မိမိ​၏​ဘုရားသခင်​ကို ရှာဖွေ​ခဲ့​၏​။ ဘုရား​အမှု​ကို​ဆောင်​လေရာရာ​၌ စိတ်နှလုံး​အကြွင်းမဲ့​လုပ်ဆောင်​ခဲ့​သောကြောင့် အောင်မြင်မှု ရရှိ​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 31: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ