YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 30

30
ပသခါပွဲကျင်းပခြင်း
1ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​အိမ်​တော်​သို့​လာ​၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကျင်းပ​ကြ​ရန် ဟေဇကိ​မင်းကြီး​သည် အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​အပေါင်း​တို့​ထံ သတင်းပို့​၏​။ ဧဖရိမ်​လူမျိုး​၊ မနာရှေ​လူမျိုး​တို့​ထံသို့​လည်း စာ​ရေး​အကြောင်းကြား​၏​။ 2ရှင်ဘုရင်​နှင့်တကွ မှူးမတ်​များ​နှင့် ဂျေရုဆလင်​မြို့​ရှိ​လူထု​အပေါင်း​တို့​သည် ဒုတိယ​လ​တွင် ပသခါပွဲ​ကို ကျင်းပ​ရန် ဆုံးဖြတ်​ကြ​၏​။ 3အကြောင်းမူကား မိမိတို့ကိုယ်ကို​သန့်ရှင်း​ခြင်း​ဝတ်​ပြု​ပြီး​သော​ယဇ်ပုရောဟိတ်​တို့ မ​လုံလောက်​ခြင်း​နှင့် ဂျေရုဆလင်​မြို့​တွင် လူ​တို့​လာရောက်​စုဝေး​ခြင်း​မ​ရှိ​သေး​သောကြောင့် သတ်မှတ်​ထား​သော​အချိန်​တွင် ပွဲတော်​ကို​မ​ကျင်းပ​နိုင်​ခဲ့​ချေ​။ 4ဤ​အစီအစဉ်​ကို ရှင်ဘုရင်​နှင့်တကွ လူထု​တစ်ရပ်လုံး နှစ်သက်​သဘောကျ​ကြ​၏​။ 5ထို့ကြောင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကို ဂျေရုဆလင်​မြို့​တွင် ကျင်းပ​မည်​ကို လာ​ကြ​ပါ​မည့်​အကြောင်း စာထုတ်ပြန်​ပြီး ဗေရရှေဘ​မြို့​မှ ဒန်​မြို့​တိုင်အောင် အစ္စရေး​ပြည်​တစ်ပြည်လုံး​သို့ လူ​လွှတ်​ကြေညာ​စေ​၏​။ အကြောင်းမှာ ပညတ္တိကျမ်း​၌​ရေးထား​သည့်​အတိုင်း ပသခါပွဲ​ကို လူ​အများ​နှင့်​မ​ကျင်းပ​ဖူး​သောကြောင့် ဖြစ်​၏​။
6ဆက်သား​တို့​သည် ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​ထံမှ စာ​ကို​ယူ​၍ အစ္စရေး​ပြည်​နှင့်​ယုဒ​ပြည်​တစ်လျှောက်လုံး​သို့​သွား​၏​။ ရှင်ဘုရင်​၏​အမိန့်​တော်​စာ​တွင် “​အို အစ္စရေး​အမျိုးသား​တို့​၊ အာဗြဟံ​၊ ဣဇက်​နှင့် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်လာ​ကြ​လော့​။ သို့မှ အဆီးရီးယား​ဘုရင်​တို့​လက်​မှ​လွတ်မြောက်​၍ ကြွင်းကျန်​သော​သင်​တို့​ထံသို့ ကိုယ်တော်​ပြန်လာ​တော်မူ​မည်​။ 7ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အပေါ် သစ္စာမဲ့​သော သင်​တို့​၏​ဘိုးဘေး​၊ သင်​တို့​၏​ညီအစ်ကို​များ​ကဲ့သို့ သင်​တို့​မ​ဖြစ်​ကြ​နှင့်​။ သင်​တို့​မြင်​သည့်​အတိုင်း ကိုယ်တော်​သည် သူ​တို့​ကို ထိတ်လန့်စရာ ဖြစ်​စေ​ခဲ့​၏​။ 8ယခုမှာ ဘိုးဘေး​တို့​ကဲ့သို့ သင်​တို့ ခေါင်း​မ​မာ#30:8 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းမခိုင်မာ”။​ကြ​နှင့်​။ ထာဝရဘုရား အစဉ်​သန့်ရှင်း​စေ​တော်မူ​သော​သန့်ရှင်းရာဌာန​တော်​သို့​လာ​၍ ဆက်ကပ်​ကြ​လော့​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို အစေခံ​ကြ​လော့​။ သို့မှ ပြင်းထန်​သော​အမျက်​တော်​သည် သင်​တို့​ထံမှ ပြန်လှည့်​သွား​လိမ့်မည်​။ 9ထာဝရဘုရား​ထံ သင်​တို့​ပြန်လာ​လျှင် ဖမ်းခေါ်​သွား​သူ​တို့​သည် သင်​တို့​ညီအစ်ကို​များ​၊ သားမြေး​များ​ကို သနား​၍ သူ​တို့​သည် ဤ​ပြည်​သို့ ပြန်လာ​ရ​ကြ​လိမ့်မည်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ကျေးဇူးပြု​တတ်​သော​သဘော​၊ သနားစုံမက်​တတ်​သော​သဘော​ရှိ​တော်မူ​သောကြောင့် သင်​တို့​သည် အထံ​တော်​သို့​ပြန်လာ​လျှင် ကိုယ်တော်​သည် သင်​တို့​ကို​မျက်နှာလွှဲ​တော်မူ​မည်​မ​ဟုတ်​”​ဟု ပါရှိ​၏​။
10ဆက်သား​တို့​သည် ဧဖရိမ်​နယ်​၊ မနာရှေ​နယ်​၊ ဇာဗုလုန်​နယ်​တို့​အထိ တစ်​မြို့​ပြီး​တစ်​မြို့ သွား​ကြ​၏​။ သို့သော် လူ​တို့​သည် သူ​တို့​ကို ကဲ့ရဲ့​လှောင်ပြောင်​ကြ​၏​။ 11သို့သော် အာရှာ​နယ်​၊ မနာရှေ​နယ်​နှင့်​ဇာဗုလုန်​နယ်​မှ လူ​အချို့​တို့​သည် မိမိကိုယ်ကို​နှိမ့်ချ​၍ ဂျေရုဆလင်​မြို့​သို့​ရောက်လာ​ကြ​၏​။ 12ထာဝရဘုရား​မိန့်မှာချက်​အရ ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​၏​စကား​ကို​လိုက်နာ​ရန် ယုဒ​ပြည်သား​တို့​အား တစ်စိတ်တစ်သဘောတည်း​ရှိ​ခြင်း​ကို ဘုရားသခင်​ပေးသနား​တော်မူ​၏​။
13ဤသို့ဖြင့် ဒုတိယ​လ​တွင် တဆေးမဲ့မုန့်​ပွဲတော်​ကို​ကျင်းပ​ရန် ဂျေရုဆလင်​မြို့​သို့ လူ​အမြောက်အမြား​စုဝေး​လာ​ကြ​၍ ဧရာမ​လူအုပ်ကြီး​ဖြစ်​လေ​၏​။ 14သူ​တို့​သည် ထ​၍​ဂျေရုဆလင်​မြို့​ရှိ ယဇ်ပလ္လင်​များ​နှင့် နံ့သာပေါင်း​ယဇ်ပလ္လင်​ရှိသမျှ​ကို ဖြိုချ​ပြီး ကေဒြုန်​ချိုင့်ဝှမ်း​ထဲသို့ ပစ်ချ​ကြ​၏​။ 15ဒုတိယ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​တွင် ပသခါသိုးသငယ်​ကို သတ်​ကြ​၏​။ ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​တို့​သည် အရှက်ရ​၍ သန့်ရှင်း​ခြင်း​ဝတ်​ကို​ပြု​ကြ​၏​။ ထို့နောက် မီးရှို့ရာယဇ်​များ​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​သွား​ကြ​၏​။ 16သူ​တို့​သည် ဘုရားသခင်​၏​လူ​မောရှေ​၏​ပညတ်တရားကျမ်း​၌​ရှိ​သော စီရင်ထုံးဖွဲ့ချက်​အတိုင်း နေရာယူ​ကြ​၏​။ ထို့နောက် ယဇ်ပုရောဟိတ်​တို့​သည် လေဝိ​အမျိုး​တို့​ထံမှ အသွေး​ကို​ယူ​၍ ပက်ဖျန်း​ကြ​၏​။ 17လူထု​ထဲတွင် မိမိကိုယ်ကို​သန့်ရှင်း​ခြင်း​ဝတ်​မ​ပြု​ထား​သော​သူ​များ များစွာ​ရှိ​သောကြောင့် ထို​မ​သန့်ရှင်း​သေး​သော​သူ​အပေါင်း​တို့​ကို ထာဝရဘုရား​အဖို့ သန့်ရှင်း​စေရန် လေဝိ​အမျိုး​တို့​သည် ပသခါသိုးသငယ်​များ​ကို သတ်​ပေး​ကြ​၏​။ 18လူ​အမြောက်အမြား အထူးသဖြင့် ဧဖရိမ်​၊ မနာရှေ​၊ ဣသခါ​၊ ဇာဗုလုန်​အမျိုး​တို့​ထဲမှ လူ​အများစု​သည် မိမိကိုယ်ကို​စင်ကြယ်​အောင်​မ​ပြု​ရ​သေး​သော်လည်း ပသခါသိုးသငယ်​အသား​ကို စား​ကြ​၍ ပညတ်တရားကျမ်း​၌​ရေး​ထား​သည့်​အတိုင်း​မ​ပြု​ကြ​။ အကြောင်းမှာ ဟေဇကိ​မင်းကြီး​က “​အို ကောင်းမြတ်​တော်မူ​သော​ထာဝရဘုရား​၊ 19ဤ​လူ​အပေါင်း​တို့​သည် သန့်ရှင်းရာဌာန​၏​သန့်ရှင်း​ခြင်း​နည်း​အတိုင်း​မ​ဟုတ်​သော်လည်း သူ​တို့​၏​ဘိုးဘေး​တို့​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကို​ရှာ​ရန် စိတ်ပိုင်းဖြတ်​ထား​သည်​ဖြစ်​၍ သူ​တို့​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပါ​”​ဟု သူ​တို့​အတွက် ဆုတောင်း​ပေး​သောကြောင့်​ဖြစ်​၏​။ 20ထာဝရဘုရား​သည် ဟေဇကိ​မင်းကြီး​၏​ဆုတောင်းသံ​ကို​နားညောင်း​တော်မူ​ပြီး လူ​တို့​ကို ချမ်းသာပေး​တော်မူ​၏​။ 21ဂျေရုဆလင်​မြို့​သို့​လာရောက်​သော အစ္စရေး​အမျိုးသား​တို့​သည် တဆေးမဲ့မုန့်​ပွဲတော်​ကို ခုနစ်​ရက်​ပတ်လုံး အလွန်​ဝမ်းမြောက်ပျော်ရွှင်​စွာ ကျင်းပ​ကြ​၏​။ လေဝိ​အမျိုးသား​တို့​နှင့် ယဇ်ပုရောဟိတ်​တို့​သည်​လည်း ထာဝရဘုရား​ထံ နေ့စဉ်​ချီးမွမ်း​သီဆို​ကြ​၏​။ တူရိယာ​များ​တီးမှုတ်​လျက် ထာဝရဘုရား​အား ချီးမွမ်း​ကြ​၏​။ 22ဟေဇကိ​မင်းကြီး​သည်​လည်း ထာဝရဘုရား​၏​အမှု​တော်​ကို ကောင်းမွန်​ကျွမ်းကျင်​စွာ​ထမ်းဆောင်​သော လေဝိ​အမျိုးသား​အပေါင်း​တို့​အား အားပေးစကား​ပြောဆို​၏​။ ဤသို့ဖြင့် သူ​တို့​သည် ပွဲတော်​အစားအစာ​ကို ခုနစ်​ရက်​ပတ်လုံး စားသောက်​လျက်​၊ မိတ်သဟာယယဇ်​ကို​ပူဇော်​လျက် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ချီးမွမ်း​ကြ​၏​။
23လူထု​အပေါင်း​တို့​သည် ပွဲတော်​ကို နောက်ထပ်​ခုနစ်​ရက်​ကျင်းပ​ရန် တိုင်ပင်​ကြ​ပြီး ပွဲတော်​ကို နောက်ထပ်​ခုနစ်​ရက် ဝမ်းမြောက်​စွာ​ကျင်းပ​ကြ​၏​။ 24အကြောင်းမူကား ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​သည် လူထု​တစ်ရပ်လုံး​အတွက် နွား​အကောင်ရေ​တစ်ထောင်​၊ သိုး​အကောင်ရေ​ခုနစ်​ထောင်​ကို ပေးလှူပူဇော်​၏​။ မှူးမတ်​တို့​သည်​လည်း လူထု​အတွက် နွား​အကောင်ရေ​တစ်ထောင်​၊ သိုး​အကောင်ရေ​တစ်သောင်း​ကို ပေးလှူ​ပူဇော်​ကြ​၏​။ များစွာ​သော​ယဇ်ပုရောဟိတ်​တို့​သည်​လည်း မိမိကိုယ်ကို​သန့်ရှင်း​ခြင်း​ဝတ်​ပြု​ကြ​၏​။ 25ယုဒ​လူထု​အပေါင်း​တို့​နှင့်တကွ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ အစ္စရေး​ပြည်​မှ​လာ​သော​လူထု​အားလုံး​၊ အစ္စရေး​ပြည်​မှ​လာ​သော​တိုင်းတစ်ပါးသား​များ​နှင့် ယုဒ​ပြည်​တွင်​နေထိုင်​သော​တိုင်းတစ်ပါးသား​များ​တို့​သည် ဝမ်းမြောက်ပျော်ရွှင်​လျက် ရှိ​ကြ​၏​။ 26ဒါဝိဒ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ရှောလမုန်​မင်းကြီး​လက်ထက်​ကတည်းက ဂျေရုဆလင်​မြို့​တွင် ဤကဲ့သို့ ပွဲ​မျိုး​မ​ရှိ​ခဲ့​သောကြောင့် ဂျေရုဆလင်​မြို့​တွင် အလွန်​ပျော်ရွှင်ဝမ်းမြောက်​ခြင်း ရှိ​လေ​၏​။
27ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုးသား​တို့​သည် ထ​၍ လူ​တို့​အား ကောင်းချီးပေး​ကြ​၏​။ သူ​တို့​၏​အသံ​များ​ကို ကိုယ်တော်​ကြား​တော်မူ​၏​။ သူ​တို့​၏​ဆုတောင်းသံ​များ​သည် သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​သို့​တိုင် ရောက်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 30: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ