YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 28

28
ယုဒဘုရင်အာခတ်မင်းကြီး
1အာခတ်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​ခြောက်​နှစ်​စိုးစံ​၏​။ သူ​သည် သူ​၏​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​ကဲ့သို့ မ​ပြုကျင့်​။ ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​မ​ပြုကျင့်​ဘဲ 2အစ္စရေး​ဘုရင်​တို့ လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​ခဲ့​၏​။ ဗာလ​ရုပ်တု​များ​ကို​လည်း သွန်းလုပ်​၏​။ 3သူ​သည် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​တွင် နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​၏​။ အစ္စရေး​အမျိုးသား​တို့​ရှေ့​မှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော​လူမျိုးခြား​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ဓလေ့​များ​အတိုင်း ကိုယ့်​သား​များ​ကို​ပင် မီးရှို့​ပူဇော်​ခဲ့​၏​။ 4ထို့ပြင် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ တောင်ကုန်း​ပေါ်​နှင့် စိမ်းလန်း​သော​သစ်ပင်​အောက်​တို့​တွင် ယဇ်ပူဇော်​၍ နံ့သာပေါင်း​ကို​လည်း မီးရှို့ပူဇော်​၏​။
5ထို့ကြောင့် သူ​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ့​ကို ဆီးရီးယား​ဘုရင်​လက်​သို့ အပ်လိုက်​တော်မူ​၏​။ ဆီးရီးယား​လူမျိုး​တို့​သည် သူ့​ကို​အောင်​နိုင်​ပြီး သုံ့ပန်း​အမြောက်အမြား​ကို ဒမတ်စကပ်​မြို့​သို့ ဖမ်းဆီး​ခေါ်ဆောင်​သွား​၏​။ သူ​သည် အစ္စရေး​ဘုရင်​လက်​သို့​လည်း အပ်လိုက်​ခြင်း​ခံရ​သဖြင့် ထို​ဘုရင်​သည် သူ့​ကို အပြင်းအထန်​တိုက်ခိုက်​ချေမှုန်း​လေ​၏​။ 6သူ​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စွန့်ပယ်​သောကြောင့် ယုဒ​ပြည်​တွင် ရေမလိ​၏​သား​ပေကာ​မင်းကြီး​၏​လက်ချက်​ဖြင့် စစ်သူရဲ​အားလုံး တစ်သိန်းနှစ်သောင်း တစ်နေ့ချင်း​တွင် သေ​ကြ​ရ​၏​။ 7ဧဖရိမ်​စစ်သူရဲ​ဇိခရိ​သည်​လည်း ဘုရင့်​သား​တော်​မာသေယ​၊ နန်းတော်အုပ်​အာဇရိကံ​၊ ရှင်ဘုရင်​ပြီးလျှင် ရာထူး​အကြီးဆုံး​ဧလကာန​တို့​ကို ကွပ်မျက်​လေ​၏​။ 8အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​၏​ဆွေမျိုးသားချင်း​ထဲမှ မိန်းမ​များ​၊ သားသမီး​များ​စုစုပေါင်း နှစ်သိန်း​တို့​ကို​လည်း ဖမ်းဆီးခေါ်ဆောင်​သွား​ကြ​၏​။ သူ​တို့​ထံမှ တိုက်ရာပါပစ္စည်း​အများအပြား​တို့​ကို​လည်း သိမ်းယူ​ပြီး ရှမာရိ​မြို့​သို့ ယူဆောင်​သွား​ကြ​၏​။
9ရှမာရိ​မြို့​၌ ဩဒက်​အမည်​ရှိ​သော​ထာဝရဘုရား​၏​ပရောဖက်​တစ်​ပါး ရှိ​၏​။ သူ​သည် ရှမာရိ​မြို့​သို့​ပြန်လာ​သော​စစ်သည်​ဗိုလ်ခြေ​တို့​ကို ထွက်ကြို​ပြီး “​သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ယုဒ​အမျိုး​ကို အမျက်​ထွက်​၍ သူ​တို့​ကို သင်​တို့​၏​လက်​သို့​အပ်​တော်မူ​သည်​ကို သင်​တို့​သည် မိုး​ထိ​အောင်​အမျက်​ထွက်​၍ သူ​တို့​ကို​သတ်ဖြတ်​လေ​ပြီ​။ 10ယခု​လည်း သင်​တို့​သည် ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​ကို သင်​တို့​အဖို့ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​များ​အဖြစ် ခိုင်းစေ​ရန် ကြံရွယ်​လေ​ပြီ​။ သင်​တို့​ကိုယ်တိုင်​လည်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ပြစ်မှား​ကြ​သည်​မ​ဟုတ်​လော​။ 11ယခု ငါ​ပြော​သော​စကား​ကို နားထောင်​ပါ​လော့​။ သုံ့ပန်း​အဖြစ် သင်​တို့​ဖမ်းဆီးခေါ်ဆောင်​လာ​သော ကိုယ့်​ညီအစ်ကိုချင်း​တို့​ကို ပြန်လွှတ်​ပေး​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​ကို ပြင်းစွာ​အမျက်​ထွက်​လေ​ပြီ​”​ဟု ဆို​၏​။
12ထိုအခါ ယေဟောဟနန်​၏​သား​အာဇရိ​၊ မေရှိလမုတ်​၏​သား​ဗေရခိ​၊ ရှလ္လုံ​၏​သား​ဟေဇကိ​၊ ဟာဒလဲ​၏​သား​အာမသ စသည့်​ဧဖရိမ်​အမျိုးသား​ခေါင်းဆောင်​အချို့​တို့​သည်​ထ​၍ စစ်ပွဲ​မှ​ပြန်လာ​သူ​တို့​အား မျက်နှာချင်းဆိုင်​လျက် 13“​စစ်သုံ့ပန်း​တို့​ကို ဤ​နေရာ​သို့ မ​ခေါ်လာ​ကြ​ပါ​နှင့်​။ ငါ​တို့​သည် ထာဝရဘုရား​ကို​ပြစ်မှား​၍ ငါ​တို့​၏​အပြစ်​ပေါ်​အပြစ်​ထပ်​တင်​ရန် သင်​တို့​ကြံရွယ်​နေ​ကြ​ပါ​သည်​တကား​။ ငါ​တို့​အပြစ်​ကြီးမား​လွန်း​သောကြောင့် အစ္စရေး​လူမျိုး​ကို အမျက်​တော်​ပြင်းထန်​စွာ​ထွက်​လျက် ရှိ​၏​”​ဟု ဆို​ကြ​၏​။
14ထို့ကြောင့် စစ်သည်​တို့​သည် သုံ့ပန်း​များ​နှင့်​တိုက်ရာပါပစ္စည်း​များ​ကို အကြီးအကဲ​များ​နှင့် လူထု​တစ်ရပ်လုံး​ထံ အပ်နှံ​လိုက်​ကြ​၏​။ 15ထိုအခါ နာမည်​နှင့်တကွ​တာဝန်ရှိ​သူ​တို့​သည် ထ​၍ စစ်သုံ့ပန်း​များ​ကို​ခေါ်​ပြီး အဝတ်မရှိ​သူ​တို့​အား တိုက်ရာပါပစ္စည်း​များ​ထဲမှ​အဝတ်​များ​ကို​ဝတ်​စေ​၏​။ အဝတ်အစား​များ​၊ ဖိနပ်​များ​၊ အစား​အသောက်​များ​၊ လိမ်းစရာ​ဆီ​များ စသည်​တို့​ကို​လည်း​ပေး​၏​။ အားမရှိ​သော​သူ​တို့​ကို​လည်း မြည်း​ပေါ်​တင်​ကာ သူ​တို့​၏​ဆွေမျိုးသားချင်း​တို့​ရှိ​ရာ စွန်ပလွံ​မြို့ ခေါ် ဂျေရိခေါ​မြို့​သို့ ပြန်ပို့​ပြီးမှ ရှမာရိ​မြို့​သို့ ပြန်လာ​ကြ​၏​။ 16ထို​အချိန်​တွင် အာခတ်​မင်းကြီး​သည် အဆီးရီးယား​ဘုရင်​ထံ လူ​လွှတ်​၍​စစ်ကူတောင်း​၏​။ 17အကြောင်းမူကား ဧဒုံ​အမျိုးသား​တို့​သည် နောက်တစ်ဖန် ချီလာ​၍ ယုဒ​ပြည်​ကို​တိုက်ခိုက်​ပြီး သုံ့ပန်း​များ​ကို​ဖမ်းဆီးခေါ်ဆောင်​သွား​ကြ​၏​။ 18ထို့ပြင် ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း မြေနိမ့်ဒေသ​ရှိ​မြို့ရွာ​များ​နှင့် ယုဒ​ပြည်​နေဂေ့​အရပ်​ကို ဝင်ရောက်​တိုက်ခိုက်​ပြီး ဗက်ရှေမက်​မြို့​၊ အာယလုန်​မြို့​၊ ဂေဒရုတ်​မြို့​၊ စောခေါ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ တိမနတ်​မြို့​နှင့်​ဝန်းကျင်​မြို့ရွာ​များ​၊ ဂိမဇော​မြို့​နှင့်​ဝန်းကျင်​မြို့ရွာ​များ​ကို သိမ်းပိုက်​ကာ ထို​နေရာ​တို့​၌ နေထိုင်​ကြ​၏​။ 19အစ္စရေး​ဘုရင်​အာခတ်​မင်းကြီး​ကြောင့် ယုဒ​ပြည်သား​တို့​သည် ထာဝရဘုရား​အပေါ် သစ္စာမရှိ ဖောက်ပြန်မှားယွင်း​၍ အထိန်းအကွပ်မဲ့​ပြုမူ​ကြ​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် ယုဒ​ပြည်​ကို နှိမ့်ချ​တော်မူ​၏​။ 20အဆီးရီးယား​ဘုရင် တိဂလတ်ပိလေသာ​မင်းကြီး​သည်​လည်း သူ့​ထံ​ချီလာ​ပြီး အကူအညီ​ပေး​မည့်​အစား ဒုက္ခရောက်​အောင် ပြု​၏​။ 21အာခတ်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​၊ ဘုရင့်​နန်းတော်​နှင့်​မှူးမတ်​များ​ထံမှ ဥစ္စာဘဏ္ဍာ​များ​ကို​ယူ​၍ အဆီးရီးယား​ဘုရင်​အား​ပေး​သော်လည်း သူ့​ထံမှ​အကူအညီ​မ​ရ​ချေ​။
22အာခတ်​မင်းကြီး​သည် ဒုက္ခရောက်​နေ​ချိန်​တွင်​ပင် ထာဝရဘုရား​အပေါ် သစ္စာမဲ့​သော​လုပ်ရပ်​များ​ကို ဆက်​၍​သာ​လုပ်ဆောင်​လေ​၏​။ 23သူ​က “​ဆီးရီးယား​ဘုရင်​၏​ဘုရား​တို့​သည် သူ​တို့​ကို ကူညီ​၏​။ ထို​ဘုရား​တို့​ကို ယဇ်ပူဇော်​လျှင် ငါ့​ကို​လည်း​ကူညီ​လိမ့်မည်​”​ဟု တွေး​လျက် သူ့​ကို တိုက်ခိုက်​နှိမ်နင်း​ခဲ့​သော​ဒမတ်စကပ်​မြို့သား​တို့​၏​ဘုရား​များ​ကို ယဇ်ပူဇော်​လေ​၏​။ သို့သော် ထို​ဘုရား​တို့​သည် သူ​နှင့်​အစ္စရေး​တစ်မျိုးနွယ်လုံး​ကို ကျရှုံး​စေ​၏​။
24အာခတ်​မင်းကြီး​သည် ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​တို့​ကို စုပုံ​ပြီး ထို​ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​တို့​ကို ချိုးဖဲ့ဖျက်ဆီး​ပစ်​ကာ ထာဝရဘုရား​၏​အိမ်​တော်​တံခါး​များ​ကို​လည်း ပိတ်​ထား​၏​။ ထို့နောက် ဂျေရုဆလင်​မြို့​လမ်း​ထောင့်​ရှိသမျှ​တို့​၌ မိမိ​အဖို့​ယဇ်ပလ္လင်​များ​ကို တည်​၏​။ 25ယုဒ​ပြည်​ရှိ မြို့တိုင်း​တွင် အခြား​ဘုရား​တို့​ကို နံ့သာပေါင်း​မီးရှို့ပူဇော်​ရန်​အတွက် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို တည်​၏​။ ဤသို့ဖြင့် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို အမျက်ထွက်​စေ​၏​။
အာခတ်မင်းကြီး အနိစ္စရောက်ခြင်း
26ကျန်ရှိ​နေ​သော အာခတ်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​လျှောက်​ခဲ့​သမျှ​သော​လမ်း​အစ​အဆုံး​တို့​ကို ယုဒ​ဘုရင်​နှင့် အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။ 27အာခတ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ့​ကို ဂျေရုဆလင်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ သို့သော် အစ္စရေး​ဘုရင်​တို့​၏​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ပေ​။ သူ​၏​သား​တော်​ဟေဇကိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 28: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ