YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 23

23
အာသလိ ကွပ်မျက်ခံရခြင်း
1ခုနစ်​နှစ်​မြောက်​တွင် ယောယဒ​သည် သတ္တိမွေး​ကာ ရာတပ်မှူး​များ​ဖြစ်​သော ယေရောဟံ​၏​သား​အာဇရိ​၊ ယေဟောဟနန်​၏​သား​ဣရှမေလ​၊ ဩဗက်​၏​သား​အာဇရိ​၊ အဒါယ​၏​သား​မာသေယ​၊ ဇိခရိ​၏​သား​ဧလိရှဖတ်​တို့​နှင့် ကတိသစ္စာ​ပြု​၍ 2ယုဒ​ပြည်​တစ်လျှောက်လုံး​သို့​လှည့်လည်​သွားလာ​ပြီး ယုဒ​မြို့ရွာ​ရှိသမျှ​တို့​မှ လေဝိ​အမျိုး​များ​၊ အစ္စရေး​လူမျိုး​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​များ​ကို စည်းရုံး​သဖြင့် သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့ လာ​ကြ​၏​။
3ထို့နောက် ဘုရားသခင်​၏​အိမ်​တော်​တွင် လူထု​တစ်ရပ်လုံး​သည် ရှင်ဘုရင်​နှင့် ကတိသစ္စာ​ပြု​ကြ​ပြီး ယောယဒ​က “​ဒါဝိဒ်​မင်းကြီး​၏​သားမြေး​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား ကတိထား​ခဲ့​သည့်​အတိုင်း ရှင်ဘုရင်​၏​သား​တော်​သည် အုပ်စိုး​ရ​လိမ့်မည်​။ 4သင်​တို့ ဤသို့​ပြု​ရ​မည်​။ ဥပုသ်နေ့​တွင် တာဝန်ကျ​သော​ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​တို့​ကို သုံး​စု​ခွဲ​ပြီး တစ်စု​သည် တံခါးစောင့်​ရ​မည်​။ 5နောက်တစ်စု​သည် ဘုရင့်​နန်းတော်​ကို စောင့်ကြပ်​ရ​မည်​။ နောက်တစ်စု​သည် အုတ်မြစ်ချ​ရာ​တံခါး​ကို စောင့်ကြပ်​ရ​မည်​။ လူ​အားလုံး ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​ထဲ၌ ရှိ​နေ​ရ​မည်​။ 6ယဇ်ပုရောဟိတ်​များ​နှင့် အိမ်​တော်​အမှုထမ်း​များ​ဖြစ်​သော​လေဝိ​အမျိုး​တို့​မှတစ်ပါး မည်သူ့​ကို​မျှ ထာဝရဘုရား​၏​အိမ်​တော်​ထဲသို့ မ​ဝင်​စေ​နှင့်​။ သူ​တို့​သည် သန့်ရှင်း​သူ​များ​ဖြစ်​သောကြောင့် ဝင်ခွင့်​ရှိ​၏​။ လူ​အားလုံး ထာဝရဘုရား​၏​ညွှန်ကြားချက်​ကို လိုက်နာ​ရ​မည်​။ 7လေဝိ​အမျိုး​တစ်ဦးချင်းစီ​သည် လက်နက်​ကို​ကိုင်ဆောင်​ထား​ပြီး ရှင်ဘုရင်​ကို ဝိုင်းရံ​ထား​ရ​မည်​။ အိမ်​တော်​သို့ ဝင်လာ​သူ​တိုင်း​ကို သုတ်သင်​ပစ်​ရ​မည်​။ ရှင်ဘုရင်​သွား​လာ​လေရာရာ​သို့ သင်​တို့​လိုက်ပါ​စောင့်ရှောက်​ရ​မည်​”​ဟု မှာကြား​လေ​၏​။
8လေဝိ​အမျိုး​နှင့် ယုဒ​လူမျိုး​အပေါင်း​တို့​သည် ယဇ်ပုရောဟိတ်​ယောယဒ မှာကြား​သည့်​အတိုင်း ပြု​ကြ​၏​။ ယဇ်ပုရောဟိတ်​ယောယဒ​က အလှည့်ကျ​အဖွဲ့​များ​ကို ပြန်​မ​လွှတ်ပေး​သောကြောင့် အဖွဲ့ခေါင်းဆောင်​များ​သည် ဥပုသ်နေ့​တွင် တာဝန်ကျ​သူ​များ​နှင့် တာဝန်မကျ​သူ​များ​ပါ အသီးသီး​မိမိ​တို့​လူ​ကို ခေါ်ထား​ကြ​၏​။ 9ထို့နောက် ယဇ်ပုရောဟိတ်​ယောယဒ​သည် ဘုရားသခင်​၏​အိမ်​တော်​၌​ရှိ​သော ဒါဝိဒ်​မင်းကြီး​၏​လှံ​များ​၊ ဒိုင်းလွှားကြီး​များ​၊ ဒိုင်းလွှားငယ်​များ​ကို ရာတပ်မှူး​တို့​အား ပေးအပ်​၏​။ 10လူ​အပေါင်း​တို့​ကို လက်နက်​ကိုယ်စီ​ကိုင်ဆောင်​စေ​ပြီး အိမ်​တော်​တောင်ဘက်​ထောင့်​မှ အိမ်​တော်​မြောက်ဘက်​ထောင့်​အထိ ယဇ်ပလ္လင်​အနား​၊ အိမ်​တော်​အနား​တို့​၌ နေရာယူ​လျက် ရှင်ဘုရင်​ကို ခြံရံ​စေ​၏​။
11ထို့နောက် ယဇ်ပုရောဟိတ်​သည် ဘုရင့်​သား​တော်​ကို ထုတ်ဆောင်​လာ​၍ သရဖူ​နှင့်တကွ ကတိဝန်ခံလွှာ​ကို အပ်နှင်း​၏​။ ယောယဒ​နှင့်​သူ​၏​သား​တို့​သည်​လည်း သူ့​ကို ဘိသိက်ပေး​မင်းမြှောက်​ကာ “​မင်းကြီး သက်တော်ရှည်​ပါစေ​”​ဟု ကြွေးကြော်​ကြ​၏​။
12အာသလိ​ဘုရင်မ​သည် လူ​တို့​ပြေးလွှား​လှုပ်ရှား​နေ​၍ ရှင်ဘုရင်​အား​ချီးမွမ်းသီဆို​နေ​သော​အသံ​ကို ကြား​လျှင် လူ​တို့​စုဝေး​ရာ​ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​၏​။ 13ရှင်ဘုရင်​သည် အဝင်ဝ​တိုင်​နား​တွင် ရပ်​နေ​ပြီး မှူးမတ်​များ​၊ တံပိုးခရာမှုတ်သူ​များ​လည်း ရှင်ဘုရင်​အား ခြံရံ​လျက် ရှိ​နေ​သည်​ကို​လည်းကောင်း​၊ ပြည်သူပြည်သား​အပေါင်း​တို့​က ဝမ်းမြောက်​ပျော်ရွှင်​စွာ​တံပိုးခရာ​တူရိယာ​မှုတ်​လျက် သီချင်း​များ​ချီးမွမ်း​သီဆို​နေ​ကြ​သည်​ကို​လည်းကောင်း အာသလိ​ဘုရင်မ မြင်​ရ​လျှင် သူ့​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “​လျှို့ဝှက်ကြံစည်မှု​ပါ​တကား​၊ လျှို့ဝှက်ကြံစည်မှု​ပါ​တကား​”​ဟု အော်ဟစ်​လေ​၏​။
14ယဇ်ပုရောဟိတ်​ယောယဒ​က စစ်သည်​တို့​ကို အုပ်ချုပ်​ရ​သော​ရာတပ်မှူး​တို့​ကို ခေါ်ထုတ်​ပြီး “​သူ့​ကို စောင့်ကြပ်​ထား​သော​နေရာ​မှ ဆွဲထုတ်​လိုက်​ကြ​။ သူ့​နောက်မှ လိုက်ပါလာ​သော​သူ​တို့​ကို​လည်း ဓား​နှင့်​ကွပ်မျက်​လိုက်​ကြ​”​ဟု အမိန့်ပေး​လိုက်​၏​။ ယဇ်ပုရောဟိတ်​က “သူ့​ကို ထာဝရဘုရား​၏​အိမ်​တော်​တွင် မ​သတ်​ကြ​နှင့်”​ဟု မှာထား​သဖြင့် 15သူ့​ကို​ဖမ်းချုပ်​ခေါ်ဆောင်​သွား​ပြီး ဘုရင့်​နန်းတွင်း မြင်း​ဝင်ရာ​တံခါးဝ​သို့​ရောက်​သောအခါ သူ့​ကို ကွပ်မျက်​လိုက်​ကြ​လေ​၏​။
ယောယဒ၏ပြုပြင်ပြောင်းလဲခြင်း
16ထို့နောက် ယောယဒ​သည် မိမိ​အပါအဝင် ရှင်ဘုရင်​နှင့်​ပြည်သူပြည်သား​အားလုံး ထာဝရဘုရား​၏​လူမျိုး​တော်​များ​အဖြစ်​တည်​နေ​စေရန် ကတိသစ္စာ​ပြု​ကြ​၏​။ 17ထို့နောက် ပြည်သူပြည်သား​အပေါင်း​တို့​သည် ဗာလ​ဘုရား​ဝတ်ကျောင်း​သို့​သွား​၍ ထို​ဝတ်ကျောင်း​ကို​ဖြိုဖျက်​ပစ်​ပြီး သူ​၏​ယဇ်ပလ္လင်​များ​၊ ရုပ်တု​များ​ကို ချိုးဖျက်​ပစ်​ကြ​၏​။ ဗာလ​ဘုရား​၏​ယဇ်ပုရောဟိတ်​မဿန်​ကို​လည်း ယဇ်ပလ္လင်​ရှေ့​တွင် ကွပ်မျက်​လိုက်​ကြ​၏​။
18ထို့နောက် ယောယဒ​သည် ဒါဝိဒ်​မင်းကြီး​ကိုယ်တိုင် ခွဲခန့်​ထား​ခဲ့​သည့် ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​တို့​အား ထာဝရဘုရား​၏​အိမ်​တော်​ကို တာဝန်ယူ​ကြီးကြပ်​ရန် ခန့်ထား​၏​။ သူ​တို့​သည် မောရှေ​၏​ပညတ်တရားကျမ်း​တွင်​ရေးထား​သည့်​အတိုင်း ထာဝရဘုရား​၏​အိမ်​တော်​တွင် ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​ကို ပူဇော်​ရ​ပြီး ဒါဝိဒ်​မင်းကြီး​မိန့်မှာ​ထား​ခဲ့​သည့်​အတိုင်း ဝမ်းမြောက်​စွာ​ချီးမွမ်းသီချင်း သီဆို​ရ​သော​သူ​များ​ဖြစ်​ကြ​၏​။ 19တစ်စုံတစ်ရာ​ကြောင့် ညစ်ညူး​သော​သူ​တို့ မ​ဝင်ရောက်​နိုင်​စေရန် ထာဝရဘုရား​၏​အိမ်​တော်​တံခါး​များ​တွင် တံခါးစောင့်​များ​ကို ချထား​၏​။ 20ရာတပ်မှူး​များ​၊ မှူးမတ်​များ​၊ ပြည်သူ​တို့​ကို​ကြီးကြပ်​ပေး​မည့်​သူ​များ​နှင့် ပြည်သူပြည်သား​အားလုံး​တို့​ကို ဆင့်ခေါ်​၍ ရှင်ဘုရင်​ကို ထာဝရဘုရား​၏​အိမ်​တော်​မှ​ခေါ်ထုတ်​လာ​ကြ​၍ အထက်​တံခါး​လမ်း​အတိုင်း ဘုရင့်​နန်းတော်​သို့​ကြွချီ​စေ​ပြီး တော်ဝင်​ရာဇပလ္လင်​တွင် စံမြန်း​စေ​လေ​၏​။ 21ပြည်သူပြည်သား​အပေါင်း​တို့​သည်​လည်း ဝမ်းမြောက်ပျော်ရွှင်​ကြ​၏​။ အာသလိ​ဘုရင်မ​ကို ဓား​နှင့်​ကွပ်မျက်​လိုက်​ပြီ​ဖြစ်​၍ တစ်မြို့လုံး​ငြိမ်းချမ်း​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 23: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ