YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 16

16
အာသမင်းကြီးက ဆီးရီးယားဘုရင်အား ကမ်းလှမ်းခြင်း
1အာသ​မင်းကြီး​နန်းစံ​သုံးဆယ့်​ခြောက်​နှစ်​တွင် အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​သည် ယုဒ​ပြည်​သို့​ချီလာ​၍ ယုဒ​ဘုရင်​အာသ​မင်းကြီး​ထံ မည်သူ​မျှ​ဝင်ထွက်​သွားလာ​ခြင်း​မ​ပြု​နိုင်​အောင် ရာမ​မြို့​ကို​တည်​၏​။ 2ထိုအခါ အာသ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​နှင့် ရှင်ဘုရင်​နန်းတော်​ရှိ​ဘဏ္ဍာတိုက်​တို့​မှ ရွှေ​ငွေ​တို့​ကို​ယူ​၍ ဒမတ်စကပ်​မြို့​၌​နန်းစံ​သော ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​ထံသို့ ပေးပို့​လျက် 3“​သင့်​ခမည်းတော်​နှင့်​အကျွန်ုပ်​၏​ခမည်းတော် ကတိသစ္စာ​ပြု​ခဲ့​သကဲ့သို့ သင်​နှင့်​အကျွန်ုပ်​လည်း ကတိသစ္စာ​ပြု​ခဲ့​ပါ​၏​။ ယခု သင့်​အား ရွှေ​ငွေ​များ​ကို ပို့ပေး​လိုက်​ပါ​၏​။ အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​သည် အကျွန်ုပ်​ထံ​မှ တပ်ရုပ်သွား​ရန် သူ​နှင့်​ပြု​သော​ကတိသစ္စာ​ကို သွား​၍​ဖျက်​ပါ​လော့​”​ဟု မှာလိုက်​လေ​၏​။
4ဗင်္ဟာဒဒ်​မင်းကြီး​သည် အာသ​မင်းကြီး​၏​စကား​ကို​လက်ခံ​ပြီး မိမိ​တပ်မှူးကြီး​များ​ကို အစ္စရေး​မြို့​များ​သို့​စေလွှတ်​၍ ဣယုန်​မြို့​၊ ဒန်​မြို့​၊ အာဗေလမိမ်​မြို့​မှစ၍ နဿလိ​နယ်​ရှိ​သိုလှောင်ရာ​မြို့​ရှိသမျှ​တို့​ကို သွားရောက်တိုက်ခိုက်​စေ​၏​။ 5ထို​သတင်း​ကို ဗာရှာ​မင်းကြီး​ကြား​လျှင် ရာမ​မြို့​တည်ဆောက်​ခြင်း​အမှု​ကို​ဆက်မလုပ်​တော့​ဘဲ ရပ်စဲ​လိုက်​လေ​၏​။ 6အာသ​မင်းကြီး​သည်​လည်း ယုဒ​ပြည်သူပြည်သား​အပေါင်း​တို့​ကို ခေါ်ဆောင်​လာ​၍ ရာမ​မြို့​ကို​ဗာရှာ​မင်းကြီး​တည်​ရာ​၌ အသုံးပြု​ခဲ့​သော ကျောက်တုံး​၊ သစ်သား​များ​ကို ယူဆောင်​သွား​စေ​ကာ ထို​ပစ္စည်း​များ​ဖြင့် ဂေဗ​မြို့​နှင့် မိဇပါ​မြို့​ကို တည်​လေ​၏​။
ဟာနနိက အာသမင်းကြီးအား အပြစ်တင်ဆုံးမခြင်း
7ထိုအခါ စိတ်အာရုံရသူ​ဟာနနိ​သည် ယုဒ​ဘုရင်​အာသ​မင်းကြီး​ထံ​သွား​၍ “​သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို မ​ကိုးစား​ဘဲ ဆီးရီးယား​ဘုရင်​ကို ကိုးစား​သောကြောင့် ဆီးရီးယား​ဘုရင်​၏​စစ်တပ်​သည် သင့်​လက်​မှ လွတ်မြောက်​သွား​ပြီ​။ 8အီသီယိုးပီးယား​လူမျိုး​နှင့် လစ်ဗျား​လူမျိုး​တို့​တွင်​လည်း စစ်ရထား​နှင့် မြင်းစီးသူရဲ​မြောက်မြား​စွာ​ရှိ​သော​စစ်တပ်ကြီး​ရှိ​သည် မ​ဟုတ်​လော​။ သို့သော် သင်​သည် ထာဝရဘုရား​ကို ကိုးစား​သောကြောင့် သူ​တို့​ကို သင့်​လက်​သို့ အပ်​တော်မူ​ခဲ့​၏​။ 9ထာဝရဘုရား​၌ စိတ်နှလုံး​အကြွင်းမဲ့​ယုံကြည်ကိုးစား​သူ​တို့​ကို ခွန်အား​ဖြည့်ပေး​ရန် ကိုယ်တော်​သည် မြေကြီး​တစ်ပြင်လုံး​ကို အစဉ်​ကြည့်ရှု​တော်မူ​၏​။ သင်​မိုက်မဲ​စွာ​ပြု​မိ​ပြီ​ဖြစ်​သောကြောင့် ယခု​မှစ၍ သင်​သည် စစ်ပွဲ​များ​နှင့် ရင်ဆိုင်​ရ​တော့​မည်​”​ဟု ဆင့်ဆို​၏​။ 10ထိုသို့​ဆင့်ဆို​သောကြောင့် အာသ​မင်းကြီး​သည် စိတ်အာရုံရသူ​ကို အမျက်ထွက်​လေ​၏​။ အမျက်​ပြင်းစွာ​ထွက်​၍ သူ့​ကို ထောင်​ထဲ၌​ထည့်​ထား​လေ​၏​။ ပြည်သား​အချို့​တို့​ကို​လည်း ထို​အချိန်​မှစ၍ အာသ​မင်းကြီး​သည် ညှဉ်းဆဲ​လေ​၏​။
အာသမင်းကြီးအနိစ္စရောက်ခြင်း
11အာသ​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို အစ္စရေး​ဘုရင်​၊ ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။ 12အာသ​မင်းကြီး​နန်းစံ​သုံးဆယ့်​ကိုး​နှစ်​တွင် သူ​၏​ခြေထောက်​၌ အနာရောဂါ​စွဲကပ်​၏​။ ထို​အနာရောဂါ​သည် အလွန်​ပြင်းထန်​သော်လည်း ထာဝရဘုရား​ကို မ​ရှာ​ဘဲ သမားတော်​များ​နှင့်​သာ ဆေးကုသ​ခဲ့​၏​။ 13နောက်ဆုံး​တွင် အာသ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၏​။ နန်းစံ​လေးဆယ့်​တစ်​နှစ်​တွင် အနိစ္စရောက်​လေ​၏​။ 14ဒါဝိဒ်​မြို့​ရှိ သူ​ကိုယ်တိုင်​ပြုလုပ်​ထား​သော​သင်္ချိုင်းဂူ​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ အလောင်း​တော်​ကို အမွှေးနံ့သာ​နှင့် နံ့သာဆီ​အမျိုးမျိုး​ဖြင့် ဖော်စပ်​ထား​သော​အမွှေးနံ့သာဆီ​ထည့်​ထား​သည့် အခေါင်းတလား​ထဲတွင် ထည့်​ထား​ပြီး သူ့​အဖို့ မီးပွဲသဘင်​ကို ခမ်းနား​စွာ​ကျင်းပ​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 16: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ