YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 15

15
အာသမင်းကြီးလက်ထက် နိုးထမှုဖြစ်ခြင်း
1ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ဩဒက်​၏​သား​အာဇရိ​အပေါ်​သို့ သက်ရောက်​၍ 2သူ​သည် အာသ​မင်းကြီး​ထံ​သွား​ကာ “​အို အာသ​မင်းကြီး​နှင့် ယုဒ​အမျိုး​၊ ဗင်္ယာမိန်​အမျိုး​အပေါင်း​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​ပါ​လော့​။ သင်​တို့​သည် ထာဝရဘုရား​နှင့်အတူ​ရှိ​လျှင် ထာဝရဘုရား​သည်​လည်း သင်​တို့​နှင့်အတူ ရှိ​လိမ့်မည်​။ ကိုယ်တော်​ကို​ရှာ​လျှင် အတွေ့ခံ​တော်မူ​မည်​။ ကိုယ်တော်​ကို စွန့်ပစ်​လျှင် ကိုယ်တော်​သည်​လည်း သင်​တို့​ကို စွန့်ပစ်​တော်မူ​မည်​။ 3အစ္စရေး​လူမျိုး​တို့​တွင် ကာလ​ကြာမြင့်​စွာ​စစ်မှန်​သော​ဘုရား​မ​ရှိ​၊ သွန်သင်​ပေး​မည့်​ယဇ်ပုရောဟိတ်​မ​ရှိ​၊ ပညတ်တရား​လည်း​မ​ရှိ​။ 4သို့သော် သူ​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​ပြန်လာ​ပြီး ကိုယ်တော်​ကို ရှာ​ကြ​သောအခါ သူ​တို့​ကို အတွေ့ခံ​တော်မူ​၏​။ 5ထို​ကာလ​၌ တိုင်းပြည်​တွင်​နေထိုင်​သူ​အပေါင်း​တို့​သည် အလွန်​ကြောက်ရွံ့ထိတ်လန့်​နေ​ရ​ပြီး သွား​လာ​ရာ​တွင်​လည်း လုံခြုံမှု​မ​ရှိ​ခဲ့​ကြ​။ 6ဘုရားသခင်​သည် သူ​တို့​ကို ဘေးဒုက္ခ​အမျိုးမျိုး​နှင့် ဆုံးမ​တော်မူ​သဖြင့် သူ​တို့​သည် လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး​၊ မြို့​တစ်​မြို့​နှင့်​တစ်​မြို့ ချေမှုန်းတိုက်ဖျက်​ကြ​၏​။ 7သင်​တို့​မူကား အားယူ​ကြ​လော့​။ စိတ်​မ​ပျက်​ကြ​နှင့်​။ အကြောင်းမူကား သင်​တို့​၏​လုပ်ဆောင်မှု​အတွက် အဖိုးအခ​ကို ရရှိ​ကြ​လိမ့်မည်​”​ဟု ဆင့်ဆို​၏​။
8အာသ​မင်းကြီး​သည် ထို​စကား​များ​နှင့် ပရောဖက်​ဩဒက် ပရောဖက်ပြု​သော​စကား​များ​ကို ကြား​သောအခါ အားတက်​လာ​ပြီး ယုဒ​ပြည်​တစ်ပြည်လုံး​၊ ဗင်္ယာမိန်​ပြည်​တစ်ပြည်လုံး​နှင့် ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ သူ​သိမ်းယူ​ထား​သော​မြို့ရွာ​များ​မှ ရွံရှာဖွယ်​ရာ​များ​ကို ဖယ်ရှား​ပစ်​၏​။ ထာဝရဘုရား​၏​အိမ်​တော်​ဆင်ဝင်​ရှေ့​ရှိ ထာဝရဘုရား​၏​ယဇ်ပလ္လင်​ကို​လည်း ပြုပြင်​လေ​၏​။ 9ဘုရားသခင်​ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​သည်​ကို သိမြင်​ကြ​သောအခါ အစ္စရေး​လူမျိုး​ထဲမှ​ထွက်လာ​ပြီး သူ့​ထံသို့ လာရောက်​ပူးပေါင်း​သူ​များစွာ​ရှိ​သောကြောင့် သူ​သည် ယုဒ​အမျိုး​၊ ဗင်္ယာမိန်​အမျိုး​တို့​မှစ၍ ဧဖရိမ်​အမျိုး​၊ မနာရှေ​အမျိုး​၊ ရှိမောင်​အမျိုး​အပါအဝင် သူ​တို့​နှင့်အတူ​နေထိုင်​သော​တိုင်းတစ်ပါးသား​အားလုံး​ကို စုရုံး​၏​။
10သူ​တို့​သည် အာသ​မင်းကြီး နန်းစံ​တစ်ဆယ့်​ငါး​နှစ်​၊ တတိယ​လ​တွင် ဂျေရုဆလင်​မြို့​၌ စုဝေး​ကြ​ပြီး 11ထို​နေ့​တွင် တိုက်ရာပါပစ္စည်း​များ​ထဲမှ နွား​အကောင်​ခုနစ်​ရာ​၊ သိုး​အကောင်​ခုနစ်​ထောင်​တို့​ကို ထာဝရဘုရား​အား ယဇ်ပူဇော်​ကြ​၏​။ 12ထို့နောက် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ရှာ​မည်​ဟု ကတိသစ္စာ​ပြု​ကြ​၏​။ 13လူကြီး​လူငယ်​၊ ယောက်ျား​မိန်းမ မရွေး အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို မ​ရှာ​သော​သူ​အားလုံး အသတ်​ခံရ​မည်​ဖြစ်​၏​။ 14သူ​တို့​သည် အသံ​ကျယ်လောင်​စွာ​ကြွေးကြော်​လျက်​၊ တံပိုးခရာ​များ​နှင့် သိုးချို​များ​ကို မှုတ်​လျက် ထာဝရဘုရား​ထံ တိုင်တည်ကျိန်ဆို​ကြ​၏​။ 15ထိုသို့ ကျိန်ဆို​ရ​ခြင်း​အတွက် ယုဒ​လူမျိုး​အပေါင်း​တို့​သည် ဝမ်းမြောက်ဝမ်းသာ​ဖြစ်​ကြ​၏​။ အကြောင်းမူကား သူ​တို့​သည် စိတ်နှလုံး​အကြွင်းမဲ့​ကျိန်ဆို​ပြီး ထာဝရဘုရား​ကို စိတ်လိုလက်ရ​ရှာ​သောကြောင့် သူ​တို့​ကို အတွေ့ခံ​တော်မူ​၏​။ ထာဝရဘုရား​သည်​လည်း အရပ်ရပ်​၌ ငြိမ်းချမ်း​ခြင်း ရှိ​စေ​တော်မူ​၏​။
16အာသ​မင်းကြီး​သည် အာရှရ​နတ်ဘုရားမ​ရုပ်တု​ကို ပြုလုပ်​ကိုးကွယ်​သော မိမိ​၏​အဘွားတော်​မာခါ​ကို​လည်း မယ်တော်​မိဖုရား​အရာ​မှ​နုတ်ပယ်​ပစ်​ပြီး ထို​ရုပ်တု​ကို​ခုတ်လှဲ​ဖျက်ဆီး​ကာ ကေဒြုန်​ချိုင့်ဝှမ်း​တွင် မီးရှို့​ပစ်​လေ​၏​။ 17အာသ​မင်းကြီး​သည် အစ္စရေး​ပြည်​ရှိ အထွတ်အမြတ်​ထား​ရာ​နေရာ​များ​ကို မ​ဖယ်ရှား​ခဲ့​သော်လည်း သူ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ​၏​စိတ်နှလုံး​သည် ပြည့်ဝစုံလင်​ခြင်း ရှိ​လေ​၏​။ 18သူ​သည် ခမည်းတော်​ဆက်ကပ်လှူဒါန်း​ခဲ့​သော​ပစ္စည်း​များ​၊ မိမိကိုယ်တိုင်​ဆက်ကပ်​လှူဒါန်း​ခဲ့​သော​ပစ္စည်း​များ​နှင့် ရွှေ​ထည်​ငွေ​ထည်​အသုံးအဆောင်​များ​ကို ဘုရားသခင်​၏​အိမ်​တော်​သို့ ယူဆောင်​လာ​၏​။
19အာသ​မင်းကြီး နန်းစံ​သုံးဆယ်​ငါး​နှစ်​အထိ စစ်ပွဲ​ဟူ၍ မ​ရှိ​ခဲ့​ပေ​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 15: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ