YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 12

12
ရှိရှက်၏ကျူးကျော်နယ်ချဲ့ခြင်း
1ရောဗောင်​မင်းကြီး​သည် နိုင်ငံ​တော်​တည်မြဲ​၍ အင်အားကြီးမား​လာ​သောအခါ သူ​နှင့်​အစ္စရေး​လူမျိုး​တစ်မျိုးလုံး ထာဝရဘုရား​၏​ပညတ်တော်​များ​ကို စွန့်ပယ်​ကြ​လေ​၏​။ 2ဤသို့ ထာဝရဘုရား​ကို​သစ္စာမဲ့​သောကြောင့် ရောဗောင်​မင်းကြီး​နန်းစံ​ငါး​နှစ်​တွင် အီဂျစ်​ဘုရင်​ရှိရှက်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​သို့ ချီလာ​၏​။ 3သူ​နှင့်အတူ စစ်ရထား​အစီးရေ​တစ်ထောင့်​နှစ်ရာ​၊ မြင်းစီးသူရဲ​ခြောက်သောင်း​နှင့် မရေမတွက်​နိုင်​သော အီဂျစ်​ပြည်​မှ လစ်ဗျား​လူမျိုး​၊ သုကိ​လူမျိုး​၊ အီသီယိုးပီးယား​လူမျိုး​တို့​၏​စစ်သည်​များ လိုက်ပါ​လာ​ကြ​၏​။ 4ထို​မင်းကြီး​သည် ယုဒ​ပြည်​ရှိ ခံတပ်​မြို့​များ​ကို သိမ်းပိုက်​ပြီး ဂျေရုဆလင်​မြို့​တိုင်အောင် ဆက်လက်​ချီတက်​၏​။
5ထိုအခါ ရှိရှက်​မင်းကြီး​ကြောင့် ဂျေရုဆလင်​မြို့​တွင် စုဝေး​နေ​ကြ​သော ရောဗောင်​မင်းကြီး​နှင့် ယုဒ​ခေါင်းဆောင်​များ​ထံသို့ ပရောဖက်​ရှေမာယ​ရောက်လာ​၍ သူ​တို့​အား “ ‘​သင်​တို့​သည် ငါ့​ကို​စွန့်ပယ်​ခဲ့​သောကြောင့် ငါ​သည်​လည်း သင်​တို့​ကို​စွန့်​ပြီး ရှိရှက်​မင်းကြီး​လက်​သို့ အပ်လိုက်​ပြီ​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​လေ​၏​။
6ထိုအခါ ရှင်ဘုရင်​နှင့် အစ္စရေး​အကြီးအကဲ​တို့​က မိမိကိုယ်ကို​နှိမ့်ချ​ပြီး “​ထာဝရဘုရား ဖြောင့်မတ်​တော်မူ​ပါ​၏​”​ဟု ဆို​ကြ​၏​။
7ဤသို့ မိမိကိုယ်ကို​နှိမ့်ချ​ကြ​သည်​ကို ထာဝရဘုရား​မြင်​တော်မူ​လျှင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ရှေမာယ​ထံ​ရောက်လာ​ပြန်​၍ “​သူ​တို့​သည် မိမိကိုယ်ကို​နှိမ့်ချ​ကြ​သောကြောင့် သူ​တို့​ကို ငါ​မ​ဖျက်ဆီး​။ အသက်ချမ်းသာ​ခွင့်​ကို​ကား ငါ​ပေး​မည်​။ ရှိရှက်​မင်းကြီး​အားဖြင့် ငါ့​အမျက်​တော်​ကို ဂျေရုဆလင်​မြို့​ပေါ်သို့ ငါ​သွန်ချ​မည်​မ​ဟုတ်​။ 8သို့သော် ငါ့​ထံ အမှုထမ်း​ခြင်း​နှင့် တိုင်းနိုင်ငံ​များ​ထံ အမှုထမ်း​ခြင်း​ကို ခွဲခြား​သိမြင်​နိုင်​ရန် သူ​တို့​ကို ရှိရှက်​မင်းကြီး​ထံ ကျွန်ခံ​စေ​မည်​”​ဟု မိန့်ဆို​စေ​၏​။
9အီဂျစ်​ဘုရင်​ရှိရှက်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ကို လာရောက်​တိုက်ခိုက်​သောအခါ ထာဝရဘုရား​၏​အိမ်​တော်​ရှိ​ဘဏ္ဍာ​များ​နှင့် ရှင်ဘုရင်​နန်းတော်​ရှိ​ဘဏ္ဍာ​များ​ကို ယူဆောင်​သွား​၏​။ ထို​အရာ​အားလုံး​ကို​ယူဆောင်​သွား​သည့်​အပြင် ရှောလမုန်​မင်းကြီး​ပြုလုပ်​ခဲ့​သော ရွှေ​ဒိုင်းလွှား​များ​ကို​လည်း ယူဆောင်​သွား​၏​။ 10ထို့ကြောင့် ရောဗောင်​မင်းကြီး​သည် ရွှေ​ဒိုင်းလွှား​များ​အစား ကြေးနီ​ဒိုင်းလွှား​များ​ကို ပြုလုပ်​ပြီး ဘုရင့်​နန်းတော်​တံခါး​စောင့်ကြပ်​သော တံခါးမှူး​တို့​၏​လက်​သို့ အပ်​၏​။ 11ရှင်ဘုရင်​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ ဝင်ရောက်​သည့်​အခါတိုင်း တံခါးစောင့်​တို့​သည် ထို​ဒိုင်းလွှား​တို့​ကို ကိုင်ဆောင်​ရ​၏​။ ပြီးလျှင် ထို​ဒိုင်းလွှား​တို့​ကို တံခါးစောင့်​တို့​၏​အခန်း​ထဲတွင် ပြန်​သိမ်း​ထား​ရ​၏​။ 12ရောဗောင်​မင်းကြီး​သည် မိမိကိုယ်ကို​နှိမ့်ချ​သောကြောင့် ထာဝရဘုရား​၏​အမျက်​တော်​သည် သူ့​ထံမှ​လွှဲသွား​လေ​၏​။ အကုန်အစင်​ဖျက်ဆီး​ခြင်း​ကို မ​ခံရ​။ ထို့ကြောင့် ယုဒ​ပြည်​အေးချမ်းသာယာ​သွား​လေ​၏​။
ရောဗောင်မင်းကြီး၏နောက်ဆုံးနေ့ရက်များ
13ရောဗောင်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​တွင် အာဏာ​ကို​တည်မြဲ​စေ​ပြီး ဆက်လက်​အုပ်စိုး​၏​။ ရောဗောင်​မင်းကြီး​နန်းတက်​သောအခါ သက်တော်​လေးဆယ့်​တစ်​နှစ်​ရှိ​၏​။ သူ​သည် ထာဝရဘုရား​က မိမိ​၏​နာမ​ကို တည်​စေရန် အစ္စရေး​မျိုးနွယ်​အားလုံး​ထဲမှ ရွေးချယ်​တော်မူ​သော ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​ခုနစ်​နှစ်​စိုးစံ​ခဲ့​၏​။ မယ်တော်​ကား အမ္မုန်​အမျိုးသမီး နေမ​အမည်​ရှိ​၏​။ 14ရောဗောင်​မင်းကြီး​သည် ထာဝရဘုရား​ကို ရှာ​လို​သော​စိတ်​မ​ရှိ​ဘဲ မကောင်းမှု​များ​ကို​သာ ပြု​ခဲ့​၏​။
15ရောဗောင်​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို ပရောဖက်​ရှေမာယ​နှင့် ဗျာဒိတ်ရသူ​ဣဒေါ​၏​မျိုးရိုးစဉ်ဆက်​မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#12:15 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။ ရောဗောင်​မင်းကြီး​နှင့် ယေရောဗောင်​မင်းကြီး​တို့​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အချင်းချင်း​စစ်တိုက်​ခဲ့​ကြ​၏​။ 16ရောဗောင်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ သား​တော်​အဘိယ#12:16 “အဘိယံ” (၃ရာ 14:31)။​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 12: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ