YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 11

11
ဂျေရုဆလင်မြို့သို့ရောက်လာသော ရောဗောင်မင်းကြီး
1ရောဗောင်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​လျှင် အစ္စရေး​လူမျိုး​တို့​ကို​တိုက်ခိုက်​ပြီး ရောဗောင်​အဖို့ နိုင်ငံ​တော်​ပြန်ရယူ​ရန် ယုဒ​အမျိုးအနွယ်​နှင့် ဗင်္ယာမိန်​အမျိုးအနွယ်​တို့​မှ လက်ရွေးစင်​စစ်သား​တစ်သိန်း​ရှစ်သောင်း​ကို စုဝေး​စေ​၏​။ 2သို့ရာတွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဘုရားသခင်​၏​လူ​ရှေမာယ​ထံသို့​ရောက်လာ​၍ 3“​ရှောလမုန်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ရောဗောင်​မင်းကြီး​မှစ၍ ယုဒ​ပြည်​၊ ဗင်္ယာမိန်​ပြည်​ရှိ အစ္စရေး​လူမျိုး​အပေါင်း​တို့​အား 4ထာဝရဘုရား​က ‘​သင်​တို့​၏​ညီအစ်ကို​တို့​အား သွား​၍​မ​တိုက်ခိုက်​ရ​။ ကိုယ့်​အိမ်​သို့ အသီးသီး​ပြန်သွား​ကြ​လော့​။ ဤ​အမှု​သည် ငါ​ပြု​သော​အမှု​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။ လူ​တို့​သည် ထာဝရဘုရား​မိန့်​တော်မူ​သည်​ကို နာခံ​၍ ယေရောဗောင်​မင်းကြီး​ထံ စစ်ချီ​ရာ​မှ လှည့်ပြန်​သွား​ကြ​လေ​၏​။
ယုဒဘုရင်ရောဗောင်မင်းကြီး
5ထို့နောက်တွင် ရောဗောင်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​တွင်​စံမြန်း​ပြီး ယုဒ​ပြည်​တွင် ခံတပ်​မြို့​များ​ကို တည်ဆောက်​၏​။
6ဗက်လင်​မြို့​၊ ဧတံ​မြို့​၊ တေကော​မြို့​၊
7ဗက်ဇုရ​မြို့​၊ စောခေါ​မြို့​၊ အဒုလံ​မြို့​၊
8ဂါသ​မြို့​၊ မရေရှ​မြို့​၊ ဇိဖ​မြို့​၊
9အဒေါရိမ်​မြို့​၊ လာခိရှ​မြို့​၊ အဇေကာ​မြို့​၊
10ဇောရာ​မြို့​၊ အာယလုန်​မြို့​၊ ဟေဗြုန်​မြို့ စသော​မြို့​တို့​ကို တည်ဆောက်​ခဲ့​၏​။ ဤ​မြို့​များ​သည် ယုဒ​နယ်​၊ ဗင်္ယာမိန်​နယ်​တို့​တွင်​ရှိ​သော ခံတပ်​မြို့​များ​ဖြစ်​၏​။ 11သူ​သည် ခံတပ်​မြို့​များ​ကို ခိုင်ခံ့​အောင်​လုပ်​ပြီး ထို​နေရာ​တွင် အုပ်ချုပ်သူ​များ​ကို ခန့်ထား​ကာ စားနပ်ရိက္ခာ​များ​၊ သံလွင်ဆီ​များ​၊ စပျစ်ဝိုင်​များ​ကို သိုလှောင်​ထား​၏​။ 12မြို့​တိုင်း​တွင် ဒိုင်းလွှား​များ​၊ လှံ​များ ထားရှိ​ပြီး တောင့်တင်း​ခိုင်မာ​အောင်​ပြု​၏​။ ဤသို့ဖြင့် ယုဒ​ပြည်​နှင့် ဗင်္ယာမိန်​ပြည်​ကို အုပ်ချုပ်​လေ​၏​။
13အစ္စရေး​ပြည်​တစ်ပြည်လုံး​ရှိ​ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​တို့​သည် ကိုယ့်​နေရပ်​အသီးသီး​မှ ရောဗောင်​မင်းကြီး​ထံသို့ လာ​ကြ​၏​။ 14ယေရောဗောင်​မင်းကြီး​နှင့် သူ​၏​သား​တို့​သည် လေဝိ​အမျိုး​တို့​ကို ထာဝရဘုရား​အမှု​တော်​ဆောင်​သော​ယဇ်ပုရောဟိတ်​အဖြစ်​မှ ရပ်စဲ​သွား​စေ​သောကြောင့် လေဝိ​အမျိုး​တို့​သည် မိမိ​တို့​စားကျက်မြေ​များ​အပါအဝင် ပိုင်ဆိုင်​ရာ​များ​ကို​စွန့်​ပြီး ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​သို့ လာ​ကြ​၏​။ 15ယေရောဗောင်​မင်းကြီး​သည် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ ဆိတ်ရုပ်တု​များ​၊ မိမိကိုယ်တိုင်​လုပ်​သော​နွားသငယ်ရုပ်တု​များ​အဖို့ ယဇ်ပုရောဟိတ်​များ​ကို ခန့်ထား​၏​။ 16ထို့နောက်တွင် အစ္စရေး​အမျိုးအနွယ်​အားလုံး​ထဲမှ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ရှာ​ရန် စိတ်ပိုင်းဖြတ်​ထား​သော​သူ​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ယဇ်ပူဇော်​ရန် လေဝိ​အမျိုး​တို့​နှင့်အတူ ဂျေရုဆလင်​မြို့​သို့ လိုက်လာ​ကြ​၏​။ 17သူ​တို့​သည် သုံး​နှစ်​ပတ်လုံး ရှောလမုန်​မင်းကြီး​၏​သား​တော် ရောဗောင်​မင်းကြီး​ကို ထောက်မကူညီ​ကြ​ပြီး ယုဒ​ပြည်​ကို​ခိုင်ခံ့​စေ​ခဲ့​၏​။ သုံး​နှစ်​ပတ်လုံး ဒါဝိဒ်​မင်းကြီး​နှင့် ရှောလမုန်​မင်းကြီး​တို့ လျှောက်​ခဲ့​သော​လမ်း​အတိုင်း လိုက်လျှောက်​ကြ​၏​။
18ရောဗောင်​မင်းကြီး​သည် ဒါဝိဒ်​မင်းကြီး​၏​မြေး​တော်​၊ ယေရိမုတ်​၏​သမီး​တော်​မဟာလတ်​ကို မိဖုရား​မြှောက်​၏​။ မယ်တော်​ကား ယေရှဲ​၏​မြေး ဧလျာဘ​၏​သမီး အဘိဟဲလ​ဖြစ်​၏​။ 19မဟာလတ်​သည် သား​တော် ယုရှ​၊ ရှေမရိ​၊ ဇာဟံ တို့​ကို မွေးဖွား​၏​။ 20ထို့ပြင် အဗရှလုံ​၏​သမီး​တော်​မာခါ​ကို​လည်း မိဖုရား​မြှောက်​၏​။ မာခါ​သည် အဘိယ​၊ အတ္တဲ​၊ ဇိဇ​၊ ရှေလောမိတ်​တို့​ကို မွေးဖွား​၏​။ 21ရောဗောင်​မင်းကြီး​သည် အဗရှလုံ​၏​သမီး​တော်​မာခါ​ကို အခြား​သော​မိဖုရား​၊ မောင်းမမိဿံ​တို့​ထက် ချစ်မြတ်နိုး​၏​။ သူ​၌ မိဖုရား​တစ်ဆယ့်​ရှစ်​ပါး​နှင့် မောင်းမမိဿံ​ခြောက်ဆယ်​ရှိ​ပြီး သား​တော် နှစ်ဆယ့်​ရှစ်​ယောက်​၊ သမီး​တော် အယောက်​ခြောက်ဆယ်​ရှိ​၏​။
22ရောဗောင်​မင်းကြီး​သည် မာခါ​၏​သား​တော်​အဘိယ​ကို မင်းမြှောက်​ရန် အကြံအစည်​ရှိ​သဖြင့် မင်းညီမင်းသား​များ​ထဲတွင် သူ့​ကို ခေါင်းဆောင်​အဖြစ် ခန့်ထား​၏​။ 23ရောဗောင်​မင်းကြီး​သည် ဉာဏ်ပြေး​သူ​ဖြစ်​၏​။ သူ​၏​သား​တော်​များ​ကို ယုဒ​နယ်​၊ ဗင်္ယာမိန်​နယ်​တစ်လျှောက်လုံး​ရှိ ခံတပ်​မြို့​တို့​တွင် ပို့​ထား​ပြီး စားနပ်ရိက္ခာ​အပြည့်အစုံ​နှင့် မယား​အများအပြား​ကို​လည်း ရှာ​ပေး​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ