YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 1

1
ရှောလမုန်မင်းကြီး ဉာဏ်ပညာကိုတောင်းဆိုခြင်း
1ဒါဝိဒ်​မင်းကြီး​၏​သား​တော် ရှောလမုန်​မင်းကြီး​သည် မိမိ​နိုင်ငံ​တော်​ကို ခိုင်ခံ့​တည်မြဲ​စေ​၏​။ သူ​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​နှင့်အတူ​ပါရှိ​ပြီး သူ့​ကို​အထူး​ချီးမြှောက်​တော်မူ​၏​။ 2ရှောလမုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တစ်မျိုးနွယ်လုံး​မှစ၍ လူ​တစ်ထောင်အုပ်​၊ လူ​တစ်ရာအုပ်​၊ တရားသူကြီး​များ​၊ အစ္စရေး​တစ်ပြည်လုံး​ရှိ ခေါင်းဆောင်​များ​ဖြစ်​ကြ​သော​ဘိုးဘေး​အကြီးအမှူး​ရှိသမျှ​တို့​အား ဆင့်ခေါ်​ပြီး 3ရှောလမုန်​မင်းကြီး​သည် တောကန္တာရ​တွင် ထာဝရဘုရား​၏​အစေအပါး​မောရှေ​ပြုလုပ်​ခဲ့​သော ဘုရားသခင်​၏​တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှိ​ရာ ဂိဗောင်​မြို့​၊ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​သို့ လူထုကြီး​နှင့်အတူ​သွား​၏​။ 4ဘုရားသခင်​၏​သေတ္တာ​တော်​ကို​ကား ဒါဝိဒ်​မင်းကြီး​သည် ကိရယတ်ယာရိမ်​မြို့​မှ ဂျေရုဆလင်​မြို့​ရှိ မိမိ​ပြင်ဆင်​ထား​သော​တဲ​တော်​ရှိ​ရာ​နေရာ​သို့ ဆောင်ယူ​ခဲ့​ပြီး​ဖြစ်​၏​။ 5ဟုရ​၏​မြေး​၊ ဥရိ​၏​သား​ဗေဇလေလ​ပြုလုပ်​သော​ကြေးနီ​ယဇ်ပလ္လင်​ကို ထာဝရဘုရား​၏​တဲ​တော်​ရှေ့​တွင် ထားရှိ​၏​။ ရှောလမုန်​မင်းကြီး​နှင့် လူထု​တို့​သည် ထို​ယဇ်ပလ္လင်​ကို ထာဝရဘုရား​ထံ​မေးမြန်း​ရာ​တွင် အသုံးပြု​ကြ​၏​။ 6ရှောလမုန်​မင်းကြီး​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​ရှိ ကြေးနီ​ယဇ်ပလ္လင်​နား​သို့​သွား​၍ ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​အကောင်​တစ်ထောင်​ကို ပူဇော်​၏​။
7ထို​ည​တွင် ဘုရားသခင်​သည် ရှောလမုန်​မင်းကြီး​အား ကိုယ်ထင်ရှားပြ​၍ “​ငါ​ပေး​ရ​မည့်​ဆု​ကို တောင်း​လော့​”​ဟု မိန့်​တော်မူ​၏​။
8ထိုအခါ ရှောလမုန်​မင်းကြီး​က ဘုရားသခင်​အား “​ကိုယ်တော်​သည် အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ကြီးမား​သော​မေတ္တာကရုဏာ​ကို ပြ​တော်မူ​ပြီး အကျွန်ုပ်​အား​လည်း ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​ပါ​ပြီ​။ 9ယခုမှာ အို ဘုရားသခင်​ထာဝရဘုရား​၊ မြေမှုန့်​ကဲ့သို့ များပြား​လှ​သော​လူ​တို့​ကို အကျွန်ုပ်​အား အုပ်စိုး​စေ​တော်မူ​ပြီ​ဖြစ်၍ အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ပေး​ထား​သော​ကတိစကား​တော်​သည် တည်​ပါစေသော​။ 10ဤ​များပြား​လှ​သော​ကိုယ်တော်​၏​လူမျိုး​တော်​ကို မည်သူ​အုပ်ချုပ်​နိုင်​ပါ​မည်နည်း​။ ထို့ကြောင့် ဤ​လူမျိုး​တို့​ကို ဦးဆောင်​သွားလာ​လေရာရာ​တွင် လိုအပ်​သော​ဉာဏ်ပညာ​၊ အသိတရား​များ​ကို အကျွန်ုပ်​အား ပေး​တော်မူ​ပါ​”​ဟု တောင်းလျှောက်​၏​။
11ထို့ကြောင့် ဘုရားသခင်​က ရှောလမုန်​မင်းကြီး​အား “​သင်​သည် ဓနဥစ္စာ​စည်းစိမ်​ချမ်းသာ​နှင့် ဂုဏ်သရေ​ကို​မ​တောင်း​၊ ရန်သူ့​အသက်​ကို​မ​တောင်း​၊ အသက်တာ​ရှည်​ဖို့​မ​တောင်း​ဘဲ သင့်​အား ငါ​အုပ်ချုပ်​စေ​သည့် ငါ့​လူမျိုး​တော်​တို့​ကို​အုပ်ချုပ်​နိုင်​ရန်​အတွက် သင့်​စိတ်နှလုံး​တွင်​ရှိ​သည့်​အတိုင်း ဉာဏ်ပညာ​၊ အသိတရား​တို့​ကို​သာ တောင်းဆို​သောကြောင့် 12သင့်​အား ဉာဏ်ပညာ​နှင့် အသိတရား​များ​ကို​သာမက သင့်​ရှေ့​၌​ရှိ​ခဲ့​သော​ဘုရင်​၊ သင့်​နောက်တွင်​ရှိ​မည့်​ဘုရင်​တို့​၌ မ​ရ​နိုင်​သော ဓနဥစ္စာ​၊ ကြွယ်ဝချမ်းသာ​ခြင်း​နှင့် ဂုဏ်သရေ​ရှိ​ခြင်း​တို့​ကို​ပါ ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။ 13ထို့နောက် ရှောလမုန်​မင်းကြီး​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှိ​ရာ ဂိဗောင်​မြို့​၊ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​မှ ဂျေရုဆလင်​မြို့​သို့ ပြန်လာ​၏​။ ထို့နောက် အစ္စရေး​လူမျိုး​ကို အုပ်ချုပ်​လေ​၏​။
ရှောလမုန်မင်းကြီးပိုင်ဆိုင်သောမြင်းများနှင့်စည်းစိမ်ဥစ္စာများ
14ရှောလမုန်​မင်းကြီး​သည် မြင်း​များ​၊ ရထား​များ​ကို စုဆောင်း​လေ့​ရှိ​၏​။ ထို့ကြောင့် သူ​၌ ရထား​အစီးရေ​တစ်ထောင့်​လေး​ရာ​နှင့် မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်​ရှိ​၏​။ ၎င်း​တို့​ကို ရထား​ထား​ရာ​မြို့​များ​နှင့် ရှင်ဘုရင်​စံမြန်း​ရာ​ဂျေရုဆလင်​မြို့​တို့​တွင် ထားရှိ​၏​။ 15ရှင်ဘုရင်​သည် ဂျေရုဆလင်​မြို့​တွင် ရွှေ​ငွေ​တို့​ကို ကျောက်ခဲ​သဖွယ်​၊ သစ်ကတိုးပင်​များ​ကို လွင်ပြင်​၌​ပေါက်​သော သင်္ဘောသဖန်းပင်​သဖွယ် အမြောက်အမြား​ထားရှိ​၏​။ 16အီဂျစ်​ပြည်​နှင့်​ကော​မြို့​တို့​မှ မြင်း​များ​ကို ရှောလမုန်​မင်းကြီး​ထံ တင်သွင်း​တတ်​ကြ​၏​။ ရှင်ဘုရင်​၏​ကုန်သည်​တို့​သည် အဖိုးအခ​ပေး​၍ ကော​မြို့​မှ ဝယ်ယူ​တင်သွင်း​ပေး​ကြ​၏​။ 17အီဂျစ်​ပြည်​မှ ရထား​တစ်​စီး​လျှင် ငွေ​ခြောက်​ရာ​ရှယ်ကယ်#1:17 “4.5 ပိဿာ သို့မဟုတ် 6.​9 ကီလိုဂရမ်”။​၊ မြင်း​တစ်​ကောင်​လျှင် ငွေ​တစ်ရာ့​ငါးဆယ်​ရှယ်ကယ်#1:17 “1.1 ပိဿာ သို့မဟုတ် 1.7 ကီလိုဂရမ်”။​ဖြင့် ဝယ်ယူ​တင်သွင်း​ပြီး ဟိတ္တိ​ဘုရင်​၊ ဆီးရီးယား​ဘုရင်​အပေါင်း​တို့​ထံသို့ တစ်ဆင့်​ပြန်လည်​ရောင်းချ​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ