YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာပထမစောင် 3:1-13

တိမောသေဩဝါဒစာပထမစောင် 3:1-13 MSBU

“တစ်စုံတစ်ယောက်​သည် ကြီးကြပ်​သူ​ဖြစ်​ရန် အလွန်​တောင့်တ​လျှင် ထို​သူ​သည် ကောင်း​သော​အမှု​ကို​တောင့်တ​၏”​ဟူသော​စကား​သည် မှန်​သော​စကား​ဖြစ်​၏။ ထို့ကြောင့် ကြီးကြပ်​သူ​သည် အပြစ်တင်​စရာ​မ​ရှိ​သော​သူ၊ မယား​တစ်ဦးတည်း​ရှိ​သော​သူ၊ သမ္မာသတိ​ရှိ​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ၊ လျောက်ပတ်​စွာ​ပြုမူ​သော​သူ၊ ဧည့်ဝတ်​ကျေပွန်​သော​သူ၊ သင်ကြား​ပေး​နိုင်စွမ်း​ရှိ​သော​သူ​ဖြစ်​ရ​မည်။ သူ​သည် သေ​သောက်ကြူး​သော​သူ၊ ကြမ်းကြုတ်​သော​သူ​မ​ဟုတ်​ဘဲ ညင်သာ​သော​သူ၊ ရန်​မ​တွေ့​တတ်​သော​သူ၊ ငွေ​ကို​မ​တပ်မက်​သော​သူ၊ မိမိ​အိမ်ထောင်​ကို ကောင်းစွာ​စီမံ​အုပ်ချုပ်​လျက် သားသမီး​တို့​ကို တည်ကြည်​လေးနက်​ခြင်း​အပြည့်အဝ​ဖြင့် နာခံ​မှု​ရှိ​စေ​သော​သူ​ဖြစ်​ရ​မည်။ မိမိ​အိမ်ထောင်​ကို မည်ကဲ့သို့​စီမံ​အုပ်ချုပ်​ရ​မည်​ကို​မ​သိ​သော​သူ​သည် ဘုရားသခင်​၏​အသင်းတော်​ကို မည်ကဲ့သို့​ပြုစု​စောင့်ရှောက်​နိုင်​မည်နည်း။ သူ​သည် ယုံကြည်​ခါစ​လူ​မ​ဖြစ်​ရ။ သို့မဟုတ်လျှင် ဘဝင်မြင့်​လျက် မာရ်နတ်​နှင့်​တူညီ​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ထဲသို့ ကျရောက်​မည်​ဟု စိုးရိမ်​စရာ​ရှိ​၏။ ထိုမျှမက ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​လျက် မာရ်နတ်​၏​ကျော့ကွင်း​ထဲသို့ မ​ကျရောက်​စေရန် အသင်းတော်​ပြင်ပ​၌ ဂုဏ်​သတင်း​ကောင်း​သော​သူ​လည်း​ဖြစ်​ရ​မည်။ ထိုနည်းတူ သင်းထောက်​တို့​သည်​လည်း တည်ကြည်​လေးနက်​သော​သူ​များ​ဖြစ်​ရ​မည်။ လျှာ​နှစ်ခွ​ရှိ​သော​သူ၊ စပျစ်​ဝိုင်​သောက်ကြူး​သော​သူ၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​သော​သူ​များ​မ​ဟုတ်​ဘဲ ယုံကြည်​ခြင်း​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ကြည်လင်​သော​အသိစိတ်​ဖြင့် စွဲကိုင်​ထား​သော​သူ​များ​ဖြစ်​ရ​မည်။ သူ​တို့​သည် စစ်ဆေး​ခြင်း​ကို​ဦးစွာ​ခံ​ပြီးမှ အပြစ်တင်​စရာ​မ​ရှိ​ပါက သင်းထောက်​အမှု​ကို​ဆောင်ရွက်​ကြ​စေ။ ထိုနည်းတူ ဇနီးသည်​တို့​သည်​လည်း တည်ကြည်​လေးနက်​သော​သူ​များ​ဖြစ်​ရ​မည်။ ကုန်းချော​တတ်​သော​သူ​မ​ဟုတ်​ဘဲ သမ္မာသတိ​ရှိ​သော​သူ၊ ခပ်သိမ်း​သော​အရာ​တို့​၌ သစ္စာရှိ​သော​သူ​များ​ဖြစ်​ရ​မည်။ သင်းထောက်​တို့​သည် မယား​တစ်ဦးတည်း​ရှိ​သော​သူ၊ မိမိ​တို့​အိမ်ထောင်​နှင့်​သားသမီး​များ​ကို ကောင်း​စွာ​စီမံ​အုပ်ချုပ်​နေ​သူ​များ​ဖြစ်​ရ​မည်။ အကြောင်းမူကား သင်းထောက်​အမှု​ကို ကောင်း​စွာ​ဆောင်ရွက်​သော​သူ​တို့​သည် မိမိ​တို့​အတွက် ကောင်း​သော​ဂုဏ်ရည်​ကို​ရရှိ​သည့်​အပြင် ခရစ်တော်​ယေရှု​ကို​ယုံကြည်​သော​အရာ​၌ များစွာ​သော​ရဲရင့်​မှု​ကို​ရရှိ​ကြ​၏။

​တိမောသေဩဝါဒစာပထမစောင် 3:1-13 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။