YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာပထမစောင် 1:4-10

တိမောသေဩဝါဒစာပထမစောင် 1:4-10 MSBU

ဒဏ္ဍာရီ​များ​နှင့် မဆုံး​နိုင်​သော​ဆွေစဉ်မျိုးဆက်​စာရင်း​များ​ကို အာရုံ​မ​စိုက်​ကြ​ရန်​လည်းကောင်း ညွှန်ကြား​လော့။ ထို​အရာ​တို့​သည် ယုံကြည်​ခြင်း​၌​တည်​သော ဘုရားသခင်​၏​စီမံ​ခန့်ခွဲ​မှု​ထက် အငြင်းပွား​မှု​များ​ကို​သာ​ဖြစ်​စေ​၏။ ဤ​ညွှန်ကြားချက်​၏​ရည်ရွယ်ချက်​ပန်းတိုင်​ကား စင်ကြယ်​သော​စိတ်နှလုံး၊ ကြည်လင်​သော​အသိစိတ်​နှင့် ဟန်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​တို့​မှ​ဖြစ်ပေါ်​လာ​သည့် ချစ်​ခြင်း​မေတ္တာ​ဖြစ်​၏။ လူ​အချို့​တို့​သည် ထို​အရာ​များ​မှ​လွဲချော်​၍ အကျိုးမဲ့​သော​စကား​ပြောဆို​ခြင်း​ဘက်​သို့ လှည့်​သွား​ကြ​ပြီ။ သူ​တို့​သည် မိမိ​တို့​ပြောဆို​သော​အရာ​များ​နှင့် မိမိ​တို့​အခိုင်အမာ​ခံယူ​ထား​သော​အရာ​များ​ကို​ပင် နား​မ​လည်​ဘဲ ကျမ်းတတ်​ဆရာ​များ​ဖြစ်​လို​ကြ​၏။ သို့သော် ပညတ်​တရား​ကို စည်းမျဉ်း​စည်းကမ်း​နှင့်အညီ​အသုံးပြု​လျှင် ၎င်း​သည် ကောင်းမြတ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ တစ်နည်းအားဖြင့် ပညတ်​တရား​သည် ဖြောင့်မတ်​သော​သူ​အတွက်​ရှိ​သည်​မ​ဟုတ်​ဘဲ တရားမဲ့​သော​သူ​များ​နှင့်​နာခံ​မှု​မ​ရှိ​သော​သူ​များ၊ ဘုရား​တရား​မဲ့​သော​သူ​များ​နှင့်​အပြစ်သား​များ၊ မ​သန့်ရှင်း​သော​သူ​များ​နှင့်​ဘုရား​တရား​ကို​မထီမဲ့မြင်​ပြု​သော​သူ​များ၊ ဖခင်​ကို​သတ်​သော​သူ​များ​နှင့်​မိခင်​ကို​သတ်​သော​သူ​များ၊ လူသတ်သမား​များ၊ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊ လူ​ကုန်ကူး​သူ​များ၊ လိမ်လည်​သော​သူ​များ၊ မမှန်မကန်​သက်သေ​ထွက်ဆို​သော​သူ​များ​နှင့် မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​ကို​ဆန့်ကျင်​သည့် အခြား​အရာ​အားလုံး​တို့​အတွက်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။