YouVersion လိုဂို
ရှာရန် အိုင်ကွန်

သက်သာလောနိတ်ဩဝါဒစာပထမစောင် 4

4
ဘုရားသခင်၏စိတ်တော်နှင့်တွေ့သော အသက်တာ
1နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ သင်​တို့​သည် ဘုရားသခင်​ကို​နှစ်သက်​စေ​ရန် မည်ကဲ့သို့​အသက်ရှင်​လျှောက်လှမ်း​ရ​မည်​ကို ငါ​တို့​ထံမှ​နည်းခံ​ကြ​ပြီး ထို​အတိုင်း​အသက်ရှင်​လျှောက်လှမ်း​ကြ​သည့်​နည်းတူ ပို၍​ပြည့်စုံ​စွာ ကြိုးစား​အားထုတ်​ကြ​ရန် သင်​တို့​အား သခင်​ယေရှု​၏​နာမ​တော်​၌ ငါ​တို့​တိုက်တွန်း​နှိုးဆော်​လျက် တောင်းပန်​ကြ​၏။ 2အကြောင်းမူကား ငါ​တို့​သည် သခင်​ယေရှု​အားဖြင့် သင်​တို့​အား မည်သည့်​ညွှန်ကြားချက်​များ​ပေး​ခဲ့​သည်​ကို သင်​တို့​သိ​ကြ​၏။
3ဘုရားသခင်​၏​အလို​တော်​ကား သင်​တို့​သန့်ရှင်း​ခြင်း​ရှိ​ရန်​ဖြစ်​၏။ တစ်နည်း​အားဖြင့် သင်​တို့​သည် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကို ရှောင်ကြဉ်​လျက် 4သင်​တို့​တစ်ဦးစီ​သည် သန့်ရှင်း​ခြင်း​နှင့်​ဂုဏ်သရေ​ရှိ​ခြင်း​တို့​၌ မိမိ​ကိုယ်ခန္ဓာ​အား မည်သို့​ထိန်းသိမ်း​ရ​မည်​ကို သိရှိ​၍ 5ဘုရားသခင်​ကို​မ​သိ​သော​လူမျိုးခြား​တို့​ကဲ့သို့ ကိလေသာ​တပ်မက်​ခြင်း​ထဲ၌ နစ်မွန်း​ခြင်း​မ​ရှိ​ကြ​ရန်​နှင့် 6ထို​အမှုအရာ​မျိုး​၌ မိမိ​ညီအစ်ကို​အပေါ်​စည်းဖောက်​၍ အခွင့်ကောင်း​မ​ယူ​ကြ​ရန်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် သင်​တို့​ကို သတိပေး​၍ ကြိုတင်​ပြော​ထား​ခဲ့​သည့်​အတိုင်း သခင်​ဘုရား​သည် ဤ​အမှုအရာ​အားလုံး​အတွက် အပြစ်​ဒဏ်​ပေး​တော်မူ​လိမ့်မည်။ 7အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် ငါ​တို့​ကို ညစ်ညူး​ခြင်း​ထဲသို့ ခေါ်​တော်မူ​သည်​မ​ဟုတ်​ဘဲ သန့်ရှင်း​ခြင်း​ထဲသို့ ခေါ်​တော်မူ​၏။ 8ထို့ကြောင့် ဤ​ညွှန်ကြား​ချက်​ကို ငြင်းပယ်​သော​သူ​သည် လူ​ကို​မ​ဟုတ်​ဘဲ သင်​တို့​အား မိမိ​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​ပေး​တော်မူ​သော​ဘုရားသခင်​ကို ငြင်းပယ်​၏။
မေတ္တာဖြင့်အလုပ်လုပ်ခြင်း
9ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​နှင့်​ပတ်သက်၍​မူကား သင်​တို့​ထံ​ရေးသား​ရန် မ​လိုအပ်​ပေ။ အကြောင်းမှာ သင်​တို့​ကိုယ်တိုင်​သည် အချင်းချင်း​ချစ်​ကြ​ရန် ဘုရားသခင်​ထံမှ သင်ယူ​ထား​သော​သူ​များ​ဖြစ်​ကြ​၏။ 10အမှန်စင်စစ် သင်​တို့​သည် မာကေဒေါနိ​ပြည်​တစ်ဝန်းလုံး​ရှိ ညီအစ်ကို​အားလုံး​တို့​အပေါ် ထို​မေတ္တာ​ကို​ပြ​ကြ​ပြီ။ သို့ရာတွင် ညီအစ်ကို​တို့၊ ထို​မေတ္တာ​ကို ပို၍​ပြည့်စုံ​စွာ​ပြ​ကြ​ရန်​လည်းကောင်း၊ 11သင်​တို့​အား ငါ​တို့​ညွှန်ကြား​ခဲ့​သည့်​အတိုင်း အေးဆေး​တည်ငြိမ်​စွာ​နေထိုင်​နိုင်​ရန် ရည်မှန်း​ကြိုးစား​လျက် မိမိ​ကိစ္စ​များ​ကို​အာရုံစိုက်​၍ မိမိ​တို့​လက်​ဖြင့်​အလုပ်​လုပ်​ကြ​ရန်​လည်းကောင်း ငါ​တို့​တိုက်တွန်း​နှိုးဆော်​ပါ​၏။ 12ဤသည်ကား သင်​တို့​သည် ပြင်ပ​လူ​တို့​ရှေ့၌ တင့်တယ်​လျောက်ပတ်​စွာ​အသက်ရှင်​လျှောက်လှမ်း​၍ သင်​တို့​၌ မည်သည့်​လိုအပ်​ချက်​မျှ​မ​ရှိ​စေရန်​အတွက်​ဖြစ်​၏။
သခင်ဘုရား၏ကြွလာတော်မူခြင်းနှင့်ဆိုင်သောနှစ်သိမ့်မှု
13ညီအစ်ကို​တို့၊ သင်​တို့​သည် မျှော်လင့်​ခြင်း​မ​ရှိ​သော​အခြား​သူ​များ​ကဲ့သို့ ဝမ်းနည်း​ခြင်း​မ​ရှိ​ကြ​မည့်​အကြောင်း အိပ်ပျော်​သော​သူ​တို့​နှင့်​ပတ်သက်၍ သင်​တို့​မ​သိ​ဘဲ​နေ​ရန် ငါ​တို့​အလို​မ​ရှိ။ 14အကြောင်းမူကား ယေရှု​သည် အသေခံ​ပြီးနောက် ထမြောက်​တော်မူ​သည်​ဟု ငါ​တို့​ယုံကြည်​ကြ​လျှင် ဘုရားသခင်​သည် ယေရှု​၌ အိပ်ပျော်​သော​သူ​တို့​ကို​လည်း ထို​ကဲ့သို့​ပင် ထို​သခင်​နှင့်အတူ​ခေါ်ထုတ်​တော်မူ​လိမ့်မည်။ 15သခင်​ဘုရား​၏​စကား​တော်​အားဖြင့် သင်​တို့​အား ငါ​တို့​ဆို​သည်မှာ သခင်​ဘုရား​ကြွလာ​တော်မူ​သည့်​တိုင်အောင် အသက်ရှင်​လျက်​ကျန်ရစ်​သော​ငါ​တို့​သည် အိပ်ပျော်​သော​သူ​တို့​ထက် လုံးဝ​ရှေ့ကျ​လိမ့်မည်​မ​ဟုတ်။ 16အကြောင်းမူကား ကြွေးကြော်​ခြင်း​နှင့်တကွ ကောင်းကင်​တမန်​မင်း​၏​အသံ​နှင့် ဘုရားသခင်​၏​တံပိုးမှုတ်သံ​တို့​ဖြင့် သခင်​ဘုရား​ကိုယ်တော်​တိုင် ကောင်းကင်​မှ​ဆင်းသက်​တော်မူ​သောအခါ ခရစ်တော်​၌​သေလွန်​သော​သူ​တို့​သည် ဦးစွာ​ထမြောက်​ကြ​လိမ့်မည်။ 17ထို့နောက် အသက်ရှင်​လျက်​ကျန်ရစ်​သော​ငါ​တို့​သည် အာကာသ​ကောင်းကင်​၌ သခင်​ဘုရား​နှင့်​တွေ့ဆုံ​ရန် ထို​သူ​တို့​နှင့်​အတူ မိုးတိမ်​အားဖြင့် ချီဆောင်​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤသို့ဖြင့် ငါ​တို့​သည် သခင်​ဘုရား​နှင့်အတူ အစဉ်အမြဲ​နေ​ရ​ကြ​လိမ့်မည်။ 18သို့ဖြစ်၍ ဤ​စကား​များ​ဖြင့် အချင်းချင်း​တိုက်တွန်း​နှိုးဆော်​ကြ​လော့။

လက်ရှိရွေးချယ်ထားမှု

သက်သာလောနိတ်ဩဝါဒစာပထမစောင် 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ