YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 24

24
ဒါဝိဒ်က ရှောလုမင်းကြီးကို အသက်ချမ်းသာပေးခြင်း
1ရှောလု​မင်းကြီး​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို လိုက်လံတိုက်ခိုက်​ပြီး ပြန်လာ​သောအခါ “​ကြည့်ရှု​လော့​။ ဒါဝိဒ်​သည် အင်္ဂေဒိ​တောကန္တာရ​၌ ပုန်းရှောင်​နေ​ပါ​သည်​”​ဟု သူ့​အား လျှောက်တင်​ကြ​၏​။ 2ထို့ကြောင့် ရှောလု​မင်းကြီး​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​ထဲမှ​ရွေးချယ်​ထား​သော​လူ​သုံး​ထောင်​ကို​ခေါ်​၍ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​ကို​ရှာဖွေ​ရန် တောင်ဆိတ်​များ​ကျက်စား​ရာ​ကျောက်ဆောင်​ရှေ့​သို့ သွား​လေ​၏​။ 3လမ်း​ဘေး​ရှိ သိုး​ခြံ​များ​ရှိ​ရာ​သို့​ရောက်​သောအခါ ရှောလု​မင်းကြီး​သည် အပေါ့အပါး​သွား​လို​သောကြောင့်#24:3 တိုက်ရိုက်ပြန်ဆိုလျှင် “ခြေထောက်ဖုံးလိုသောကြောင့်”။ ထို​နေရာ​ရှိ လိုဏ်ဂူ​တစ်​ခု​သို့ ဝင်သွား​၏​။ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​သည် ထို​လိုဏ်ဂူ​အတွင်းပိုင်း​ထဲတွင် ရှိ​နေ​ကြ​၏​။ 4ထိုအခါ ဒါဝိဒ်​အား သူ​၏​နောက်လိုက်​တို့​က “​ယနေ့​သည် ထာဝရဘုရား​က သင့်​အား ‘ကြည့်ရှု​လော့​။ သင့်​ရန်သူ​ကို သင့်​လက်​သို့ ငါ​အပ်​မည်​။ သင်​အလိုရှိ​သည့်​အတိုင်း သူ့​ကို​ပြု​နိုင်​မည်​’​ဟု မိန့်​တော်မူ​သော​နေ့​ပင်တည်း​”​ဟု ဆို​၏​။ ထိုအခါ ဒါဝိဒ်​သည်​ထ​၍ ရှောလု​မင်းကြီး​၏​ဝတ်လုံ​စွန်း​ကို တိတ်တဆိတ် ဖြတ်ယူ​ထား​လေ​၏​။
5သို့သော် ဒါဝိဒ်​သည် ထိုသို့ ရှောလု​မင်းကြီး​၏​ဝတ်လုံစွန်း​ကို​ဖြတ်​မိ​သည့်​အတွက် စိတ်မကောင်း​ဖြစ်​လျက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်​မိ​လေ​၏​။ 6ထို့ကြောင့် သူ့​နောက်လိုက်​တို့​အား “​ထာဝရဘုရား ဘိသိက်ပေး​တော်မူ​သော ငါ့​သခင်​ကို ကိုယ်ထိလက်ရောက်​ပြု​ခြင်း​မှ ထာဝရဘုရား​သည် ငါ့​ကို ဆီးတား​တော်မူ​ပါစေသော​။ အကြောင်းမူကား ထို​သခင်​သည် ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ဖြစ်​၏​”​ဟု ဆို​၏​။ 7ထိုသို့ ပြောဆို​ခြင်း​ဖြင့် ဒါဝိဒ်​သည် မိမိ​နောက်လိုက်​တို့​ကို တားဆီး​လေ​၏​။ ရှောလု​မင်းကြီး​အား တိုက်ခိုက်​ရန် အခွင့်​မ​ပေး​။ ရှောလု​မင်းကြီး​သည်​လည်း လိုဏ်ဂူ​ထဲမှ​ထွက်​ပြီး ခရီးဆက်​လေ​၏​။
8ထို့နောက် ဒါဝိဒ်​သည် လိုဏ်ဂူ​ထဲမှ​ထွက်လာ​ပြီး “​အကျွန်ုပ်​၏​သခင်​၊ အရှင်မင်းကြီး​”​ဟု ရှောလု​မင်းကြီး​၏​နောက်မှ အော်ခေါ်​ရာ ရှောလု​မင်းကြီး​သည် နောက်သို့​လှည့်ကြည့်​လျှင် ဒါဝိဒ်​သည် မြေ​ပေါ်​ပျပ်ဝပ်​လျက် ဦးချ​လေ​၏​။ 9ဒါဝိဒ်​က ရှောလု​မင်းကြီး​အား “ ‘​ဒါဝိဒ်​သည် အရှင်မင်းကြီး​ကို မကောင်း​ကြံ​နေ​ပါ​သည်​’​ဟု လူ​တို့​ပြော​သော​စကား​အား အဘယ်ကြောင့် နားယောင်​ရ​ပါ​သနည်း​။ 10ယခုပင်​ကြည့်​ပါ​လော့​။ ထာဝရဘုရား​သည် လိုဏ်ဂူ​ထဲ​ရောက်​နေ​သော​အရှင်မင်းကြီး​အား အကျွန်ုပ်​လက်​သို့ အပ်​တော်မူ​သည်​ကို ယနေ့ အရှင်မင်းကြီး​အမြင်​ပင် ဖြစ်​ပါ​၏​။ အရှင်မင်းကြီး​ကို ကွပ်မျက်​ရန်​ပြောဆို​ကြ​သော်လည်း အရှင်မင်းကြီး​ကို အကျွန်ုပ်​နှမြော​သည်​ဖြစ်၍ အကျွန်ုပ်​က ‘ငါ​သည် ငါ့​သခင်​ကို ကိုယ်ထိလက်ရောက်​မ​ပြု​။ အကြောင်းမှာ သူ​သည် ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ဖြစ်​၏’​ဟု ပြန်ပြော​ပါ​၏​။ 11အကျွန်ုပ်​၏​ဖခင်​၊ ယခု အကျွန်ုပ်​လက်​ထဲမှ အရှင်မင်းကြီး​၏​ဝတ်လုံ​စ​ကို သေသေချာချာ​ကြည့်​ပါ​။ အရှင်မင်းကြီး​၏​ဝတ်လုံ​စွန်း​ကို​သာ ဖြတ်​ခဲ့​ပါ​၏​။ အရှင်မင်းကြီး​ကို မ​သတ်​ခဲ့​ပါ​။ ထို့ကြောင့် အရှင်မင်းကြီး​ကို အကျွန်ုပ် မကောင်း​မ​ကြံ​၊ မ​ပုန်ကန်​ကြောင်း​ကို သိမှတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည် အရှင်မင်းကြီး​ကို မ​ပြစ်မှား​ပါ​။ သို့သော် အရှင်မင်းကြီး​သည် အကျွန်ုပ်​ကို လိုက်လံ​သတ်ဖြတ်​နေ​ပါ​၏​။ 12ထာဝရဘုရား​သည် အရှင်မင်းကြီး​နှင့် အကျွန်ုပ်​ကြား​တွင် စီရင်​တော်မူ​ပါစေသော​။ ထာဝရဘုရား​သည် အကျွန်ုပ်​အဖို့ အရှင်မင်းကြီး​ကို လက်တုံ့ပြန်​ပေး​တော်မူ​ပါစေသော​။ အကျွန်ုပ်​မူကား အရှင်မင်းကြီး​ကို ဆန့်ကျင်​တိုက်ခိုက်​မည်​မ​ဟုတ်​ပါ​။ 13‘​ဆိုးယုတ်​သော​သူ​ထံမှ ဆိုးယုတ်​သော​အမှု ထွက်​တတ်​၏​’​ဟူသော ရှေး​ဆိုရိုး​ရှိ​ပါ​၏​။ အကျွန်ုပ်​မူကား အရှင်မင်းကြီး​ကို ဆန့်ကျင်​တိုက်ခိုက်​မည်​မ​ဟုတ်​ပါ​။ 14အစ္စရေး​ဘုရင်​သည် မည်သူ့​ကို တိုက်ခိုက်​ရန် ထွက်လာ​သနည်း​။ မည်သူ့​နောက်​ကို လိုက်​နေ​သနည်း​။ ခွေး​သေကောင်​နောက်​ကို​လော​၊ ခွေးလှေး​တစ်​ကောင်​နောက်​ကို​လော​။ 15ယခုမှာ ထာဝရဘုရား​သည် အရှင်မင်းကြီး​နှင့် အကျွန်ုပ်​ကြား​တွင် တရားသူကြီး​အဖြစ် တရားစီရင်​တော်မူ​ပါစေသော​။ ကိုယ်တော်​သည် ကြည့်ရှု​၍ အကျွန်ုပ်​၏​အမှု​ကို ဖြေရှင်းပေး​တော်မူ​ပါစေသော​။ အရှင်မင်းကြီး​လက်​မှ​လည်း အကျွန်ုပ်​ကို ကယ်လွှတ်​တော်မူ​ပါစေသော​”​ဟု ဆို​လေ​၏​။
16ဒါဝိဒ်​သည် ရှောလု​မင်းကြီး​အား ထို​စကား​အလုံးစုံ​ကို ပြော​ပြီး​သောအခါ ရှောလု​မင်းကြီး​က “​ငါ့​သား​ဒါဝိဒ်​၊ ဤ​အသံ​ကား သင့်​အသံ​လော​”​ဟု ဆို​ပြီးလျှင် ရှောလု​မင်းကြီး​သည် အော်ဟစ်​ငိုကြွေး​လေ​၏​။ 17ထို့နောက် ဒါဝိဒ်​အား “​သင်​သည် ငါ့​ထက် သာ၍​ဖြောင့်မတ်​ပါ​၏​။ ငါ​သည် သင့်​ကို မကောင်း​ကြံ​ခဲ့​သော်လည်း သင်​မူကား ငါ့​ကို ကောင်းမွန်​စွာ​ဆက်ဆံ​ခဲ့​ပြီ​။ 18ထာဝရဘုရား​သည် ငါ့​ကို သင့်​လက်​သို့​အပ်နှံ​သော်လည်း သင်​သည် ငါ့​ကို​မ​သတ်​ဘဲ ကောင်း​စွာ​ပြုမူ​ခဲ့​ကြောင်း​ကို ယနေ့ သင်​ထုတ်ဖော်​ပြ​ပြီ​။ 19လူ​သည် မိမိ​ရန်သူ​ကို​တွေ့​လျှင် သူ့​ကို ဘာမျှ​မပြု​ဘဲ အလွတ်ပေး​မည်​လော​။ သို့သော် ယနေ့မှာ ငါ့​ကို သင်​ပြု​ပေး​ခဲ့​သမျှ ထာဝရဘုရား​သည် သင့်​ကို ကောင်း​သော​အရာ​များ ပြန်ပေး​တော်မူ​ပါစေသော​။
20ယခုမှာ သင်​သည် စင်စစ်​ရှင်ဘုရင်​ဖြစ်​၍ အစ္စရေး​နိုင်ငံ​သည် သင့်​လက်​၌ တည်​မည်​ကို ငါ​သိ​ပြီ​။ 21သို့ဖြစ်၍ သင်​သည် နောင်လာမည့် ငါ့​သားစဉ်မြေးဆက်​တို့​ကို မ​သုတ်သင်​၊ ငါ့​နာမ​ကို​လည်း ငါ့​ဖခင်​၏​အိမ်ထောင်စု​မှ မ​ပယ်ရှား​မည့်​အကြောင်း ထာဝရဘုရား​ရှေ့​၌ ကျိန်ဆို​ပါ​လော့​”​ဟု ဆို​လျှင် 22ဒါဝိဒ်​သည် ရှောလု​မင်းကြီး​အား ကျိန်ဆို​လေ​၏​။ ထို့နောက် ရှောလု​မင်းကြီး​သည် မိမိ​အိမ်​သို့ ပြန်သွား​၍ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​မူကား ဥမင်လိုဏ်ခေါင်း​ရှိ​ရာ​သို့ တက်သွား​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ပထမစောင် 24: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ