YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 23

23
ကိလမြို့ကို ကယ်တင်ခြင်း
1လူ​တို့​က ဒါဝိဒ်​အား “ဖိလိတ္တိ​လူမျိုး​တို့​သည် ကိလ​မြို့​ကို​တိုက်​၍ ကောက်နယ်တလင်း​များ​အား လုယူ​နေ​ကြ​ပါ​သည်”​ဟု ပြောပြ​ကြ​၏​။
2ထိုအခါ ဒါဝိဒ်​က ထာဝရဘုရား​အား “​ထို​ဖိလိတ္တိ​လူမျိုး​တို့​ကို အကျွန်ုပ် သွား​၍​တိုက်ခိုက်​ရ​ပါ​မည်လော​”​ဟု မေးလျှောက်​ရာ ထာဝရဘုရား​က ဒါဝိဒ်​အား “​ဖိလိတ္တိ​လူမျိုး​တို့​ကို သွား​၍​တိုက်ခိုက်​ပြီး ကိလ​မြို့​အား ကယ်တင်​လော့​”​ဟု မိန့်​တော်မူ​၏​။
3သို့သော် ဒါဝိဒ်​၏​နောက်လိုက်​တို့​က “​ယုဒ​ပြည်​၌​ပင် ဖိလိတ္တိ​လူမျိုး​တို့​ကို အကျွန်ုပ်​တို့ ကြောက်ရွံ့​နေ​ရ​ပါ​ပြီ​။ ကိလ​မြို့​သို့​သွား​၍ သူ​တို့​ကို တိုက်ခိုက်​ရ​မည်​ဆိုပါက ပို၍​ပင်​ကြောက်​ရ​ပါ​၏​”​ဟု သူ့​အား ဆို​ကြ​၏​။
4ထို့ကြောင့် ဒါဝိဒ်​က ထာဝရဘုရား​အား ထပ်မံ​မေးလျှောက်​ရာ ထာဝရဘုရား​က “​ထ​၍ ကိလ​မြို့​သို့ ချီသွား​လော့​။ ဖိလိတ္တိ​လူမျိုး​တို့​ကို သင့်​လက်​သို့ ငါ​အပ်​မည်​”​ဟု မိန့်​တော်မူ​၏​။ 5ထို့ကြောင့် ဒါဝိဒ်​သည် သူ့​နောက်လိုက်​တို့​နှင့်အတူ​ကိလ​မြို့​သို့ ချီသွား​၍ ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​ပြီး သူ​တို့​၏​တိရစ္ဆာန်​များ​ကို သိမ်းယူ​၏​။ သူ​တို့​ကို အကြီးအကျယ်​လုပ်ကြံ​သတ်ဖြတ်​၏​။ ဤသို့ဖြင့် ဒါဝိဒ်​သည် ကိလ​မြို့သား​တို့​ကို ကယ်တင်​လေ​၏​။ 6အဟိမလက်​၏​သား အဗျာသာ​သည် ကိလ​မြို့​ရှိ ဒါဝိဒ်​ထံသို့ ပြေးလာ​စဉ်က မိမိ​နှင့်အတူ ဧဖုဒ်#23:6 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​ကို ယူဆောင်​လာ​ခဲ့​၏​။
7ဒါဝိဒ်​သည် ကိလ​မြို့​သို့​ရောက်လာ​ကြောင်း​ကို ရှောလု​မင်းကြီး​ကြား​သောအခါ “​ဘုရားသခင်​သည် ဒါဝိဒ်​ကို ငါ့​လက်​သို့​အပ်​တော်မူ​ပြီ​။ သူ​သည် မြို့​တံခါး​များ​၊ ကန့်လန့်ကျင်​များ အခိုင်အမာ​ရှိ​သော​မြို့​ထဲသို့​ဝင်​၍ ကိုယ့်ကိုယ်ကိုယ်​ပိတ်​မိ​စေ​ပြီ​”​ဟု ဆို​ပြီး 8ကိလ​မြို့​သို့​ချီသွား​၍ ဒါဝိဒ်​နှင့်​သူ​၏​လူ​များ​ကို ဝိုင်း​ထား​ပြီး တိုက်ခိုက်​ရန် ရှောလု​မင်းကြီး​သည် စစ်သည်​အပေါင်း​တို့​ကို စုဝေး​စေ​၏​။
9ရှောလု​မင်းကြီး မကောင်း​ကြံစည်​နေ​သည်​ကို ဒါဝိဒ်​သိ​လျှင် ယဇ်ပုရောဟိတ်​အဗျာသာ​အား “​ဧဖုဒ်#23:9 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​ကို ယူ​ခဲ့​ပါ​”​ဟု မှာလိုက်​၏​။
10ထို့နောက် ဒါဝိဒ်​က “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​ကြောင့် ရှောလု​မင်းကြီး​သည် ကိလ​မြို့​သို့ ချီလာ​၍ မြို့​ကို​ဖျက်ဆီး​ရန် ကြံစည်​နေ​သည်​ကို ကိုယ်တော်​၏​အစေအပါး ကြားသိ​ရ​ပါ​၏​။ 11ကိလ​မြို့သား​တို့​သည် အကျွန်ုပ်​ကို သူ့​လက်​သို့ အပ်နှံ​မည်လော​။ ကိုယ်တော်​၏​အစေအပါး ကြားသိ​သည့်​အတိုင်း ရှောလု​မင်းကြီး​သည် ကိလ​မြို့​သို့ ချီလာ​မည်လော​။ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​အစေအပါး​အား ယခု သိ​စေ​ပါ​”​ဟု လျှောက်ဆို​၏​။ ထာဝရဘုရား​က​လည်း “​ချီလာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
12ထိုအခါ ဒါဝိဒ်​က “​ကိလ​မြို့သား​တို့​သည် အကျွန်ုပ်​နှင့် အကျွန်ုပ်​၏​နောက်လိုက်​တို့​ကို ရှောလု​မင်းကြီး​လက်​သို့ အပ်နှံ​ကြ​မည်လော​”​ဟု မေး​ရာ ထာဝရဘုရား​က “​အပ်နှံ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
13ထို့ကြောင့် ဒါဝိဒ်​နှင့် သူ့​နောက်လိုက်​ခြောက်​ရာ​ခန့်​တို့​သည် ထ​၍ ကိလ​မြို့​မှ​ချက်ချင်း​ထွက်သွား​ပြီး တစ်နေရာ​မှ​တစ်နေရာ​သို့ ရွှေ့ပြောင်း​သွားလာ​ရ​ကြ​၏​။ ထိုသို့ ဒါဝိဒ်​သည် ကိလ​မြို့​မှ ထွက်ပြေး​သွား​ကြောင်း​ကို ရှောလု​မင်းကြီး​ကြားသိ​လျှင် သူ​ဆက်​မ​လိုက်​တော့​ပေ​။ 14ဒါဝိဒ်​သည် တောကန္တာရ​ထဲရှိ ဥမင်လိုဏ်ခေါင်း​များ​နှင့် ဇိဖ​တောကန္တာရ​ရှိ​တောင်ပေါ်ဒေသ​တို့​တွင် ပုန်းရှောင်​နေထိုင်​၏​။ ရှောလု​မင်းကြီး​သည် နေ့စဉ်​နှင့်အမျှ ဒါဝိဒ်​ကို ရှာဖွေ​သော်လည်း ဘုရားသခင်​သည် ဒါဝိဒ်​ကို ရှောလု​မင်းကြီး​လက်​သို့ အပ်​တော်​မ​မူ​။
ပဋိညာဉ်ကို အားသစ်လောင်းခြင်း
15ဒါဝိဒ်​သည် ဇိဖ​တောကန္တာရ​ရှိ ဟောရေရှ​အရပ်​တွင် ပုန်းရှောင်​နေစဉ် သူ့​အား​သတ်​ရန် ရှောလု​မင်းကြီး​ထွက်လာ​ကြောင်း​ကို ကြားသိ​ရ​၏​။ 16ထိုအခါ ရှောလု​မင်းကြီး​၏​သား​ယောနသန်​သည် ဒါဝိဒ်​ရှိ​ရာ ဟောရေရှ​အရပ်​သို့ ထ​သွား​၍ ဒါဝိဒ်​အား ဘုရားသခင်​၌ ခွန်အား​ပေး​လျက် 17“​သင်​မ​စိုးရိမ်​နှင့်​။ ငါ့​ခမည်းတော်​ရှောလု​မင်းကြီး​သည် သင့်​အသက်​ကို ရန်ရှာ​နိုင်​မည်​မ​ဟုတ်​။ သင်​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရင် ဖြစ်​ရ​လိမ့်မည်​။ ငါ​သည် သင့်​အတွက် လက်ရုံး​သဖွယ်​ဖြစ်​မည်​။ ဤသည်ကို ငါ့​ခမည်းတော်​ရှောလု​မင်းကြီး​လည်း သိ​ပါ​၏​”​ဟု ဆို​၏​။ 18ထို့နောက် သူ​တို့​နှစ်​ဦး ထာဝရဘုရား​ရှေ့​တော်​တွင် ကတိသစ္စာ​ပြု​၍ ဒါဝိဒ်​သည် ဟောရေရှ​အရပ်​၌​နေ​ခဲ့​ပြီး ယောနသန်​ကား သူ့​အိမ်​သို့​ပြန်သွား​လေ​၏​။
အကျဉ်းအကျပ်ထဲမှထွက်ပြေးနေရသောဒါဝိဒ်
19ဇိဖ​မြို့သား​တို့​သည် ရှောလု​မင်းကြီး​ရှိ​ရာ​ဂိဗာ​မြို့​သို့ လာ​၍ “​အကျွန်ုပ်​တို့​၏​နယ်မြေ​၊ ယေရှိမုန်​တောင်ဘက်​၊ ဟခိလ​တောင်ကုန်း​၊ ဟောရေရှ​အရပ်​ရှိ ဥမင်လိုဏ်ခေါင်း​တို့​တွင် ဒါဝိဒ် ပုန်းရှောင်​နေ​သည်​မ​ဟုတ်​ပါ​လော​။ 20အရှင်မင်းကြီး​ကိုယ်တော်တိုင် ဆင်းလာ​လို​လျှင် ဆင်းလာ​တော်မူ​ပါ​။ သူ့​ကို အရှင်မင်းကြီး​လက်​သို့ အကျွန်ုပ်​တို့ အပ်​ပါ​မည်​”​ဟု လျှောက်ဆို​ကြ​၏​။
21ထိုအခါ ရှောလု​မင်းကြီး​က သူ​တို့​အား “​သင်​တို့ ငါ့​ကို စာနာထောက်ထား​ကြ​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို ကောင်းချီးပေး​ပါစေ​။ 22ယခု သင်​တို့​ပြန်​၍ သူ​အဘယ်မှာ​နေ​သည်​၊ မည်သည့်​နေရာ​သို့​သွား​သည်​၊ ထို​နေရာ​တွင် သူ့​အား မည်သူ​တွေ့​ခဲ့​သည်​တို့​ကို အသေအချာ​ထပ်ပြီး​စူးစမ်း​ကြည့်​ကြ​လော့​။ သူ​သည် အလွန်​ဉာဏ်များ​သော​သူ​ဖြစ်ကြောင်း ငါ​ကြားသိ​၏​။ 23သူ​ပုန်းခို​သော​နေရာ​ရှိသမျှ​တို့​ကို စူးစမ်း​၍ မှတ်သား​ထား​ပြီး ငါ့​ကို အတိအကျ​ပြန်လာ​ပြောပြ​ကြ​လော့​။ ငါ​သည် သူ​ရှိ​ရာ​သို့ သင်​တို့​နှင့်အတူ​လိုက်သွား​မည်​။ ယုဒ​ပြည်​ရှိ ယုဒ​လူမျိုး အထောင်​အသောင်း​တို့​ကြား​တွင် ပုန်း​နေ​လျှင်ပင် ရ​အောင်​ရှာ​မည်​”​ဟု ဆို​၏​။ 24ထို့ကြောင့် သူ​တို့​သည် ထ​၍ ရှောလု​မင်းကြီး​ထက်​အလျင် ဇိဖ​မြို့​သို့ ပြန်​နှင့်​ကြ​၏​။ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​ကား ယေရှိမုန်​တောင်ဘက်​၊ အရာဗ​လွင်ပြင်​၊ မောန​တောကန္တာရ​တွင် ရှိ​နေ​ကြ​၏​။ 25ရှောလု​မင်းကြီး​နှင့်​သူ့​နောက်လိုက်​တို့​သည် ဒါဝိဒ်​အား ရှာဖွေ​ရန် ထွက်လာ​ကြောင်း​ကို ဒါဝိဒ်​ကြားသိ​လျှင် မောန​တောကန္တာရ​ရှိ ကျောက်ဆောင်​သို့ သွား​၍ နေထိုင်​၏​။ ထို​သတင်း​ကို ရှောလု​မင်းကြီး ကြားသိ​သောအခါ ဒါဝိဒ်​ရှိ​ရာ မောန​တောကန္တာရ​သို့ လိုက်သွား​၏​။
26ရှောလု​မင်းကြီး​သည် တောင်စောင်း​တစ်ဘက်​တွင် ရောက်​နေ​ချိန်​၌ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​သည် တောင်စောင်း​အခြား​တစ်ဘက်​တွင် ရှိ​နေ​၏​။ ဒါဝိဒ်​သည် ရှောလု​မင်းကြီး​ထံမှ အလျင်အမြန်​ရှောင်သွား​ရ​၏​။ ရှောလု​မင်းကြီး​နှင့်​သူ့​နောက်လိုက်​တို့​သည် ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​ကို ဖမ်းမိ​ခါနီး​ဆဲဆဲ​တွင် 27ရှောလု​မင်းကြီး​၏​စေတမန်​တစ်​ဦး ရောက်လာ​၍ “​ဖိလိတ္တိ​လူမျိုး​တို့​သည် ပြည်​ကို​ဝင်ရောက်စီးနင်း​နေ​ပါ​ပြီ​။ အလျင်အမြန် ပြန်လာ​ပါ​လော့​”​ဟု လျှောက်တင်​သဖြင့် 28ရှောလု​မင်းကြီး​သည် ဒါဝိဒ်​နောက်သို့​လိုက်​ရာ​မှ​ပြန်လှည့်​၍ ဖိလိတ္တိ​လူမျိုး​တို့​ကို ရင်ဆိုင်တိုက်ခိုက်​ရန် စစ်ချီ​လေ​၏​။ ထို့ကြောင့် ဤ​နေရာ​ကို သေလဟမ္မလေကုပ်#23:28 “လွတ်မြောက်ရာကျောက်ဆောင်”ဟူသောအဓိပ္ပာယ်ရှိ၏။​ဟု ခေါ်ဆို​လေ​၏​။ 29ထို့နောက် ဒါဝိဒ်​သည် ထို​အရပ်​မှ အင်္ဂေဒိ​အရပ်​သို့​သွား​ပြီး ဥမင်လိုဏ်ခေါင်း​တို့​တွင် ပုန်းရှောင်​နေ​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ပထမစောင် 23: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ