YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 2

2
ဟန္န၏ဆုတောင်းချက်အောင်မြင်ခြင်း
1ထို့နောက် ဟန္န​က “​အကျွန်ုပ်​၏​စိတ်နှလုံး​သည် ထာဝရဘုရား​၌ ရွှင်လန်း​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​၏​ဦးချို​ကို ချီးမြှောက်​တော်မူ​ပါ​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​သည် ဝမ်းမြောက်​လျက် ရန်သူ​တို့​ကို အားရ​စွာ​ချေပပြောဆို​နိုင်​ပါ​ပြီ​။ 2ထာဝရဘုရား​ကဲ့သို့ သန့်ရှင်း​သော​သူ​မ​ရှိ​။ အကယ်စင်စစ် ကိုယ်တော်​မှတစ်ပါး အခြားသူ​မ​ရှိ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ကဲ့သို့သော​ကျောက်ဆောင် မ​ရှိ​ပြီ​။ 3ထာဝရဘုရား​သည် အလုံးစုံ​ကို​သိမြင်​တော်မူ​သော​ဘုရား​ဖြစ်​ပြီး လုပ်ဆောင်မှု​တိုင်း​ကို ကြည့်မှတ်​တော်မူ​သည်​ဖြစ်၍ သင်​တို့​သည် ဝါကြွားထောင်လွှား​သော​စကား​ကို ထပ်၍​မ​ပြောဆို​ကြ​နှင့်​။ မောက်မာ​သော​စကား​ကို သင်​တို့​၏​နှုတ်​မှ မ​ထွက်​စေ​ကြ​နှင့်​။ 4သူရဲကောင်း​တို့​၏​လေး​သည် ကျိုး​လေ​ပြီ​။ အားနည်း​သော​သူ​တို့​မူကား ခွန်အား​နှင့်​ပတ်စည်း​ခြင်း​ကို ခံရ​လေ​ပြီ​။ 5ကြွယ်ဝ​သော​သူ​တို့​သည် စားသောက်​ရ​ဖို့ သူရင်းငှား လုပ်​ရ​လေ​ပြီ​။ ဆာလောင်မွတ်သိပ်​သော​သူ​တို့​မူကား ဝလင်​ကြ​ပြီ​။ မြုံ​သော​မိန်းမ​သည် ခုနစ်​ကြိမ်​တိုင်အောင် သားဖွား​ခွင့်​ရ​ပြီ​။ သား​များစွာ​ဖွား​ခဲ့​သော​မိန်းမ​မူကား အားယုတ်​လေ​ပြီ​။ 6ထာဝရဘုရား​သည် အသက်​ကို​သေ​စေ​နိုင်​၏​။ အသက်​ကို ရှင်​စေ​နိုင်​၏​။ မရဏာနိုင်ငံ​သို့ ကျ​စေ​နိုင်​၏​။ မရဏာနိုင်ငံ​မှ​လည်း ထုတ်ဆောင်​ပေး​နိုင်​၏​။ 7ထာဝရဘုရား​သည် ဆင်းရဲ​စေ​နိုင်​၏​။ ချမ်းသာ​စေ​နိုင်​၏​။ နိမ့်ကျ​စေ​နိုင်​၏​။ ချီးမြှောက်​ပေး​နိုင်​၏​။ 8ဆင်းရဲသား​ကို မြေမှုန့်​ထဲမှ ဆွဲထူ​၍ နွမ်းပါး​သူ​ကို ပြာပုံ​ထဲမှ​ချီမ​တော်မူ​ပြီး မင်းသား​တို့​နှင့်အတူ​ထိုင်​စေ​တော်မူ​၏​။ ဘုန်းကြီး​သော​ပလ္လင်​ကို အမွေဆက်ခံ​စေ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​၏​အုတ်မြစ်​ကို ပိုင်​တော်မူ​၍ ကမ္ဘာလောက​ကို ထို​အုတ်မြစ်​ပေါ်တွင် ချထား​တော်မူ​၏​။ 9ကိုယ်တော်​သည် မိမိ​သန့်ရှင်း​သူ​တို့​၏​ခြေ​ကို စောင့်ရှောက်​ပေး​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​တို့​မူကား အမှောင်​ထဲ၌ပင် နှုတ်ဆိတ်​နေ​ရ​လိမ့်မည်​။ အကယ်စင်စစ် လူ​သည် မိမိ​ခွန်အား​ဖြင့် မ​အောင်​နိုင်​ရာ​။ 10ထာဝရဘုရား​ကို ဆန့်ကျင်​ဖက်ပြိုင်​သော​သူ​တို့​သည် ကျိုးပဲ့ကြေမွ​ရ​လိမ့်မည်​။ ကိုယ်တော်​သည် သူ​တို့​အပေါ် ကောင်းကင်​မှ​မိုးကြိုး ကျ​စေ​တော်မူ​မည်​။ ထာဝရဘုရား​သည် မြေကြီး​စွန်း​တိုင်အောင် စစ်ကြောစီရင်​တော်မူ​မည်​။ မိမိ​ရှင်ဘုရင်​အား အစွမ်းသတ္တိ​ကို​ပေး​တော်မူ​မည်​။ မိမိ​ဘိသိက်ပေး​ထား​သော​သူ​၏​ဦးချို​ကို ချီးမြှောက်​တော်မူ​လိမ့်မည်​”​ဟု ချီးမွမ်း​ဆုတောင်း​လေ​၏​။
11ထို့နောက် ဧလကာန​သည် မိမိ​အိမ်​ရှိ​ရာ ရာမ​မြို့​သို့​ပြန်လာ​၏​။ သူငယ်​မူကား ယဇ်ပုရောဟိတ်​ဧလိ​ထံပါး​၊ ထာဝရဘုရား​ရှေ့​တော်​၌ အမှု​တော်​ကို​ထမ်းဆောင်​လေ​၏​။
ဧလိမိသားစုအပေါ် တရားစီရင်ခြင်း
12ဧလိ​၏​သား​တို့​သည် ထာဝရဘုရား​နှင့် အကျွမ်း​မ​ဝင်​၊ ဆိုးညစ်​သော​သား​များ​ဖြစ်​ကြ​၏​။ 13လူ​တို့​အတွက် ယဇ်ပုရောဟိတ်​တို့​ပြု​ပေး​ရ​သော​ထုံးစံ​ရှိ​သည့်​အတိုင်း တစ်စုံတစ်ယောက်​သည် ယဇ်​ပူဇော်​သောအခါ အသား​ကို​ပြုတ်​နေစဉ်​မှာ​ပင် ယဇ်ပုရောဟိတ်​၏​ငယ်သား​သည် သုံးခွခက်ရင်း​ကို​ကိုင်​လျက်​ရောက်လာ​ပြီး 14ဒယ်​၊ ကရား​၊ ခွက်​၊ အိုး အစရှိ​သည်​တို့​ထဲသို့ ထိုးဆယ်​၍ ခက်ရင်း​၌​ပါလာ​သမျှ​သော​အသား​တို့​ကို ယဇ်ပုရောဟိတ်​အတွက် ယူသွား​လေ့​ရှိ​၏​။ သူ​တို့​သည် ရှိလော​မြို့​သို့​လာရောက်​သော​အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို ထိုသို့ ပြုမူ​လေ့​ရှိ​၏​။ 15ထိုနည်းတူ အဆီ​ကို မီး​မ​ရှို့​မီ ယဇ်ပုရောဟိတ်​၏​ငယ်သား​သည် ရောက်လာ​၍ ယဇ်ပူဇော်​သော​သူ​အား “​ယဇ်ပုရောဟိတ်​ကင်​စား​ဖို့ အသား​ကို​ပေး​ပါ​။ ပြုတ်​ထား​သော​အသား​ကို သူ​မ​ယူ​ပါ​၊ အသားစိမ်း​ကို​သာ​ယူ​မည်”​ဟု ဆို​တတ်​၏​။ 16ယဇ်ပူဇော်​သော​သူ​က “​အဆီ​ကို အလျင် မီးရှို့​ပါရစေ​။ ပြီးမှ သင်​အလိုရှိ​သည်​ကို ယူ​ပါ​”​ဟု ဆို​လျှင်ပင် သူ​က “​မ​ရ​ပါ​၊ ယခုပင် ပေး​ပါ​။ မ​ပေး​လျှင် အတင်းအဓမ္မ​ယူ​မည်​”​ဟု ဆို​တတ်​၏​။ 17ဤသို့ ထာဝရဘုရား​ထံ​ပူဇော်​သော​ပူဇော်သက္ကာ​ကို မထီလေးစား​ပြု​ကြ​သောကြောင့် ထို​ငယ်သား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ အပြစ်​အလွန်​ကြီးမား​လျက်​ရှိ​၏​။
18သူငယ်​ရှမွေလ​သည် ဧဖုဒ်#2:18 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​ပိတ်ချော​ကို​ဝတ်ဆင်​၍ ထာဝရဘုရား​ရှေ့​တော်​တွင် အမှု​တော်​ထမ်းဆောင်​လျက်​ရှိ​၏​။ 19သူ့​မိခင်​သည် သူ့​အတွက် ဝတ်လုံ​ငယ်​ကို​ချုပ်လုပ်​၏​။ နှစ်စဉ်​ယဇ်ပူဇော်​ရ​မည့်​အချိန်​ရောက်​၍ ခင်ပွန်းသည်​နှင့် ယဇ်ပူဇော်​ရန်​သွား​သောအခါ​တိုင်း သူ့​အတွက် ယူသွား​ပေး​လေ့​ရှိ​၏​။ 20ဧလိ​က​လည်း ဧလကာန​နှင့်​သူ့​မယား​အား “​ထာဝရဘုရား​ထံ အပ်နှံ​ထား​သော​ဤ​သား​အစား ထာဝရဘုရား​သည် သင့်​အား ဤ​မိန်းမ​အားဖြင့် သားသမီး​များ ထပ်၍​ပေးသနား​တော်မူ​ပါစေသော​”​ဟု ကောင်းချီးပေးပြီးမှ သူ​တို့​သည်​လည်း မိမိ​တို့​အိမ်​သို့​ပြန်သွား​ကြ​လေ​၏​။
21ထာဝရဘုရား​သည် ဟန္န​ကို ကြည့်ရှုထောက်မ​တော်မူ​သဖြင့် သူ​သည် ကိုယ်ဝန်ဆောင်​၍ သား​သုံး​ယောက်​၊ သမီး​နှစ်​ယောက်​ကို ထပ်မံ​မွေးဖွား​လေ​၏​။ သူငယ်​ရှမွေလ​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် ကြီးပြင်း​လာ​လေ​၏​။
22ဧလိ​သည်​လည်း အသက်အရွယ်​အိုမင်း​လာ​၏​။ သူ့​သား​တို့​သည် အစ္စရေး​တစ်မျိုးသားလုံး​တို့​အား ပြု​သမျှ​ကို​လည်းကောင်း​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​တွင် အစေခံ​သော​အမျိုးသမီး​တို့​နှင့်အတူ အိပ်​သည်​ကို​လည်းကောင်း ကြားသိ​လေ​၏​။ 23ထိုအခါ သူ့​သား​တို့​အား “​သင်​တို့​ပြု​သော​မကောင်းမှု​ကို ဤ​လူမျိုး​တို့​ထံမှ ငါ​ကြား​ရ​ပြီ​။ အဘယ်ကြောင့် ဤသို့သော​အမှု​ကို​ပြု​ကြ​သနည်း​။ 24ငါ့​သား​တို့​၊ ဤသို့ မ​ပြု​ကြ​ပါ​နှင့်​။ ထာဝရဘုရား​၏​လူမျိုး​တော်​တို့​အလယ်​တွင် ပျံ့နှံ့​နေ​သော ငါ​ကြား​ရ​သည့်​သတင်း​ကား အကောင်း​မ​ဟုတ်​။ 25လူလူချင်း​ပြစ်မှား​မိ​လျှင် ဘုရားသခင်​သည် ထို​သူ​အတွက် ကြားဝင်​ဖြေရှင်း​ပေး​နိုင်​၏​။ သို့သော် လူ​သည် ထာဝရဘုရား​ကို​ပြစ်မှား​မိ​လျှင် မည်သူ​သည် သူ့​အတွက် ကြားဝင်​ဖြေရှင်း​ပေး​နိုင်​မည်နည်း​”​ဟု ဆိုဆုံးမ​သော်လည်း ဖခင်​၏​စကား​ကို နား​မ​ထောင်​ကြ​။ အကြောင်းမူကား ထာဝရဘုရား​သည် သူ​တို့​ကို​ကွပ်မျက်​ရန်​အလိုရှိ​တော်မူ​၏​။ 26သူငယ်​ရှမွေလ​သည် တဖြည်းဖြည်း​ကြီးပြင်း​လာ​လျက် ထာဝရဘုရား​ရှေ့​၊ လူ​တို့​ရှေ့​၌ မျက်နှာရ​လေ​၏​။
27တစ်နေ့တွင် ဘုရားသခင်​၏​လူ​တစ်ဦး​သည် ဧလိ​ထံသို့​လာ​ပြီး “​ထာဝရဘုရား​က ‘​သင့်​ဘိုးဘေး​၏​အမျိုးအနွယ်​တို့​သည် အီဂျစ်​ပြည်​၊ ဖာရော​မင်းကြီး​လက်​အောက်​တွင် နေ​ရ​စဉ်က သူ​တို့​အား ငါ​အမှန်တကယ် ကိုယ်တိုင်​ထင်ရှားပြ​ခဲ့​သည်​မ​ဟုတ်​လော​။ 28ငါ​၏​ယဇ်ပလ္လင်​ပေါ်သို့​တက်​ပြီး နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​ရန်​နှင့် ဧဖုဒ်#2:28 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​ကို​ဝတ်ဆင်​ပြီး ငါ့​ရှေ့​၌ ခစား​ရန်​အတွက် ငါ​၏​ယဇ်ပုရောဟိတ်​အဖြစ် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ထဲမှ သူ​တို့​ကို ငါ​ရွေးကောက်​ခဲ့​သည်​မ​ဟုတ်​လော​။ အစ္စရေး​အမျိုးသား​တို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အလုံးစုံ​ကို​လည်း သင့်​ဘိုးဘေး​၏​အမျိုးအနွယ်​အား ငါ​ပေး​ခဲ့​သည်​မ​ဟုတ်​လော​။ 29ငါ​ကိန်းဝပ်​ရာ​အရပ်​၌ ပူဇော်​ရန် ငါ​မိန့်မှာ​ထား​သော​ယဇ်​နှင့် ပူဇော်သက္ကာ​ကို အဘယ်ကြောင့် မထီမဲ့မြင်ပြု#2:29 အချို့မူကွဲကျမ်းများ၌ “ကန်”။​ကြ​သနည်း​။ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ပူဇော်​သမျှ​တို့​ထဲမှ အကောင်းဆုံး​ကို​ယူ​၍ သင်တို့ကိုယ်​ကို​ဝလင်​စေ​ခြင်း​ဖြင့် သင်​သည် သင့်​သား​တို့​ကို ငါ့​ထက်​ပို၍ အဘယ်ကြောင့်​ဂုဏ်ပြုချီးမြှောက်​သနည်း’​ဟု မိန့်ဆို​၏​။
30ထို့ကြောင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘သင့်​အမျိုးအနွယ်​နှင့်​သင့်​ဘိုးဘေး​၏​အမျိုးအနွယ်​သည် ငါ့​ရှေ့​၌ အစဉ်​ဝင်ထွက်​သွားလာ​ရ​မည်’​ဟူ၍ ငါ​အမှန်ဆို​ခဲ့​၏​။ ယခုမှာ ထာဝရဘုရား​က ‘ထို​မိန့်ဆိုချက်​သည် ငါ​နှင့်​ဝေး​ပါစေ​။ ငါ့​ကို​ဂုဏ်ပြုချီးမြှောက်​သော​သူ​ကို ငါ​ဂုဏ်ပြုချီးမြှောက်​မည်​။ ငါ့​ကို​မထီမဲ့မြင်ပြု​သော​သူ​တို့​သည် မထီမဲ့မြင်ပြု​ခြင်း​ခံရ​မည်​။ 31ကြည့်ရှု​လော့​။ သင့်​ဘိုးဘေး​အမျိုးအနွယ်​၏​လက်ရုံး​မှစ၍ သင့်​လက်ရုံး​ကို ငါ​ဖြတ်တောက်​ပစ်​မည့်​နေ့​ရောက်လာ​လိမ့်မည်​။ သင့်​အမျိုးအနွယ်​တွင် အသက်ကြီး​သော​သူ ရှိ​တော့​မည်​မ​ဟုတ်​။ 32အစ္စရေး​လူမျိုး​တို့​ကောင်းစား​ချိန်​တွင် သင်​မူကား ကိုယ့်​နေရာ​အရပ်​၌​ပင် စိတ်ဆင်းရဲ​ခြင်း​ကို ကြုံ​ရ​လိမ့်မည်​။ သင့်​အမျိုးအနွယ်​တွင် အသက်ကြီး​သော​သူ မည်သည့်​အခါ​မျှ ရှိ​တော့​မည်​မ​ဟုတ်​။ 33သို့သော် သင့်​အမျိုးအနွယ်​ထဲမှ လူ​တစ်​ဦး​ကို ငါ့​ယဇ်ပလ္လင်​မှ မ​ဖယ်ရှား​ဘဲ ချန်ထား​မည်​။ သူ​သည် သင့်​မျက်စိ​ကို ကွယ်​စေ​ပြီး သင့်​စိတ်နှလုံး​ကို ကြေကွဲ​စေ​မည်​။ သင့်​အမျိုးအနွယ်​မှ​ဆင်းသက်​သော​သူ​အားလုံး အရွယ်ကောင်း​ချိန်​တွင် သေ​ရ​ကြ​လိမ့်မည်​။ 34သင့်​အဖို့ နိမိတ်လက္ခဏာ​ကား သင့်​သား​နှစ်​ဦး​ဖြစ်​သော ဟောဖနိ​နှင့် ဖိနဟတ်​တို့​၌ ဖြစ်ပျက်​မည့်​အရာ​ဖြစ်​၏​။ သူ​တို့​နှစ်ဦးစလုံး​သည် တစ်နေ့ချင်း​တွင် သေ​ရ​လိမ့်မည်​။
35ငါ့​အလို​တော်​ကို​ဆောင်​၍ သစ္စာရှိ​သော​ယဇ်ပုရောဟိတ်​တစ်​ပါး​ကို ငါ​ပေါ်ထွန်း​စေ​မည်​။ သူ့​အမျိုးအနွယ်​ကို စဉ်ဆက်မပြတ် တည်ရှိ​စေ​မည်​။ သူ​သည် ငါ​ဘိသိက်ပေး​ထား​သော​သူ​ရှေ့​တွင် အစဉ်​ဝင်ထွက်​သွားလာ​ရ​လိမ့်မည်​။ 36သင့်​အမျိုးအနွယ်​ထဲမှ ကြွင်းကျန်​သော​သူ​အားလုံး​တို့​သည် သူ့​ထံသို့​လာ​၍ စားစရာ​အနည်းငယ်​ရ​ဖို့ ယဇ်ပုရောဟိတ်​ဆိုင်ရာ​အလုပ်​တစ်ခုခု လုပ်​ခွင့်​ပြု​ပါ​ဟု ဆို​ပြီး ငွေ​တစ်စ​ရ​ဖို့​၊ မုန့်​တစ်လုံးစာ​ရ​ဖို့ ဦးညွှတ်ခယ​တောင်းဆို​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ပြောဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ပထမစောင် 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ