YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 17:41-49

ဓမ္မရာဇဝင်ပထမစောင် 17:41-49 MSBU

ထို​ဖိလိတ္တိ​ပြည်သား​သည် ဒါဝိဒ်​ထံသို့​ချဉ်းကပ်​လာ​၏​။ ဒိုင်းလွှား​ကိုင်​သူ​လည်း သူ့​ရှေ့​မှ သွား​၏​။ ထို​ဖိလိတ္တိ​ပြည်သား​သည် ငယ်ရွယ်​နုနယ်​၍ နီမြန်း​သော​အသားအရေ​နှင့် ခန့်ညား​သော​ရုပ်ရည်​ရှိ​သော​ဒါဝိဒ်​ကို မြင်​သောအခါ အထင်သေး​သော​အကြည့်​ဖြင့် ကြည့်​၏​။ ထို့နောက် ဖိလိတ္တိ​ပြည်သား​က ဒါဝိဒ်​အား “​သင်​သည် တောင်ဝှေး​မျှ​လောက်​ဖြင့် ငါ့​ထံ​လာ​သည်​မှာ ငါ​သည် ခွေး​ဖြစ်၍​လော​”​ဟု ဆို​လျက် ဖိလိတ္တိ​ပြည်သား​သည် မိမိ​၏​ဘုရား​ကို​တိုင်တည်​၍ ဒါဝိဒ်​ကို ကျိန်ဆဲ​၏​။ ထို့ပြင် ထို​ဖိလိတ္တိ​ပြည်သား​က ဒါဝိဒ်​အား “​ငါ့​ထံသို့ လာ​ခဲ့​။ သင့်​အသား​ကို မိုးကောင်းကင်​ငှက်​များ​၊ တောတိရစ္ဆာန်​များ​အား ကျွေး​ပစ်​မည်​”​ဟု ဆို​၏​။ ဒါဝိဒ်​က​လည်း ထို​ဖိလိတ္တိ​ပြည်သား​အား “​သင်​သည် ဓား​၊ လှံတို​၊ လှံရှည်​တို့​ဖြင့် ငါ့​ထံ​လာ​၏​။ ငါ​မူကား သင်​စော်ကားပြောဆို​နေ​သော အစ္စရေး​စစ်သည်​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် သင့်​ထံ​လာ​၏​။ ယနေ့​တွင် ထာဝရဘုရား​သည် သင့်​ကို ငါ့​လက်​သို့​အပ်နှံ​တော်မူ​မည်​။ သင့်​ကို ငါ​သတ်​ပြီး သင့်​ခေါင်း​ကို ဖြတ်ပစ်​မည်​။ ယနေ့​ပင် ဖိလိတ္တိ​လူမျိုး​စစ်သည်​အသေကောင်​များ​ကို မိုးကောင်းကင်​ငှက်​များ​၊ တောရိုင်းတိရစ္ဆာန်​များ​အား ကျွေး​ပစ်​မည်​။ သို့မှ အစ္စရေး​လူမျိုး​တို့​၌ ဘုရားသခင်​ရှိ​တော်မူ​ကြောင်း​ကို ကမ္ဘာမြေ​တစ်ခွင်လုံး သိ​ရ​ကြ​လိမ့်မည်​။ ထို့ပြင် ထာဝရဘုရား​သည် ဓား​၊ လှံ​အားဖြင့် ကယ်တင်​သည်​မ​ဟုတ်​ကြောင်း​ကို ဤ​လူထုကြီး သိ​ရ​လိမ့်မည်​။ စစ်မှု​သည် ထာဝရဘုရား​၏​အရေး​ဖြစ်၍ ကိုယ်တော်​သည် သင်​တို့​ကို ငါ​တို့​လက်​သို့ အပ်နှံ​တော်မူ​မည်​”​ဟု ဆို​၏​။ ထိုအခါ ဖိလိတ္တိ​ပြည်သား​သည် ဒါဝိဒ်​ကို တိုက်ခိုက်​ရန် ရှေ့​သို့​တိုးလာ​ရာ ဒါဝိဒ်​သည်​လည်း သူ့​ကို ရင်ဆိုင်​တိုက်ခိုက်​ရန် အလျင်အမြန်​ပြေးသွား​၏​။ ဒါဝိဒ်​သည် အိတ်​ထဲမှ ကျောက်​တစ်​လုံး​ကို နှိုက်​ယူ​ပြီး လွှဲပစ်​လိုက်​ရာ ဖိလိတ္တိ​ပြည်သား​၏​နဖူး​ကို ထိမှန်​၍ နဖူးပေါက်​သွား​သဖြင့် ထို​သူ​သည် မြေ​ပေါ်သို့ မှောက်​လျက်​လဲကျ​သွား​လေ​၏​။