YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 17

17
ဒါဝိဒ်နှင့်ဂေါလျတ်တို့ယှဉ်ပြိုင်ခြင်း
1ယခု​တစ်ဖန် ဖိလိတ္တိ​လူမျိုး​တို့​သည် စစ်တိုက်​ရန် စစ်သည်​တို့​ကို စုစည်း​ကြ​၏​။ သူ​တို့​သည် စောခေါ​မြို့​တွင် စုဝေး​၍ ယုဒ​ပြည်​၊ စောခေါ​မြို့​နှင့် အဇေကာ​မြို့​ကြား​ရှိ​ဧဖက်ဒမိမ်​အရပ်​တွင် စခန်းချ​ကြ​၏​။ 2ရှောလု​မင်းကြီး​နှင့် အစ္စရေး​အမျိုးသား​တို့​မူကား ဧလာ​ချိုင့်​တွင် စုဝေး​စခန်းချ​ကြ​ပြီး ဖိလိတ္တိ​လူမျိုး​တို့​ကို ရင်ဆိုင်တိုက်ခိုက်​ရန် စစ်ရေး​ပြင်ဆင်​ကြ​၏​။
3ဖိလိတ္တိ​လူမျိုး​တို့​သည် တောင်​တစ်ဖက်​တွင် တပ်ချ​၍ အစ္စရေး​လူမျိုး​တို့​သည် အခြား​တောင်​တစ်ဖက်​တွင် တပ်ချ​ကြ​၏​။ သူ​တို့​ကြား​တွင် ချိုင့်ဝှမ်း​ရှိ​၏​။ 4ဖိလိတ္တိ​တပ်စခန်း​ဘက်​မှ ဂေါလျတ်​ဟု​အမည်​ရှိ​၍ အရပ်​ခြောက်​တောင်​တစ်ထွာ#17:4 “117 လက်မ သို့မဟုတ် 292.​5 စင်တီမီတာ”။​ရှိ​သော ဂါသ​မြို့သား လူစွမ်းကောင်း​တစ်​ဦး ထွက်လာ​၏​။ 5သူ​သည် ခေါင်း​တွင် ကြေးနီ​သံခမောက်​ဆောင်း​ထား​၍ သံချပ်အင်္ကျီ​ကို ဝတ်​ထား​၏​။ ထို​သံချပ်အင်္ကျီ​၏​အလေးချိန်​မှာ ကြေးနီ​ရှယ်ကယ်​ငါး​ထောင်#17:5 “38 ပိဿာ သို့မဟုတ် 58 ကီလိုဂရမ်”။​ခန့်​ရှိ​၏​။ 6သူ​၏​ခြေထောက်​တွင်​လည်း ကြေးနီ​ညို့သကျည်းကာ​ပါရှိ​ပြီး ပခုံး​တွင်​လည်း ကြေးနီ​လှံရှည် လွယ်​ထား​၏​။ 7သူ​၏​လှံရိုး​မှာ ရက်ကန်းလိပ်တုံး​တမျှ​ရှိ​၍ လှံသွား​အလေးချိန်​မှာ သံ​ရှယ်ကယ်​ခြောက်​ရာ#17:7 “4.5 ပိဿာ သို့မဟုတ် 6.9 ကီလိုဂရမ်”။ ရှိ​၏​။ သူ့​ရှေ့​တွင် ဒိုင်းလွှား​ကိုင်​သူ​တစ်​ဦး ပါရှိ​၏​။
8သူ​သည် ရပ်​၍ အစ္စရေး​စစ်သည်​တို့​အား “​သင်​တို့ အဘယ်ကြောင့် စစ်​ခင်းကျင်း​ရန် ထွက်လာ​ကြ​သနည်း​။ ငါ​သည် ဖိလိတ္တိ​လူမျိုး​ဖြစ်​၏​။ သင်​တို့​ကား ရှောလု​၏​အမှုထမ်း​များ​မ​ဟုတ်​လော​။ သင်​တို့​ထဲမှ လူ​တစ်​ယောက်​ကို​ရွေး​ပြီး ငါ့​ထံသို့​လာ​စေ​ပါ​။ 9အကယ်၍ သူ​သည် ငါ့​ကို​တိုက်​၍ သတ်​နိုင်​လျှင် ငါ​တို့​သည် သင်​တို့​ထံ ကျွန်ခံ​မည်​။ သို့မဟုတ် ငါ​သည် သူ့​ကို​နိုင်​၍ သတ်​နိုင်​လျှင် သင်​တို့​သည် ငါ​တို့​ထံ ကျွန်ခံ​၍ အလုပ်လုပ်​ပေး​ရ​မည်​”​ဟု အော်ဟစ်​ပြောဆို​၏​။ 10ထို့ပြင် ထို​ဖိလိတ္တိ​ပြည်သား​က “​ယနေ့ ငါ​သည် အစ္စရေး​စစ်သည်​တို့​ကို စိန်ခေါ်​၏​။ ငါ​နှင့်​တိုက်​မည့်​သူ​တစ်​ဦး​ကို ငါ့​ထံ လွှတ်​လိုက်​ပါ​”​ဟု ဆို​၏​။ 11ရှောလု​မင်းကြီး​နှင့်တကွ အစ္စရေး​စစ်သည်​အားလုံး​တို့​သည် ထို​ဖိလိတ္တိ​ပြည်သား​၏​စကား​ကို ကြား​သောအခါ တုန်လှုပ်ချောက်ချား​လျက် အလွန်​ကြောက်ရွံ့​ကြ​ကုန်​၏​။
12ဒါဝိဒ်​သည် ယုဒ​ပြည်​၊ ဗက်လင်​မြို့​မှ ယေရှဲ​အမည်​ရှိ ဧဖရတ်​အမျိုးသား​တစ်​ဦး​၏​သား ဖြစ်​၏​။ ယေရှဲ​၌ သား​ရှစ်​ယောက်​ရှိ​၏​။ သူ​သည် ရှောလု​မင်းကြီး​လက်ထက်​တွင် အသက်ကြီး​၍​အိုမင်း​လေ​ပြီ​။ 13ယေရှဲ​၏​သား​အကြီး​သုံး​ယောက်​တို့​သည် ရှောလု​မင်းကြီး​နောက်​လိုက်​သော​စစ်မှုထမ်း​များ ဖြစ်​ကြ​၏​။ ထို​စစ်မှုထမ်း​သော သား​သုံး​ယောက်​၏​အမည်​မှာ သားဦး​ဧလျာဘ​၊ ဒုတိယ​သား​အဘိနဒပ်​နှင့် တတိယ​သား​ရှမ္မ ဖြစ်​၏​။ 14ဒါဝိဒ်​သည် အငယ်ဆုံး​သား​ဖြစ်​၏​။ သား​အကြီး​သုံး​ယောက်​သည် ရှောလု​မင်းကြီး​နောက်သို့ လိုက်​ကြ​သော်လည်း 15ဒါဝိဒ်​သည် ဗက်လင်​မြို့​ရှိ ဖခင်​၏​သိုး​များ​ကို​ထိန်းကျောင်း​ရ​သဖြင့် ရှောလု​မင်းကြီး​ထံ​သွား​လိုက် ဖခင်​ထံ​ပြန်​လိုက်လုပ်​နေ​ရ​၏​။
16ထို​ဖိလိတ္တိ​ပြည်သား​သည် နံနက်​တစ်ကြိမ်​၊ ညနေ​တစ်ကြိမ် ရက်​လေးဆယ်​ပတ်လုံး လူလုံးထွက်ပြ​လေ့​ရှိ​၏​။ 17ယေရှဲ​က မိမိ​၏​သား​ဒါဝိဒ်​အား “​သင့်​အစ်ကို​တို့​အတွက် ဤ​မုန့်ဆန်း​တစ်​ဧဖာ#17:17 “22 လီတာ”။​နှင့် မုန့်​ဆယ်​လုံး​ကို​ယူ​၍ သင့်​အစ်ကို​တို့​ရှိ​ရာ​တပ်စခန်း​သို့ အမြန်သွား​လော့​။ 18ဤ​ဒိန်ခဲ​ဆယ်​ခဲ​ကို​လည်း သူ​တို့​၏​လူ​တစ်ထောင်အုပ်​အတွက် ယူသွား​လော့​။ သင့်​အစ်ကို​တို့ အေးအေးချမ်းချမ်း​ရှိ​သည်​ကို သင်​မြင်တွေ့​ခဲ့​ရ​ကြောင်း သက်သေ​ယူလာ​ပြ​လော့​”​ဟု မှာလိုက်​လေ​၏​။ 19ရှောလု​မင်းကြီး​မှစ၍ ဒါဝိဒ်​၏​အစ်ကို​တို့​နှင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် ဧလာ​ချိုင့်​၌ စခန်းချ​နေ​ကြ​၏​။
20ဒါဝိဒ်​သည် နံနက်​စောစောထ​၍ မိမိ​သိုးအုပ်​ကို သိုးထိန်း​တစ်​ဦး​နှင့် အပ်ထား​ခဲ့​ပြီးလျှင် ဖခင်​ယေရှဲ​မှာလိုက်​သည့်​အတိုင်း စားစရာ​များ​ကို ယူ​၍ ထွက်သွား​၏​။ သူ​သည် တပ်စခန်း​သို့​ရောက်​သောအခါ စစ်သည်​တို့​သည် စစ်မြေပြင်​သို့ ချီတက်​ပြီး စစ်​ငြာသံ​ပေး​လျက် 21အစ္စရေး​လူမျိုး​နှင့် ဖိလိတ္တိ​လူမျိုး​တို့​သည် မျက်နှာချင်းဆိုင် စစ်ခင်းကျင်း​နေ​ကြ​၏​။ 22ဒါဝိဒ်​သည် သူ​နှင့်အတူ​ပါလာ​သော​ပစ္စည်း​များ​ကို ပစ္စည်းထိန်း​လက်​၌ အပ်ထား​ခဲ့​ပြီး စစ်မြေပြင်​သို့​ပြေးသွား​ကာ အစ်ကို​တို့​ကို သွား​၍​တွေ့ဆုံနှုတ်ဆက်​၏​။ 23ထိုသို့ သူ​သည် အစ်ကို​တို့​နှင့်​စကားပြော​နေစဉ် ဂေါလျတ်​အမည်​ရှိ​သော ဖိလိတ္တိ​လူမျိုး​၊ ဂါသ​မြို့သား​၊ လူစွမ်းကောင်း​တစ်​ဦး​သည် ဖိလိတ္တိ​တပ်​ထဲမှ​ထွက်လာ​၍ ယခင်က​ကဲ့သို့ စိန်ခေါ်​သော​စကား​များ​ကို ဒါဝိဒ်​ကြား​ရ​၏​။ 24အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည်​လည်း ထို​သူ​ကို​မြင်​လျှင် အလွန်​ကြောက်ရွံ့​၍ ထွက်ပြေး​ကြ​၏​။
25အစ္စရေး​အမျိုးသား​တို့​က “​ယခု ထွက်လာ​သော​သူ​ကို သင်​တို့​မြင်​သလော​။ စင်စစ် အစ္စရေး​လူမျိုး​တို့​ကို စော်ကား​ရန်​ထွက်လာ​ခြင်း​ဖြစ်​၏​။ သူ့​ကို​သတ်​နိုင်​သော​သူ​အား ရှင်ဘုရင်​သည် ဓနဥစ္စာ​အများအပြား​ချီးမြှင့်​၍ သမီး​တော်​နှင့်​ထိမ်းမြား​ပေး​မည်​။ သူ့​အိမ်သူအိမ်သား​တို့​ကို​လည်း အစ္စရေး​နိုင်ငံ​တွင် အခွန်​လွတ်ငြိမ်း​ခွင့်​ပြု​မည်​”​ဟု ပြောဆို​နေ​ကြ​၏​။
26ဒါဝိဒ်​သည် မိမိ​အနား​၌​ရပ်​နေ​သော​လူ​တို့​အား “​ဤ​ဖိလိတ္တိ​ပြည်သား​ကို​သတ်​ပြီး အစ္စရေး​လူမျိုး​တို့ စော်ကား​ခံ​နေ​ရ​သည်​ကို ဖယ်ရှား​ပေး​နိုင်​သော​သူ​အား မည်သို့​ပြု​ပေး​မည်နည်း​။ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​စစ်သည်​တို့​ကို စော်ကားပြောဆို​နေ​ရ​အောင် ဤ​အရေဖျားလှီး​ခြင်း​မ​ခံ​သော​ဖိလိတ္တိ​ပြည်သား​ကား မည်သူ​နည်း​”​ဟု မေး​၏​။
27ထိုအခါ လူ​တို့​က ယခင် ပြောဆို​ခဲ့​ကြ​သည့်​အတိုင်း သူ့​အား “ထို​သူ​ကို သတ်​နိုင်​သော​သူ​အား ထိုသို့​ပြု​ပေး​မည်​”​ဟု ပြောပြ​ကြ​၏​။
28ထိုသို့ ဒါဝိဒ်​နှင့်​လူ​တို့ ပြောဆို​နေ​ကြ​သည်​ကို ဒါဝိဒ်​၏​အစ်ကို​အကြီးဆုံး​ဖြစ်​သူ ဧလျာဘ​ကြားသိ​လျှင် ဒါဝိဒ်​ကို​အမျက်ထွက်​၍ “​သင် အဘယ်ကြောင့် ဤ​နေရာ​သို့ ဆင်းလာ​သနည်း​။ တောကန္တာရ​မှ သိုး​အနည်းငယ်​ကို မည်သူ​နှင့် ထားခဲ့​သနည်း​။ သင်​၌​မာန်မာန​ရှိ​ကြောင်း​၊ မကောင်း​သော​စိတ်ကူး​ရှိ​နေ​ကြောင်း ငါ​သိ​၏​။ တိုက်ပွဲ​ကို ကြည့်​လို​၍ သင်​လာ​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု သူ့​အား ပြောဆို​လေ​၏​။
29ဒါဝိဒ်​က​လည်း “​ယခု အကျွန်ုပ် မည်သို့​ပြု​မိ​သနည်း​။ ဤ​အကြောင်းအရာ​ကို မေး​ခွင့်​မ​ရှိ​သလော​”​ဟု ပြန်ပြော​ပြီး 30ဧလျာဘ​ထံမှ လှည့်ထွက်​သွား​၍ အခြား​သူ​တို့​အား ထို​အကြောင်းအရာ​ကို မေးမြန်း​ရာ သူ​တို့​က ယခင်​ဖြေ​ခဲ့​သည့်​အတိုင်း ပြန်ဖြေ​ကြ​၏​။
31ဒါဝိဒ်​ပြော​သော​စကား​ကို​ကြား​သော​သူ​အချို့​တို့​က ရှောလု​မင်းကြီး​ထံ​သို့ လျှောက်တင်​ကြ​သဖြင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို ဆင့်ခေါ်​လေ​၏​။ 32ဒါဝိဒ်​က​လည်း ရှောလု​မင်းကြီး​အား “​ထို​သူ​ကြောင့် မည်သူ​မျှ​စိတ်​မ​ပျက်​ကြ​ပါ​နှင့်​။ အရှင့်​အစေအပါး​အကျွန်ုပ်​သည် ထို​ဖိလိတ္တိ​ပြည်သား​ကို ထွက်​တိုက်​ပါ​မည်​”​ဟု လျှောက်တင်​ရာ
33ရှောလု​မင်းကြီး​က ဒါဝိဒ်​အား “​ထို​ဖိလိတ္တိ​ပြည်သား​ကို သင်​ထွက်​တိုက်​နိုင်​မည်​မ​ဟုတ်​။ သင်​ကား လူငယ်​မျှသာ​ရှိ​သေး​၏​။ ထို​သူ​မှာ​မူ ငယ်ရွယ်​စဉ်​ကပင် စစ်သူရဲ​ဖြစ်​ခဲ့​၏​”​ဟု ဆို​၏​။
34သို့သော် ဒါဝိဒ်​က ရှောလု​မင်းကြီး​အား “​အရှင့်​အစေအပါး​သည် ဖခင်​၏​သိုး​များ​ကို ထိန်းကျောင်း​နေ​စဉ် ခြင်္သေ့​၊ ဝက်ဝံ​တို့​သည် လာ​၍ သိုးအုပ်​ထဲမှ သိုးသငယ်​ကို ကိုက်ဆွဲ​ပါ​၏​။ 35ထိုအခါ အကျွန်ုပ်​သည် ခြင်္သေ့​၊ ဝက်ဝံ​တို့​ကို လိုက်​၍ တိုက်ခိုက်​ပြီး ထို​အကောင်​တို့​၏​ပါးစပ်​မှ သိုး​တို့​ကို ကယ်​ခဲ့​ပါ​၏​။ ထို​အကောင်​က အကျွန်ုပ်​ကို ပြန်လည်​တိုက်ခိုက်​လျှင် ထို​အကောင်​၏​မုတ်ဆိတ်​ကို​ဖမ်းဆွဲ​ပြီး ရိုက်​သတ်​ပါ​၏​။ 36ထိုသို့ ခြင်္သေ့​နှင့် ဝက်ဝံ​တို့​ကို အရှင့်​အစေအပါး သတ်​ခဲ့​ပါ​၏​။ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​စစ်သည်​တို့​ကို စော်ကား​နေ​သည့် အရေဖျားလှီး​ခြင်း​မ​ခံ​သော ဤ​ဖိလိတ္တိ​ပြည်သား​သည်​လည်း ထို​အကောင်​ထဲမှ​တစ်​ကောင်​ကဲ့သို့သာ ဖြစ်​ပါ​သည်”​ဟု လျှောက်တင်​၏​။ 37ထို့ပြင် ဒါဝိဒ်​က “​ခြင်္သေ့​လက်​၊ ဝက်ဝံ​လက်​မှ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​သော​ထာဝရဘုရား​သည် ထို​ဖိလိတ္တိ​ပြည်သား​၏​လက်​မှ​လည်း ကယ်တင်​တော်မူ​လိမ့်မည်​”​ဟု ဆို​လျှင် ရှောလု​မင်းကြီး​က ဒါဝိဒ်​အား “​သို့ဖြစ်လျှင် သွား​ပါ​လော့​။ ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​ပါစေသော​”​ဟု ဆို​ပြီး
38ရှောလု​မင်းကြီး​သည် မိမိ​၏​စစ်ဝတ်တန်ဆာ​များ​ကို ဒါဝိဒ်​အား ဝတ်ဆင်​စေ​၏​။ ဦးခေါင်း​တွင် ကြေးနီ​ခမောက်​ကို​ဆောင်း​စေ​ပြီး သံချပ်အင်္ကျီ​ကို ဝတ်​စေ​၏​။ 39ထို့နောက် ဒါဝိဒ်​သည် စစ်ဝတ်တန်ဆာ​ပေါ်၌ ဓား​ကို​သိုင်းလွယ်​ထား​ပြီး လမ်းလျှောက်​ကြည့်​၏​။ စစ်ဝတ်တန်ဆာ​ကို တစ်ခါ​မျှ မ​ဝတ်​ဖူး​သဖြင့် လျှောက်​၍​မ​ရ​။ ထို့ကြောင့် ဒါဝိဒ်​က ရှောလု​မင်းကြီး​အား “​အကျွန်ုပ်​ဝတ်နေကျ​မ​ဟုတ်​သော ဤ​ဝတ်စုံ​များ​နှင့် မ​သွား​နိုင်​ပါ​”​ဟု ဆို​ပြီး ဒါဝိဒ်​သည် ကိုယ်​ပေါ်​မှ စစ်ဝတ်တန်ဆာ​များ​ကို ချွတ်ပစ်​လေ​၏​။ 40ထို့နောက် သူ့​တောင်ဝှေး​ကို​ယူ​၍ စမ်းချောင်း​ထဲမှ ကျောက်စရစ်ခဲ​ငါး​လုံး​ကို​ရွေးယူ​ပြီး မိမိ​၏​သိုးထိန်း​လွယ်အိတ်​ထဲ​ထည့်​၏​။ ထို့နောက် လောက်လွှဲ​ကို ကိုင်​လျက် ဖိလိတ္တိ​ပြည်သား​ထံ ချဉ်းကပ်​သွား​၏​။
41ထို​ဖိလိတ္တိ​ပြည်သား​သည် ဒါဝိဒ်​ထံသို့​ချဉ်းကပ်​လာ​၏​။ ဒိုင်းလွှား​ကိုင်​သူ​လည်း သူ့​ရှေ့​မှ သွား​၏​။ 42ထို​ဖိလိတ္တိ​ပြည်သား​သည် ငယ်ရွယ်​နုနယ်​၍ နီမြန်း​သော​အသားအရေ​နှင့် ခန့်ညား​သော​ရုပ်ရည်​ရှိ​သော​ဒါဝိဒ်​ကို မြင်​သောအခါ အထင်သေး​သော​အကြည့်​ဖြင့် ကြည့်​၏​။ 43ထို့နောက် ဖိလိတ္တိ​ပြည်သား​က ဒါဝိဒ်​အား “​သင်​သည် တောင်ဝှေး​မျှ​လောက်​ဖြင့် ငါ့​ထံ​လာ​သည်​မှာ ငါ​သည် ခွေး​ဖြစ်၍​လော​”​ဟု ဆို​လျက် ဖိလိတ္တိ​ပြည်သား​သည် မိမိ​၏​ဘုရား​ကို​တိုင်တည်​၍ ဒါဝိဒ်​ကို ကျိန်ဆဲ​၏​။ 44ထို့ပြင် ထို​ဖိလိတ္တိ​ပြည်သား​က ဒါဝိဒ်​အား “​ငါ့​ထံသို့ လာ​ခဲ့​။ သင့်​အသား​ကို မိုးကောင်းကင်​ငှက်​များ​၊ တောတိရစ္ဆာန်​များ​အား ကျွေး​ပစ်​မည်​”​ဟု ဆို​၏​။ 45ဒါဝိဒ်​က​လည်း ထို​ဖိလိတ္တိ​ပြည်သား​အား “​သင်​သည် ဓား​၊ လှံတို​၊ လှံရှည်​တို့​ဖြင့် ငါ့​ထံ​လာ​၏​။ ငါ​မူကား သင်​စော်ကားပြောဆို​နေ​သော အစ္စရေး​စစ်သည်​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် သင့်​ထံ​လာ​၏​။ 46ယနေ့​တွင် ထာဝရဘုရား​သည် သင့်​ကို ငါ့​လက်​သို့​အပ်နှံ​တော်မူ​မည်​။ သင့်​ကို ငါ​သတ်​ပြီး သင့်​ခေါင်း​ကို ဖြတ်ပစ်​မည်​။ ယနေ့​ပင် ဖိလိတ္တိ​လူမျိုး​စစ်သည်​အသေကောင်​များ​ကို မိုးကောင်းကင်​ငှက်​များ​၊ တောရိုင်းတိရစ္ဆာန်​များ​အား ကျွေး​ပစ်​မည်​။ သို့မှ အစ္စရေး​လူမျိုး​တို့​၌ ဘုရားသခင်​ရှိ​တော်မူ​ကြောင်း​ကို ကမ္ဘာမြေ​တစ်ခွင်လုံး သိ​ရ​ကြ​လိမ့်မည်​။ 47ထို့ပြင် ထာဝရဘုရား​သည် ဓား​၊ လှံ​အားဖြင့် ကယ်တင်​သည်​မ​ဟုတ်​ကြောင်း​ကို ဤ​လူထုကြီး သိ​ရ​လိမ့်မည်​။ စစ်မှု​သည် ထာဝရဘုရား​၏​အရေး​ဖြစ်၍ ကိုယ်တော်​သည် သင်​တို့​ကို ငါ​တို့​လက်​သို့ အပ်နှံ​တော်မူ​မည်​”​ဟု ဆို​၏​။
48ထိုအခါ ဖိလိတ္တိ​ပြည်သား​သည် ဒါဝိဒ်​ကို တိုက်ခိုက်​ရန် ရှေ့​သို့​တိုးလာ​ရာ ဒါဝိဒ်​သည်​လည်း သူ့​ကို ရင်ဆိုင်​တိုက်ခိုက်​ရန် အလျင်အမြန်​ပြေးသွား​၏​။ 49ဒါဝိဒ်​သည် အိတ်​ထဲမှ ကျောက်​တစ်​လုံး​ကို နှိုက်​ယူ​ပြီး လွှဲပစ်​လိုက်​ရာ ဖိလိတ္တိ​ပြည်သား​၏​နဖူး​ကို ထိမှန်​၍ နဖူးပေါက်​သွား​သဖြင့် ထို​သူ​သည် မြေ​ပေါ်သို့ မှောက်​လျက်​လဲကျ​သွား​လေ​၏​။ 50ဤသို့ဖြင့် ဒါဝိဒ်​သည် လောက်လွှဲ​တစ်​ခု​၊ ကျောက်​တစ်​လုံး​ဖြင့် ထို​ဖိလိတ္တိ​ပြည်သား​ကို အနိုင်ရ​ခဲ့​၏​။ လက်​ထဲ​တွင် ဓား​မ​ပါ​ဘဲ ဒါဝိဒ်​သည် ထို​ဖိလိတ္တိ​ပြည်သား​ကို တိုက်ခိုက်​သတ်ဖြတ်​နိုင်​ခဲ့​၏​။ 51ဒါဝိဒ်​သည် ပြေးသွား​၍ ဖိလိတ္တိ​ပြည်သား​ကို ဖိနင်း​ထား​၏​။ ထို​သူ​၏​ဓား​ကို​လည်း ဓားအိမ်​မှ​ဆွဲထုတ်​ယူ​ပြီးလျှင် ထို​ဓား​ဖြင့် သူ့​ကို သတ်​ကာ ဦးခေါင်း​ကို ဖြတ်​လေ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း မိမိ​တို့​၏​လူစွမ်းကောင်း ကျဆုံး​သည်​ကို​မြင်​လျှင် ထွက်ပြေး​ကြ​လေ​၏​။ 52ထိုအခါ အစ္စရေး​အမျိုးသား​နှင့်​ယုဒ​အမျိုးသား​တို့​သည် ထ​၍​ကြွေးကြော်​လျက် ဖိလိတ္တိ​လူမျိုး​တို့​ကို ချိုင့်ဝှမ်း​တိုင်အောင်​လည်းကောင်း​၊ ဧကြုန်​မြို့​တံခါး​တိုင်အောင်​လည်းကောင်း လိုက်လံတိုက်ခိုက်​ကြ​ရာ အသတ်ခံရ​သော​ဖိလိတ္တိ​လူမျိုး​တို့​သည် ရှာရိမ်​မြို့​မှစ၍ ဂါသ​မြို့​နှင့်​ဧကြုန်​မြို့​တိုင်အောင် လမ်း​တစ်လျှောက်​တွင် လဲကျ​လျက်​ရှိ​နေ​ကြ​၏​။
53အစ္စရေး​အမျိုးသား​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို လိုက်လံတိုက်ခိုက်​ရာ​မှ​ပြန်လာ​ပြီး သူ​တို့​၏​တပ်စခန်း​တို့​ကို​လည်း ဝင်ရောက်လုယက်​ကြ​၏​။ 54ဒါဝိဒ်​သည်​လည်း ထို​ဖိလိတ္တိ​ပြည်သား​၏​ဦးခေါင်း​ကို ယူ​ပြီး ဂျေရုဆလင်​မြို့​သို့ ယူလာ​၏​။ ထို​သူ​၏​လက်နက်​တို့​ကို​မူ မိမိ​တဲ​၌​ထား​လေ​၏​။
55ဖိလိတ္တိ​လူစွမ်းကောင်း​ကို တိုက်ခိုက်​ရန် ထွက်သွား​သော​ဒါဝိဒ်​ကို ရှောလု​မင်းကြီး​ကြည့်​ပြီး စစ်သူကြီး​အာဗနာ​အား “​အာဗနာ​၊ ဤ​လူငယ်​သည် မည်သူ့​သား​နည်း​”​ဟု မေး​လျှင် အာဗနာ​က “​အရှင်မင်းကြီး အသက်ရှင်​တော်မူ​သည်​နှင့်အညီ အကျွန်ုပ်​မ​သိ​ပါ​”​ဟု လျှောက်​၏​။ 56ထိုအခါ ရှင်ဘုရင်​က “​ဤ​လူငယ်​သည် မည်သူ့​သား​ဖြစ်ကြောင်း စုံစမ်း​လော့​”​ဟု အမိန့်ပေး​၏​။
57ဒါဝိဒ်​သည် ဖိလိတ္တိ​ပြည်သား​ကို​သတ်​ပြီး သူ​၏​လက်​ထဲတွင် ထို​ဖိလိတ္တိ​ပြည်သား​၏​ဦးခေါင်း​ကို ကိုင်​လျက် ပြန်လာ​စဉ် အာဗနာ​သည် သူ့​ကို​ခေါ်​၍ ရှောလု​မင်းကြီး​ရှေ့​သို့ ခေါ်သွင်း​လေ​၏​။ 58ထိုအခါ ရှောလု​မင်းကြီး​က သူ့​အား “​အချင်း​လူငယ်​၊ သင်​သည် မည်သူ့​သား​နည်း​”​ဟု မေး​လျှင် ဒါဝိဒ်​က “​အကျွန်ုပ်​သည် အရှင့်​အစေအပါး​၊ ဗက်လင်​မြို့သား ယေရှဲ​၏​သား​ဖြစ်​ပါ​သည်​”​ဟု လျှောက်​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ပထမစောင် 17: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ