YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပေတရုဩဝါဒစာပထမစောင် 1:3-13

ရှင်ပေတရုဩဝါဒစာပထမစောင် 1:3-13 MSBU

ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဖြစ်​တော်မူ​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။ ကိုယ်တော်​သည် မိမိ​၏​ကြီးမြတ်​သော​ကရုဏာ​တော်​နှင့်အညီ ယေရှု​ခရစ်တော်​၏​သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် ငါ​တို့​ကို အသက်ရှင်​သော​မျှော်လင့်​ခြင်း​ထဲသို့​လည်းကောင်း၊ သင်​တို့​အတွက် ကောင်းကင်​ဘုံ​၌​ထိန်းသိမ်း​ထား​သည့် ယိုယွင်း​ပျက်စီး​ခြင်း၊ ညစ်ညူး​ခြင်း​နှင့် မှေးမှိန်​ခြင်း​တို့​မ​ရှိ​သော အမွေ​တော်​ထဲသို့​လည်းကောင်း အသစ်​တစ်ဖန်​မွေးဖွား​စေ​တော်မူ​၏။ သင်​တို့​သည် နောက်ဆုံး​သော​ကာလ​၌​ဖော်ပြ​ရန် အသင့်​ပြင်ဆင်​ထား​သော​ကယ်တင်​ခြင်း​အတွက် ဘုရားသခင်​၏​တန်ခိုး​တော်​၌ ယုံကြည်​ခြင်း​အားဖြင့် စောင့်ရှောက်​ခြင်း​ကို​ခံရ​ကြ​၏။ သင်​တို့​သည် ယခု​အချိန်​တွင် စုံစမ်း​နှောင့်ယှက်​ခြင်း​အမျိုးမျိုး​ကြောင့် ခေတ္တ​ခဏ​ဝမ်းနည်း​ရ​လျှင်​လည်း အထက်​၌​ဆို​ခဲ့​ပြီး​သော​အကြောင်း​ကြောင့် ရွှင်မြူး​ခြင်း​ရှိ​ကြ​၏။ ဤသည်ကား မီး​ဖြင့်​စစ်ဆေး​ခြင်း​ခံရ​ပြီ​ဖြစ်​သော်လည်း ပျက်စီး​တတ်​သည့်​ရွှေ​ထက် များစွာ​အဖိုးတန်​သော သင်​တို့​၏​ယုံကြည်​ခြင်း​ကို စစ်ကြော​စုံစမ်း​ခြင်း​သည် ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သော​အချိန်​၌ ချီးမွမ်း​ခြင်း၊ ဘုန်း​အသရေ​နှင့် ဂုဏ်သရေ​အဖြစ်​သို့​ရောက်​မည့်​အကြောင်း​တည်း။ သင်​တို့​သည် ထို​သခင်​ကို မ​မြင်​ဖူး​သော်လည်း ချစ်​ကြ​၏။ ထို​သခင်​ကို ယခု​မ​မြင်​သော်လည်း ယုံကြည်​ကြ​ပြီး ပြော​၍​မ​မီ​နိုင်​သော​ဝမ်းမြောက်​ခြင်း​ဖြင့် ရွှင်မြူး​လျက် ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ ဤသည်ကား သင်​တို့​၏​ယုံကြည်​ခြင်း​အကျိုး​ရလဒ်​တည်းဟူသော စိတ်​ဝိညာဉ်​ကယ်တင်​ခြင်း​ကို ရရှိ​ကြ​သောကြောင့်​ဖြစ်​၏။ သင်​တို့​ခံစားရ​မည့်​ကျေးဇူး​တော်​နှင့်​ပတ်သက်၍ ဟောပြော​ခဲ့​သည့်​ပရောဖက်​တို့​သည် ထို​ကယ်တင်​ခြင်း​အကြောင်း​ကို ရှာဖွေ​စူးစမ်း​ခဲ့​ကြ​၏။ သူ​တို့​အထဲ၌​ရှိ​သော ခရစ်တော်​၏​ဝိညာဉ်​တော်​သည် ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​နှင့် ထို​ဝေဒနာ​များ​နောက်တွင်​ဖြစ်လာ​မည့် ဘုန်း​အသရေ​တို့​အကြောင်း​ကို ကြိုတင်​သက်သေခံ​သောအခါ မည်သူ​၊ သို့မဟုတ် မည်သည့်​အချိန်​ကို​ဆိုလို​ကြောင်း သူ​တို့​စူးစမ်း​လေ့လာ​ကြ​၏။ ထိုအခါ သူ​တို့​ပြုစု​သော​အရာ​တို့​သည် မိမိ​တို့​အတွက်​မ​ဟုတ်​ဘဲ သင်​တို့​အတွက်​ဖြစ်ကြောင်း သူ​တို့​အား​ဖွင့်ပြ​တော်မူ​၏။ ယခု ထို​အရာ​တို့​သည် ကောင်းကင်​ဘုံ​မှ​စေလွှတ်​ခြင်း​ခံရ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​သော​သူ​များ​မှတစ်ဆင့် သင်​တို့​ထံ ဖော်ပြ​ခြင်း​ခံရ​ပြီ။ ကောင်းကင်​တမန်​တို့​ပင်လျှင် ထို​အရာ​တို့​ကို​ကြည့်ရှု​ရန် အလွန်​အလိုရှိ​ကြ​၏။ သို့ဖြစ်၍ သင်​တို့​၏​စိတ်နှလုံး​ကို အသင့်​ပြင်ဆင်​ထား​လျက် သမ္မာသတိ​ရှိ​ကြ​လော့။ ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ သင်​တို့​ထံသို့ သက်ရောက်​လာ​မည့်​ကျေးဇူး​တော်​ကို အပြည့်အဝ​မျှော်လင့်​ကြ​လော့။

​ရှင်ပေတရုဩဝါဒစာပထမစောင် 1:3-13 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။