ဓမ္မရာဇဝင်တတိယစောင် 5
5
အိမ်တော်ဆောက်လုပ်ရန် ဟိရံမင်းကြီးပေးသောပစ္စည်းများ
1ရှောလမုန်မင်းကြီးအား ရှင်ဘုရင်အဖြစ်ဘိသိက်ပေး၍ ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေကြောင်း ဒါဝိဒ်မင်းကြီးလက်ထက်တစ်လျှောက် ဒါဝိဒ်မင်းကြီးနှင့်မိတ်ဆွေဖြစ်ခဲ့သော တိုင်ရာဘုရင်ဟိရံမင်းကြီးကြားသိလျှင် ရှောလမုန်မင်းကြီးထံသို့ မိမိအမှုထမ်းများကိုစေလွှတ်၍ မိတ်ဖွဲ့စေ၏။ 2ရှောလမုန်မင်းကြီးကလည်း ဟိရံမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ 3“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးသည် သူ၏ရန်သူတို့ကို သူ့ခြေဖဝါးအောက်သို့ ထာဝရဘုရားမချထားမီအချိန်ထိ သူ့အား တိုက်ပွဲများဝိုင်းရံလျက်ရှိသောကြောင့် သူ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာ ဗိမာန်တော်ကို တည်ဆောက်ခွင့်မရခဲ့ကြောင်း မင်းကြီးသိပါ၏။ 4ယခုမှာ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်လက်ထက်တွင် အေးချမ်းသာယာစေသဖြင့် အကျွန်ုပ်ပတ်လည်တွင် ရန်ပြုသူမရှိ၊ ဘေးအန္တရာယ်လည်း မရှိပါ။ 5ထာဝရဘုရားက အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘သင့်အရိုက်အရာကိုဆက်ခံပြီး သင့်ရာဇပလ္လင်ပေါ်တွင် ငါစံမြန်းစေမည့် သင့်သားတော်သည် ငါ့နာမအဖို့ အိမ်တော်ကို တည်လိမ့်မည်’ဟု မိန့်မှာခဲ့သည့်အတိုင်း အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ရန် ရည်ရွယ်ပါ၏။
6ထို့ကြောင့် အကျွန်ုပ်အဖို့ လက်ဘနွန်တောင်မှ သစ်ကတိုးပင်များကို ခုတ်ပေးကြရန် အမိန့်ထုတ်ပြန်ပါ။ အကျွန်ုပ်၏အမှုထမ်းတို့သည် မင်းကြီး၏အမှုထမ်းတို့နှင့်အတူ အလုပ်လုပ်ကြပါလိမ့်မည်။ မင်းကြီး၏အမှုထမ်းတို့အတွက် လုပ်အားခကိုလည်း မင်းကြီးဆိုသည့်အတိုင်း ပေးပါမည်။ မင်းကြီးသိတော်မူသည့်အတိုင်း အကျွန်ုပ်တွင် ဆီဒုန်လူမျိုးတို့ကဲ့သို့ သစ်ခုတ်ကျွမ်းကျင်သူ မရှိပါ”ဟု မှာကြားလိုက်လေ၏။
7ဟိရံမင်းကြီးသည် ရှောလမုန်မင်းကြီး၏စကားကိုကြားလျှင် “ယနေ့ ဤလူမျိုးကြီးအပေါ် အုပ်ချုပ်ရန် ဒါဝိဒ်မင်းကြီးအား ပညာရှိသောသားကိုပေးတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော”ဟု ဝမ်းသာအားရမြွက်ဆိုလေ၏။ 8ထို့နောက် ဟိရံမင်းကြီးသည် ရှောလမုန်မင်းကြီးထံ လူလွှတ်၍ “သင်မှာကြားလိုက်သောစကားကို အကျွန်ုပ်ကြားသိရပါပြီ။ သင်လိုသမျှ သစ်ကတိုးသား၊ ထင်းရှူးသားတို့ကို ပေးပါမည်။ 9အကျွန်ုပ်၏အမှုထမ်းတို့အား လက်ဘနွန်တောင်မှသစ်တို့ကို ပင်လယ်အထိသယ်လာပြီး ဖောင်ဖွဲ့၍ပင်လယ်ရေကြောင်းအတိုင်း မျှောချမည်။ မင်းကြီးအလိုရှိသောနေရာသို့ရောက်လျှင် ဖောင်ကိုဖျက်ပြီး သစ်တို့ကို သယ်ယူသွားပါ။ မင်းကြီးလည်း အကျွန်ုပ်၏နန်းတွင်းသူနန်းတွင်းသားတို့အတွက် ရိက္ခာကို ဖြည့်ဆည်းပေးပါရန် အကျွန်ုပ်ဆန္ဒပြုပါသည်”ဟု အကြောင်းပြန်ကြားလေ၏။
10ဤသို့ဖြင့် ဟိရံမင်းကြီးသည် ရှောလမုန်မင်းကြီးအလိုရှိသမျှ သစ်ကတိုးသား၊ ထင်းရှူးသားတို့ကို ပို့ပေးလေ၏။ 11ရှောလမုန်မင်းကြီးသည်လည်း ဟိရံမင်းကြီး၏နန်းတွင်းသူနန်းတွင်းသားတို့ စားစရာအဖို့ ဂျုံကောရနှစ်သောင်းနှင့် ကြိတ်ထားသောသံလွင်ဆီ ကောရ#5:11 တစ်ကောရ=220 လီတာခန့်။နှစ်ဆယ်ကို ပေး၏။ ထိုသို့ ရှောလမုန်မင်းကြီးသည် ဟိရံမင်းကြီးအဖို့ နှစ်စဉ်ပြုပေးလေ၏။
12ထာဝရဘုရားသည် ကတိထားတော်မူသည့်အတိုင်း ရှောလမုန်မင်းကြီးအား ဉာဏ်ပညာကိုပေးတော်မူ၏။ ဟိရံမင်းကြီးနှင့်ရှောလမုန်မင်းကြီးတို့နှစ်ဦးသည် အချင်းချင်းသင့်မြတ်ကြပြီး မဟာမိတ်လည်းဖွဲ့ကြ၏။
ရှောလမုန်မင်းကြီး၏အလုပ်သမားအင်အား
13ရှောလမုန်မင်းကြီးသည် အစ္စရေးလူမျိုးအပေါင်းတို့ထဲမှ အလုပ်ကြမ်းသမား အယောက်သုံးသောင်းကို ခန့်ထားပြီး 14တစ်လလျှင် လူတစ်သောင်းစီကို လက်ဘနွန်တောသို့ စေလွှတ်၏။ သူတို့သည် လက်ဘနွန်တောတွင်တစ်လ၊ ကိုယ့်အိမ်တွင်နှစ်လ နေကြရ၏။ အဒေါနိရံသည် ထိုအလုပ်ကြမ်းသမားတို့ကို ကြီးကြပ်ရ၏။ 15ရှောလမုန်မင်းကြီးထံ၌ အထမ်းသမား အယောက်ခုနစ်သောင်းနှင့် တောင်ပေါ်တွင် ကျောက်ဆစ်သမား အယောက်ရှစ်သောင်းရှိ၏။ 16ထို့ပြင် ရှောလမုန်မင်းကြီးသည် လုပ်ငန်းခွင်အကြီးအကဲ အယောက်သုံးထောင့်သုံးရာကိုလည်း ခန့်ထား၏။ သူတို့သည် အလုပ်ခွင်တွင် အလုပ်လုပ်သောသူတို့ကို ကြီးကြပ်ကွပ်ကဲရ၏။ 17ရှင်ဘုရင်၏အမိန့်တော်အတိုင်း ကျောက်များကိုဆစ်၍ အိမ်တော်အုတ်မြစ်ချနိုင်ရန် ကျောက်တုံးကြီးများ၊ ကျောက်ကောင်းကျောက်မြတ်များကို တူးယူကြ၏။ 18ထို့နောက် ရှောလမုန်မင်းကြီး၏ဆောက်လုပ်ရေးသမားများ၊ ဟိရံမင်းကြီး၏ဆောက်လုပ်ရေးသမားများနှင့် ဂေဗလအမျိုးသားတို့သည် ကျောက်များကို ထုဆစ်ကြပြီး အိမ်တော်တည်ဆောက်ရန် သစ်သားများ၊ ကျောက်များကို ပြင်ဆင်ထားကြ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်တတိယစောင် 5: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative