ဓမ္မရာဇဝင်တတိယစောင် 4
4
ရှောလမုန်မင်းကြီး၏မှူးမတ်များ
1ရှောလမုန်မင်းကြီးသည် အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးကို အုပ်ချုပ်ရ၏။ 2သူ၏မင်းမှုထမ်းအကြီးအကဲများမှာ ဇာဒုတ်၏သားအာဇရိသည် ယဇ်ပုရောဟိတ်၊ 3ရှိရှ၏သားဧလိဟောရပ်နှင့်အဟိယတို့သည် စာရေးတော်ကြီး၊ အဟိလုဒ်၏သားယောရှဖတ်သည် အတွင်းဝန်၊ 4ယောယဒ၏သားဗေနာယသည် ဗိုလ်ချုပ်၊ ဇာဒုတ်နှင့်အဗျာသာတို့သည် ယဇ်ပုရောဟိတ်၊ 5နာသန်၏သားအာဇရိသည် နယ်စားမင်းကြီး၊ နာသန်၏သားဇာဗုဒ်သည် ယဇ်ပုရောဟိတ်နှင့် ဘုရင့်အတိုင်ပင်ခံ၊ 6အဟိရှာသည် နန်းတော်အုပ်၊ အာဗဒ၏သားအဒေါနိရံသည် ချွေးတပ်အုပ်တို့ဖြစ်ကြ၏။
7ရှောလမုန်မင်းကြီး၌ အစ္စရေးနိုင်ငံတစ်နိုင်ငံလုံးတွင် နယ်စားမင်းတစ်ဆယ့်နှစ်ပါးရှိ၏။ သူတို့သည် ဘုရင်နှင့်နန်းတွင်းသူနန်းတွင်းသားတို့အဖို့ နှစ်တစ်နှစ်တွင် တစ်လတစ်ပါးစီ ရိက္ခာဆက်သရ၏။ 8ထိုသူတို့၏အမည်များမှာ ဧဖရိမ်တောင်ပေါ်ဒေသ၏နယ်စားမင်း ဗင်ဟုရ၊ 9မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုန်ဗက်သနန်မြို့တို့၏နယ်စားမင်း ဗင်ဒေကာ၊ 10စောခေါမြို့နှင့်ဟေဖာနယ်တစ်နယ်လုံးအပါအဝင် အရုဗုတ်မြို့တို့၏နယ်စားမင်း ဗင်ဟေသက်၊ 11ရှောလမုန်မင်းကြီး၏သမီးတော်တာဖတ်နှင့်စုံဖက်ထားသူဖြစ်သည့် ဒေါရနယ်တစ်နယ်လုံး၏နယ်စားမင်း ဗင်အဘိနဒပ်၊ 12တာနက်မြို့၊ မေဂိဒ္ဒေါမြို့အပါအဝင် ဇာရတန်မြို့အနီးယေဇရေလမြို့အောက်ဘက်ရှိ ဗက်ရှန်မြို့တစ်လျှောက်လုံးနှင့် ဗက်ရှန်မြို့မှ ယောကမံမြို့တစ်ဖက်ကမ်း အာဗေလမဟောလမြို့၏နယ်စား အဟိလုဒ်၏သားဗာနာ၊ 13ဂိလဒ်ပြည်သား၊ မနာရှေ၏သားယာဣရပိုင်သောမြို့ငယ်များမှစ၍ ဗာရှန်ပြည်ရှိ အာဂေါဘနယ်၊ ခိုင်ခံ့သောမြို့ရိုးနှင့် ကြေးနီကန့်လန့်ကျင်ရှိသည့် မြို့ခြောက်ဆယ်အပါအဝင် ရာမုတ်ဂိလဒ်မြို့၏နယ်စားမင်း ဗင်ဂေဗာ၊ 14မဟာနိမ်မြို့၏နယ်စားမင်း ဣဒေါ၏သားအဟိနဒပ်၊ 15ရှောလမုန်မင်းကြီး၏သမီးတော်ဗာရှမတ်နှင့်စုံဖက်ထားသူဖြစ်သည့် နဿလိနယ်၏နယ်စားမင်း အဟိမတ်၊ 16အာရှာနယ်နှင့်ဗာလုတ်မြို့၏နယ်စားမင်း ဟုရှဲ၏သားဗာနာ၊ 17ဣသခါနယ်၏နယ်စားမင်း ပါရွာ၏သားယောရှဖတ်၊ 18ဗင်္ယာမိန်နယ်၏နယ်စားမင်း ဧလာ၏သားရှိမိ၊ 19အာမောရိဘုရင်ရှိဟုန်မင်းကြီး၊ ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၏နယ်မြေဖြစ်သော ဂိလဒ်ပြည်၏နယ်စားမင်း ဥရိ၏သားဂေဗာတို့ဖြစ်ကြ၏။ ဂေဗာသည် ထိုပြည်၏တစ်ဦးတည်းသောနယ်စားမင်း ဖြစ်၏။
ရှောလမုန်မင်းကြီး၏စားနပ်ရိက္ခာ
20သမုဒ္ဒရာသဲလုံးနှင့်အမျှ အရေအတွက်များပြားလှသော ယုဒလူမျိုး၊ အစ္စရေးလူမျိုးတို့သည် ဝမ်းမြောက်ပျော်ရွှင်စွာ စားသောက်နေထိုင်ရလေ၏။ 21ရှောလမုန်မင်းကြီးသည် ယူဖရေးတီးမြစ်#4:21 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။မှစ၍ ဖိလိတ္တိပြည်၊ အီဂျစ်ပြည်နယ်နိမိတ်တိုင်အောင် တိုင်းနိုင်ငံအလုံးစုံကို အုပ်ချုပ်ရ၏။ ထိုတိုင်းနိုင်ငံတို့သည် ရှောလမုန်မင်းကြီးအသက်ရှင်သမျှကာလပတ်လုံး လက်ဆောင်ပဏ္ဏာဆက်သရသောလက်အောက်ခံနိုင်ငံများ ဖြစ်ကြ၏။
22ရှောလမုန်မင်းကြီး၏တစ်ရက်စာအတွက် ကုန်ကျသောရိက္ခာမှာ အကောင်းဆုံးဂျုံမှုန့် ကောရ#4:22 တစ်ကောရ=220 လီတာခန့်။သုံးဆယ်၊ မုန့်ညက် ကောရခြောက်ဆယ်၊ 23သမင်၊ ဒရယ်၊ ဆတ်နှင့် ဆူဖြိုးသောကြက်ငှက်တို့အပြင် ဆူဖြိုးသောနွား အကောင်တစ်ဆယ်၊ စားကျက်မြေမှ နွားအကောင်နှစ်ဆယ်၊ သိုးအကောင်တစ်ရာ ဖြစ်၏။ 24သူသည် တိဖသမြို့မှ ဂါဇမြို့အထိ ယူဖရေးတီးမြစ်#4:24 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။အနောက်ဘက်ကမ်းတစ်လျှောက်လုံးကို ပိုင်၏။ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိဘုရင်အားလုံးတို့ကို အုပ်စိုးရပြီး သူ့ဝန်းကျင်တစ်ခွင်မှာ ငြိမ်းချမ်းသာယာခြင်းရှိလေ၏။ 25ရှောလမုန်မင်းကြီးအုပ်စိုးစဉ်ကာလပတ်လုံး ဒန်မြို့မှဗေရရှေဘမြို့တိုင်အောင် ယုဒလူမျိုးနှင့်အစ္စရေးလူမျိုးတို့သည် ကိုယ့်စပျစ်ပင်အောက်၊ ကိုယ့်သဖန်းပင်အောက်တွင် ဘေးကင်းလုံခြုံစွာနေထိုင်ရလေ၏။ 26ရှောလမုန်မင်းကြီးပိုင်သောရထားဆွဲမြင်းများထားရန် မြင်းဇောင်း လေးသောင်း#4:26 “လေးထောင်” (၆ရာ 9:25)။နှင့် မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။ 27ရှောလမုန်မင်းကြီးအပါအဝင် သူနှင့်တစ်စားပွဲတည်းတွင် စားသောက်ရသူတို့ လိုလေသေးမရှိအောင် နယ်စားမင်းတို့သည် တစ်လလျှင်တစ်ပါးစီ ရိက္ခာများကို ဆက်သပေးရ၏။ 28မြင်းများ၊ လားများအတွက် မုယောစပါးများ၊ ကောက်ရိုးများကိုလည်း လိုအပ်သည့်နေရာသို့ ခွဲတမ်းအလိုက် ပို့ပေးရ၏။
ရှောလမုန်မင်းကြီး၏ဉာဏ်ပညာနှင့်စာပေစွမ်းရည်
29ဘုရားသခင်သည် ရှောလမုန်မင်းကြီးအား ဉာဏ်ပညာနှင့် အတိုင်းမသိထိုးထွင်းသိမြင်နိုင်စွမ်းကို ပေးတော်မူ၏။ သမုဒ္ဒရာကမ်းစပ်ရှိသဲလုံးများကဲ့သို့ များပြားသောအသိတရားတို့ကိုလည်း ပေးသနားတော်မူ၏။ 30ထို့ကြောင့် အရှေ့တိုင်းသားတို့ ဉာဏ်ပညာရှိသည်ထက်၊ အီဂျစ်ပြည်သားတို့ ဉာဏ်ပညာရှိသည်ထက် ရှောလမုန်မင်းကြီးသည် ဉာဏ်ပညာပို၍ရှိလေ၏။ 31ဧဇရဟိတ်လူမျိုး ဧသန်နှင့် မဟေလ၏သားများဖြစ်သော ဟေမန်၊ ကာလကောလနှင့် ဒါရဒ စသောပညာရှိအပေါင်းတို့ထက် သာ၍ဉာဏ်ပညာရှိသဖြင့် သူ့ဝန်းကျင်တစ်ခွင်ရှိ တိုင်းနိုင်ငံအားလုံးတို့တွင် နာမည်ကျော်ကြားလေ၏။ 32သုတ္တံစကားပုံ သုံးထောင်ကို မြွက်ဆိုခဲ့၍ သီချင်းအပုဒ်ရေ တစ်ထောင့်ငါးပုဒ်တို့ကို ရေးစပ်ခဲ့၏။ 33လက်ဘနွန်တောင်ရှိ သစ်ကတိုးပင်မှစ၍ မြို့ရိုးကြားပေါက်တတ်သော ဟုဿုပ်ပင်အထိ အပင်များအကြောင်းကို မြွက်ဆိုခဲ့၏။ တိရစ္ဆာန်များအကြောင်း၊ ငှက်များအကြောင်း၊ တွားသွားသတ္တဝါများအကြောင်းကိုလည်း မြွက်ဆိုခဲ့၏။ 34ကမ္ဘာအရပ်ရပ်ရှိ တိုင်းနိုင်ငံအသီးသီးမှရှင်ဘုရင်တို့ပင်လျှင် သူ၏ဉာဏ်ပညာကြီးသောသတင်းကို ကြားသိရသဖြင့် ထိုတိုင်းနိုင်ငံတို့မှ လူတို့သည် ရှောလမုန်မင်းကြီး၏ဉာဏ်ပညာနှင့်မြွက်ဆိုသောစကားကို သွားရောက်နားဆင်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်တတိယစောင် 4: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative