သို့သော် ရှောလမုန်မင်းကြီးသည် ဖာရောမင်းကြီး၏သမီးတော်အပြင် မောဘသမီးပျို၊ အမ္မုန်သမီးပျို၊ ဧဒုံသမီးပျို၊ ဆီဒုန်သမီးပျို၊ ဟိတ္တိသမီးပျို စသောတစ်ပါးအမျိုးသားတို့၏သမီးပျိုများကိုလည်း ချစ်ကြိုက်၏။ ထိုတစ်ပါးအမျိုးသမီးတို့နှင့်ပတ်သက်၍ ထာဝရဘုရားက အစ္စရေးအမျိုးသားတို့အား “ထိုသူတို့ထံသို့ မသွားနှင့်။ သင်တို့ထံလည်း မလာစေနှင့်။ သူတို့သည် သင်တို့ကို သူတို့ဘုရားနောက်သို့စိတ်ပါသွားအောင် ဖြားယောင်းကြလိမ့်မည်”ဟု မိန့်မှာထားနှင့်ပြီဖြစ်၏။ သို့သော် ရှောလမုန်မင်းကြီးသည် ထိုသူတို့ကိုမှ စွဲစွဲလမ်းလမ်းချစ်၏။ ရှောလမုန်မင်းကြီးတွင် ဘုရင့်သမီးတော်ဖြစ်သောမိဖုရားအပါးခုနစ်ရာ၊ မောင်းမသုံးရာရှိ၏။ ထိုမိဖုရားတို့ကပင် သူ၏စိတ်နှလုံးကို လွဲသွားစေခဲ့ကြ၏။ ရှောလမုန်မင်းကြီးအိုမင်းလာချိန်တွင် သူ့မိဖုရားများသည် သူ့စိတ်နှလုံးကို အခြားဘုရားတို့နောက်သို့ ပါသွားစေကြ၏။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့မကိုးစားခဲ့ချေ။ ရှောလမုန်မင်းကြီးသည် ဆီဒုန်လူမျိုးတို့၏အာရှတရက်နတ်ဘုရားမ၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မိလကုံဘုရားတို့၏နောက်သို့လိုက်လေ၏။ ရှောလမုန်မင်းကြီးသည် ထာဝရဘုရားရှေ့တော်တွင် ဆိုးညစ်သောအမှုကိုပြု၏။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့မကိုးစားချေ။ ရှောလမုန်မင်းကြီးသည် မောဘလူမျိုးတို့၏ရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မောလုတ်ဘုရားတို့အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ တောင်ပေါ်တွင် ဆောက်လုပ်ပေး၏။ မိမိတို့ဘုရားများကို နံ့သာပေါင်းမီးရှို့ပူဇော်တတ်ကြသော တစ်ပါးအမျိုးသားမိဖုရားအားလုံးအတွက် ထိုသို့ပြုပေး၏။ ရှောလမုန်မင်းကြီးသည် မိမိအား နှစ်ကြိမ်တိုင်တိုင် ကိုယ်ထင်ရှားပြခဲ့သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံမှ စိတ်ပြောင်းသွားသောကြောင့် ထာဝရဘုရားသည် ရှောလမုန်မင်းကြီးအား အမျက်ထွက်တော်မူ၏။ ဤသို့ဖြင့် အခြားဘုရားများနောက်သို့မလိုက်ရန် သူ့အား ထာဝရဘုရားမိန့်မှာတော်မူသော်လည်း သူမနာခံခဲ့ပေ။
ဓမ္မရာဇဝင်တတိယစောင် 11 ကိုဖတ်ပါ။
နားထောင်ပါ ဓမ္မရာဇဝင်တတိယစောင် 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဓမ္မရာဇဝင်တတိယစောင် 11:1-10
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ