YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်တတိယစောင် 11

11
ရှောလမုန်မင်းကြီးက ဘုရားသခင်ကိုသစ္စာဖောက်ခြင်း
1သို့သော် ရှောလမုန်​မင်းကြီး​သည် ဖာရော​မင်းကြီး​၏​သမီး​တော်​အပြင် မောဘ​သမီးပျို​၊ အမ္မုန်​သမီးပျို​၊ ဧဒုံ​သမီးပျို​၊ ဆီဒုန်​သမီးပျို​၊ ဟိတ္တိ​သမီးပျို စသော​တစ်ပါးအမျိုးသား​တို့​၏​သမီးပျို​များ​ကို​လည်း ချစ်ကြိုက်​၏​။ 2ထို​တစ်ပါးအမျိုးသမီး​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​က အစ္စရေး​အမျိုးသား​တို့​အား “​ထို​သူ​တို့​ထံသို့ မ​သွား​နှင့်​။ သင်​တို့​ထံ​လည်း မ​လာ​စေ​နှင့်​။ သူ​တို့​သည် သင်​တို့​ကို သူ​တို့​ဘုရား​နောက်သို့​စိတ်ပါ​သွား​အောင် ဖြားယောင်း​ကြ​လိမ့်မည်​”​ဟု မိန့်မှာ​ထား​နှင့်​ပြီ​ဖြစ်​၏​။ သို့သော် ရှောလမုန်​မင်းကြီး​သည် ထို​သူ​တို့​ကို​မှ စွဲစွဲလမ်းလမ်း​ချစ်​၏​။ 3ရှောလမုန်​မင်းကြီး​တွင် ဘုရင့်သမီး​တော်​ဖြစ်​သော​မိဖုရား​အပါး​ခုနစ်​ရာ​၊ မောင်းမ​သုံး​ရာ​ရှိ​၏​။ ထို​မိဖုရား​တို့​ကပင် သူ​၏​စိတ်နှလုံး​ကို လွဲသွား​စေ​ခဲ့​ကြ​၏​။
4ရှောလမုန်​မင်းကြီး​အိုမင်း​လာ​ချိန်​တွင် သူ့​မိဖုရား​များ​သည် သူ့​စိတ်နှလုံး​ကို အခြား​ဘုရား​တို့​နောက်သို့ ပါသွား​စေ​ကြ​၏​။ သူ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​စိတ်နှလုံး​ကဲ့သို့ မိမိ​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​မ​ကိုးစား​ခဲ့​ချေ​။ 5ရှောလမုန်​မင်းကြီး​သည် ဆီဒုန်​လူမျိုး​တို့​၏​အာရှတရက်​နတ်ဘုရားမ​၊ အမ္မုန်​လူမျိုး​တို့​၏​ရွံရှာဖွယ်​မိလကုံ​ဘုရား​တို့​၏​နောက်သို့​လိုက်​လေ​၏​။ 6ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ဆိုးညစ်​သော​အမှု​ကို​ပြု​၏​။ သူ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ကဲ့သို့ ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​မ​ကိုးစား​ချေ​။
7ရှောလမုန်​မင်းကြီး​သည် မောဘ​လူမျိုး​တို့​၏​ရွံရှာဖွယ်​ခေမုရှ​ဘုရား​၊ အမ္မုန်​လူမျိုး​တို့​၏​ရွံရှာဖွယ်​မောလုတ်​ဘုရား​တို့​အတွက် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဂျေရုဆလင်​မြို့​အရှေ့​ဘက်​ရှိ တောင်​ပေါ်တွင် ဆောက်လုပ်​ပေး​၏​။ 8မိမိ​တို့​ဘုရား​များ​ကို နံ့သာပေါင်း​မီးရှို့ပူဇော်​တတ်​ကြ​သော တစ်ပါးအမျိုးသား​မိဖုရား​အားလုံး​အတွက် ထိုသို့​ပြု​ပေး​၏​။
9ရှောလမုန်​မင်းကြီး​သည် မိမိ​အား နှစ်ကြိမ်​တိုင်တိုင် ကိုယ်ထင်ရှားပြ​ခဲ့​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံမှ စိတ်ပြောင်းသွား​သောကြောင့် ထာဝရဘုရား​သည် ရှောလမုန်​မင်းကြီး​အား အမျက်ထွက်​တော်မူ​၏​။ 10ဤသို့ဖြင့် အခြား​ဘုရား​များ​နောက်သို့​မ​လိုက်​ရန် သူ့​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော်လည်း သူ​မ​နာခံ​ခဲ့​ပေ​။
11ထို့ကြောင့် ထာဝရဘုရား​က ရှောလမုန်​မင်းကြီး​အား “​သင်​သည် ဤသို့​ပြု​၍ ငါ​နှင့်​ဖွဲ့​သော​ပဋိညာဉ်​၊ ငါ​မိန့်မှာ​ထား​သော​စီရင်ထုံးဖွဲ့ချက်​တို့​ကို မ​စောင့်ထိန်း​သောကြောင့် စင်စစ် နိုင်ငံ​တော်​ကို သင့်​လက်​မှ​ရုပ်သိမ်း​ပြီး သင့်​အစေအပါး​လက်​သို့ ငါ​အပ်​မည်​။ 12သို့သော် သင့်​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ကို​ထောက်​ထား​၍ သင့်​လက်ထက်​တွင် ငါ​မ​ပြု​သေး​။ သင့်​သား​လက်ထက်​မှ ငါ​ပြု​မည်​။ 13သို့သော် ငါ့​အစေအပါး​ဒါဝိဒ်​မင်းကြီး​နှင့် ငါ​ရွေးချယ်​သော​ဂျေရုဆလင်​မြို့​ကို​ထောက်​ထား​၍ နိုင်ငံ​တစ်ခုလုံး​ကို​မ​ရုပ်သိမ်း​ဘဲ မျိုးနွယ်​တစ်​နွယ်​ကို သင့်​သား​အား ငါ​ပေး​ထား​မည်”​ဟု မိန့်​တော်မူ​၏​။
ရှောလမုန်မင်းကြီး၏ရန်သူများ
14ထို့နောက် ထာဝရဘုရား​သည် ဧဒုံ​မင်းမျိုးမင်းနွယ်​တစ်​ဦး​ဖြစ်​သော ဧဒုံ​အမျိုးသား​ဟာဒဒ်​ကို နှိုးဆော်​၍ ရှောလမုန်​မင်းကြီး​အား ရန်မူ​စေ​၏​။ 15ဧဒုံ​ပြည်​၌ ဒါဝိဒ်​မင်းကြီး​ရှိ​နေ​ခဲ့​စဉ်က စစ်ဗိုလ်ချုပ်​ယွာဘ​သည် ကျဆုံး​သူ​များ​ကို သင်္ဂြိုဟ်​ရန် ရောက်လာ​ပြီး ဧဒုံ​ပြည်သား​ယောက်ျား​အားလုံး​ကို သုတ်သင်​ပစ်​၏​။ 16ယွာဘ​နှင့် အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် ဧဒုံ​ပြည်သား​ယောက်ျား​အားလုံး​ကို သုတ်သင်​ပြီး​သည်​အထိ ဧဒုံ​ပြည်​တွင် ခြောက်​လ​တာ​မျှ​နေ​ခဲ့​၏​။ 17ထိုစဉ်က ဟာဒဒ်​သည် အသက်ငယ်​သေး​၏​။ ဟာဒဒ်​သည် ခမည်းတော်​၏​အမှုထမ်း ဧဒုံ​အမျိုးသား​အချို့​နှင့်အတူ အီဂျစ်​ပြည်​သို့​ထွက်ပြေး​သွား​ခဲ့​၏​။ 18သူ​တို့​သည် မိဒျန်​ပြည်​မှ​ထွက်​၍ ပါရန်​ပြည်​သို့​သွား​၏​။ ထိုမှ ပါရန်​အမျိုးသား​အချို့​ကို သူ​တို့​နှင့်အတူ​ခေါ်​၍ အီဂျစ်​ပြည်​သို့​သွား​ကာ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​ထံ ခိုဝင်​ကြ​၏​။ ဖာရော​မင်းကြီး​သည် သူ​တို့​အား နေစရာ​အိမ်​ကို​ပေး​ကာ အစားအစာ​များ​ကို ထောက်ပံ့​၍ မြေ​ကို​လည်း​ပေး​၏​။ 19ဖာရော​မင်းကြီး​သည် ဟာဒဒ်​ကို အလွန်​သဘောကျ​သဖြင့် မိမိ​ကြင်ရာ​တော်​မိဖုရား​တာပနက်​၏​ညီမ​နှင့် စုံဖက်​ပေး​၏​။ 20တာပနက်​၏​ညီမ​သည် သား​ဂေနုဗတ်​ကို​မွေးဖွား​၏​။ တာပနက်​သည် ဂေနုဗတ်​ကို ဖာရော​မင်းကြီး​၏​နန်းတွင်း​တွင် ကျွေးမွေးပြုစု​ထား​သဖြင့် သူ​သည် ဖာရော​မင်းကြီး​၏​သား​တော်​များ​နှင့်အတူ ဖာရော​မင်းကြီး​၏​နန်းတွင်း​၌ နေထိုင်​ရ​လေ​၏​။
21အီဂျစ်​ပြည်​၌​ရှိ​သော​ဟာဒဒ်​သည် ဒါဝိဒ်​မင်းကြီး ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​သွား​ပြီ​ဖြစ်ကြောင်း​နှင့် ဗိုလ်ချုပ်​ယွာဘ​လည်း သေဆုံး​သွား​ပြီ​ဖြစ်ကြောင်း​ကို ကြားသိ​ရ​သောအခါ ဟာဒဒ်​က ဖာရော​မင်းကြီး​အား “​အကျွန်ုပ်​၏​နေရင်းပြည်​သို့ ပြန်သွား​ခွင့်ပြု​ပါ​”​ဟု တောင်းဆို​လေ​၏​။
22ထိုအခါ ဖာရော​မင်းကြီး​က သူ့​အား “​ငါ​နှင့်​နေရ​သည်​မှာ မည်သည့်​လိုအပ်ချက်​ရှိ​၍ ကိုယ့်​ပြည်​ကို​ပြန်ချင်​ရ​သနည်း​”​ဟု မေး​သော်လည်း သူ​က “​ဘာမျှ​မ​ရှိ​ပါ​။ အကျွန်ုပ်​ကို ပြန်ခွင့်ပြု​ပါ​”​ဟု​သာ တောင်းဆို​၏​။
23ထို့ပြင် ဘုရားသခင်​သည် ဧလျာဒ​၏​သား​ရေဇုန်​ကို​လည်း နှိုးဆော်​၍ ရှောလမုန်​မင်းကြီး​အား ရန်မူ​စေ​၏​။ သူ​သည် မိမိ​သခင် ဇောဘ​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​ထံမှ ထွက်ပြေး​ခဲ့​သူ​ဖြစ်​၏​။ 24ဇောဘ​လူမျိုး​တို့​ကို ဒါဝိဒ်​မင်းကြီး နှိမ်နင်း​ခဲ့​စဉ်က ရေဇုန်​သည် လူ​တို့​ကို​စုရုံး​ပြီး ခေါင်းဆောင်​လုပ်​ကာ ဓားပြ​အုပ်စု​ဖွဲ့​လေ​၏​။ သူ​တို့​သည် ဒမတ်စကပ်​မြို့​သို့​သွားရောက်​နေထိုင်​ပြီး ထို​မြို့​တွင် ဗိုလ်ကျစိုးမိုး​ကြ​၏​။ 25ရေဇုန်​သည် ဆီးရီးယား​ပြည်​တွင် ကြီးစိုး​၏​။ အစ္စရေး​လူမျိုး​တို့​ကို ရွံမုန်း​သဖြင့် ဟာဒဒ်​ကဲ့သို့ အစ္စရေး​လူမျိုး​တို့​ကို ဒုက္ခပေး​၍ ရှောလမုန်​မင်းကြီး​လက်ထက်​တစ်လျှောက်လုံး အစ္စရေး​လူမျိုး​တို့​ကို ရန်မူ​လေ​၏​။
26ထို့ပြင် ဘုရင့်​အမှုထမ်း​ဖြစ်​သူ ဧဖရိမ်​အမျိုး​၊ ဇေရဒ​မြို့သား​၊ နေဗတ်​၏​သား ယေရောဗောင်​သည်​လည်း ရှောလမုန်​မင်းကြီး​ကို ပုန်ကန်​လေ​၏​။ သူ​၏​မိခင်​မှာ ဇေရွာ အမည်​ရှိ​သော​မုဆိုးမ​ဖြစ်​၏​။ 27ရှင်ဘုရင်​ကို သူ​ပုန်ကန်​ရ​ခြင်း​အကြောင်းမှာ ဤသို့​ဖြစ်​၏​။ ရှောလမုန်​မင်းကြီး​သည် မိလ္လော#11:27 “အဓိပ္ပာယ်မသေချာပါ။ ခံတပ်၊ သို့မဟုတ် ကတုတ်၊ သို့မဟုတ် မြို့ ဖြစ်နိုင်သည်”။​ကို​တည်ဆောက်​ပြီး ကျိုးပေါက်​နေ​သော​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​မြို့ရိုး​ကို​လည်း ဖာထေး​ခဲ့​၏​။ 28ယေရောဗောင်​သည် လုပ်ရည်ကိုင်ရည်​ရှိ​သူ​ဖြစ်​၏​။ ရှောလမုန်​မင်းကြီး​သည် ဤသို့ အလုပ်ကြိုးစား​သော​ထို​လူငယ်​ကို​မြင်​လျှင် ယောသပ်​အမျိုးအနွယ်​တို့​တာဝန်ယူ​ရ​သော​အလုပ်​ဟူသမျှ​ကို ကြီးကြပ်သူ​အဖြစ်​ခွဲခန့်​ထား​၏​။
29တစ်နေ့တွင် ယေရောဗောင်​သည် ဂျေရုဆလင်​မြို့ပြင်​သို့​ထွက်လာ​ရာ လမ်း​တွင် ဝတ်ရုံ​အသစ်​ဝတ်ဆင်​ထား​သော ရှိလော​မြို့သား​၊ ပရောဖက်​အဟိယ​နှင့်​ဆုံ​၏​။ မြို့ပြင်​တွင် သူ​တို့​နှစ်​ဦး​သာ​ရှိ​နေစဉ် 30အဟိယ​သည် မိမိ​ကိုယ်​ပေါ်မှ ဝတ်ရုံ​အသစ်​ကို​ကိုင်​၍ တစ်ဆယ့်​နှစ်​ပိုင်း ဆုတ်ဖြဲ​ပြီးလျှင် 31ယေရောဗောင်​အား “​ဤ​အဝတ်စ​ဆယ်​ပိုင်း​ကို သင်​ယူ​ထား​လော့​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​ရှောလမုန်​မင်းကြီး​လက်​မှ နိုင်ငံ​ကို​ရုပ်သိမ်း​ပြီး မျိုးနွယ်​ဆယ်​နွယ်​ကို သင့်​အား​ပေး​မည်​။ 32ငါ့​အစေအပါး​ဒါဝိဒ်​မင်းကြီး​နှင့် အစ္စရေး​မျိုးနွယ်​ပိုင်​မြို့​အားလုံး​ထဲမှ ငါ​ရွေးချယ်​သော​ဂျေရုဆလင်​မြို့​ကို ထောက်​ထား​ပြီး မျိုးနွယ်​တစ်​နွယ်​ကို သူ့​အဖို့ ချန်ထား​မည်​။ 33သူ​တို့​သည် ငါ့​ကို​စွန့်ပစ်​ပြီး ဆီဒုန်​နတ်ဘုရားမ အာရှတရက်​၊ မောဘ​ဘုရား ခေမုရှ​၊ အမ္မုန်​ဘုရား မိလကုံ စသည်​တို့​ကို ကိုးကွယ်​ကြ​ပြီ​။ သူ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ကဲ့သို့​မ​ပြု​၊ ငါ့​လမ်း​သို့​မ​လိုက်​။ ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို ငါ့​မျက်မှောက်​တွင် ဖြောင့်မှန်​စွာ​မ​ပြုကျင့်​။
34သို့သော် ငါ​၏​ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စောင့်ထိန်း​သော​၊ ငါ​ရွေးချယ်​သော ငါ့​အစေအပါး ဒါဝိဒ်​မင်းကြီး​ကို​ထောက်​ထား​၍ သူ့​လက်​မှ နိုင်ငံ​တော်​တစ်ခုလုံး​ကို မ​ရုပ်သိမ်း​။ သူ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ့​ကို​အုပ်စိုး​စေ​မည်​။ 35သူ့​သား​လက်ထက်​ရောက်​မှ နိုင်ငံ​တော်​ကို ငါ​ရုပ်သိမ်း​မည်​။ ပြီးလျှင် မျိုးနွယ်​ဆယ်​နွယ်​ကို သင့်​အား ငါ​ပေး​မည်​။ 36ငါ့​နာမ​တည်​ရန် ငါ့​အဖို့ ငါ​ရွေးချယ်​ရာ​နေရာ ဂျေရုဆလင်​မြို့​တွင် ငါ့​အစေအပါး ဒါဝိဒ်​မင်းကြီး​၏​မီးခွက်​သည် ငါ့​ရှေ့မှောက်​တွင် အစဉ်အမြဲ​လင်း​နေ​စေရန် ရှောလမုန်​မင်းကြီး​၏​သား​တော်​ကို မျိုးနွယ်​တစ်​နွယ် ငါ​ပေး​မည်​။ 37သင့်​ကို ငါ​ရွေးကောက်​မည်​။ သင်​သည် စိတ်​အလိုရှိ​သည့်​အတိုင်း​အုပ်စိုး​၍ အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​မည်​။
38ငါ​မိန့်မှာ​သမျှ​ကို သင်​လိုက်နာ​၍ ငါ့​လမ်း​သို့​လိုက်​မည်​၊ ငါ့​အစေအပါး​ဒါဝိဒ်​မင်းကြီး ပြုကျင့်​သကဲ့သို့ ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ ပညတ်ချက်​များ​ကို ငါ့​ရှေ့မှောက်​တွင် မှန်ကန်​စွာ​ပြုကျင့်​မည်​ဆို​လျှင် ငါ​သည် သင်​နှင့်အတူ​ရှိ​ပြီး ဒါဝိဒ်​မင်းဆက်​ကို တည်​စေ​သည့်​နည်းတူ သင့်​မင်းဆက်​ကို​လည်း ခိုင်မြဲ​စွာ​တည်​စေ​မည်​။ အစ္စရေး​နိုင်ငံ​ကို သင့်​အား အုပ်စိုးခွင့်​ပေး​မည်​။ 39ဤ​အတွက်ကြောင့် ဒါဝိဒ်​မင်းကြီး​၏​သားစဉ်မြေးဆက်​ကို ငါ​ချိုးနှိမ်​မည်​ဖြစ်​သော်လည်း အစဉ်အမြဲ​ပြု​မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​လေ​၏​။
40ထိုအခါ ရှောလမုန်​မင်းကြီး​သည် ယေရောဗောင်​ကို သတ်​ဖို့​ကြံစည်​လေ​၏​။ သို့သော် ယေရောဗောင်​သည် ထ​၍ အီဂျစ်​ပြည်​သို့​ထွက်ပြေး​သွား​ပြီး အီဂျစ်​ဘုရင်​ရှိရှက်​မင်းကြီး​ထံ​ခိုဝင်​ကာ ရှောလမုန်​မင်းကြီး​အနိစ္စ​ရောက်​သည်​အထိ အီဂျစ်​ပြည်​တွင် နေထိုင်​လေ​၏​။
ရှောလမုန်မင်းကြီး အနိစ္စရောက်ခြင်း
41ကျန်ရှိ​နေ​သော ရှောလမုန်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​နှင့် သူ​၏​ဉာဏ်ပညာ​ကြီး​ပုံ​တို့​ကို ရှောလမုန်​မင်းကြီး​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#11:41 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။ 42ရှောလမုန်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​တွင် အစ္စရေး​တစ်မျိုးနွယ်လုံး​ကို​အုပ်စိုး​ခဲ့​သည့် နှစ်ကာလ​မှာ နှစ်​ပေါင်း​လေးဆယ်​ဖြစ်​၏​။ 43ရှောလမုန်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​မြို့​တွင် သင်္ဂြိုဟ်​ခြင်း​ခံရ​လေ​၏​။ သား​တော်​ရောဗောင်​သည် ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်တတိယစောင် 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ