YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာပထမစောင် 3

3
ရင့်ကျက်မှုမရှိခြင်းပြဿနာ
1သို့သော် ညီအစ်ကို​တို့၊ ငါ​သည် သင်​တို့​ကို ဝိညာဉ်​သဘော​ရှိ​သော​သူ​များ​ကဲ့သို့ ဟောပြော​၍​မ​ရ​ဘဲ သွေးသား​ဇာတိ​၌​ရှိ​သော​သူ​များ​ကဲ့သို့​လည်းကောင်း၊ ခရစ်တော်​၌ ကလေး​သူငယ်​များ​ကဲ့သို့​လည်းကောင်း ဟောပြော​ရ​၏။ 2သင်​တို့​သည် မာ​သော​အစာ​ကို မ​စား​နိုင်​ကြ​သေး​သောကြောင့် ၎င်း​ကို​မ​ကျွေး​ဘဲ နို့​ကို​သာ ငါ​တိုက်​ရ​၏။ ယခု​တိုင်အောင် သင်​တို့​သည် မာ​သော​အစာ​ကို မ​စား​နိုင်​ကြ​သေး။ 3အကြောင်းမူကား သင်​တို့​သည် သွေးသား​ဇာတိ​၌​ရှိ​သော​သူ​များ​ဖြစ်​ကြ​သေး​၏။ သင်​တို့​ကြား၌ မနာလို​ခြင်း​နှင့်​ပဋိပက္ခ​ဖြစ်​ခြင်း​ရှိ​ကြ​သည်​မှာ သင်​တို့​သည် သွေးသား​ဇာတိ​၌​ရှိ​သူ​များ​ဖြစ်​ကြ​ပြီး သာမန်​လူသား​အတိုင်း အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သောကြောင့်​မ​ဟုတ်​လော။ 4အကြောင်းမူကား တစ်​ဦး​က “ငါ​သည် ပေါလု​တပည့်​ဖြစ်​သည်”​ဟု ပြော​လျက် အခြား​တစ်​ဦး​က “ငါ​သည် အာပေါလု​တပည့်​ဖြစ်​သည်”​ဟု ပြော​နေ​ကြ​လျှင် သင်​တို့​သည် သာမန်​လူသား​များ​ပင် ဖြစ်​ကြ​သည်​မ​ဟုတ်​လော။
ဘုရားသခင်ကိုအစေခံသောသူတို့၏အခန်းကဏ္ဍ
5သို့ဖြစ်လျှင် အာပေါလု​ကား မည်သူ​နည်း။ ပေါလု​ကား မည်သူ​နည်း။ သူ​တို့​သည် မိမိ​တို့​တစ်ဦးစီ​အား ထာဝရ​ဘုရား​ပေးအပ်​တော်မူ​သည့်​အတိုင်း သင်​တို့​ကို ယုံကြည်​ခြင်း​သို့​ပို့ဆောင်​ပေး​သော အမှု​တော်​ဆောင်​များ​ဖြစ်​ကြ​၏။ 6ငါ​သည် စိုက်ပျိုး​၏။ အာပေါလု​သည် ရေ​လောင်း​၏။ သို့သော် ကြီးထွား​စေ​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။ 7ထို့ကြောင့် စိုက်ပျိုး​သော​သူ​ဖြစ်စေ၊ ရေ​လောင်း​သော​သူ​ဖြစ်စေ ပဓာန​မ​ဟုတ်။ ကြီးထွား​စေ​တော်မူ​သော ဘုရားသခင်​သာလျှင် ပဓာန​ဖြစ်​တော်မူ​၏။ 8စိုက်ပျိုး​သော​သူ​နှင့်​ရေ​လောင်း​သော​သူ​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​ပြီး အသီးသီး​တို့​သည် မိမိ​ကြိုးပမ်း​အားထုတ်​သည့်​အတိုင်း ဆုလာဘ်​ကို​ရရှိ​ကြ​လိမ့်မည်။ 9အကြောင်းမူကား ငါ​တို့​သည် ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဘုရားသခင်​၏​ဥယျာဉ်၊ ဘုရားသခင်​၏​အဆောက်အအုံ​ဖြစ်​ကြ​၏။ 10ငါ့​အား ဘုရားသခင်​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​နှင့်အညီ ပညာရှိ​သော​ဗိသုကာ​ကဲ့သို့ ငါ​သည် အုတ်မြစ်​ကို​ချ​ထား​ခဲ့​ပြီး အခြား​သော​သူ​သည် ၎င်း​အပေါ်တွင်​တည်ဆောက်​၏။ သို့သော် မည်ကဲ့သို့​တည်ဆောက်​သည်​ကို လူ​တိုင်း​သတိပြု​ရ​မည်။ 11အကြောင်းမူကား ယေရှု​ခရစ်တော်​တည်းဟူသော ချ​ထား​ပြီး​ဖြစ်​သည့်​အုတ်မြစ်​မှတစ်ပါး အခြား​သော​အုတ်မြစ်​ကို မည်သူမျှ​မ​ချ​နိုင်။ 12တစ်စုံတစ်ဦး​သည် ထို​အုတ်မြစ်​ပေါ်တွင် ရွှေ၊ ငွေ၊ ကျောက်မျက်​ရတနာ၊ သစ်သား၊ မြက်​ခြောက်၊ ကောက်ရိုး​တို့​ဖြင့် တည်ဆောက်​လျှင် 13ထို​သူ​ပြုလုပ်​သော​အရာ​သည် ထင်ရှား​လာ​လိမ့်မည်။ အကြောင်းမူကား ထို​နေ့ရက်​သည် ၎င်း​ကို​ထင်ရှား​စေ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ထို​နေ့ရက်​သည် မီး​အားဖြင့်​ပေါ်ထွန်း​လာ​၍ လူ​တစ်ဦးစီ​ပြုလုပ်​သော​အရာ​သည် မည်ကဲ့သို့​ပြုလုပ်​ထား​သည်​ကို မီး​သည်​စစ်ဆေး​လိမ့်မည်။ 14တစ်စုံတစ်ဦး​တည်ဆောက်​ပြုလုပ်​သော​အရာ​သည် တည်မြဲ​လျှင် ထို​သူ​သည် ဆုလာဘ်​ကို​ရရှိ​လိမ့်မည်။ 15တစ်စုံတစ်ဦး​ပြုလုပ်​သော​အရာ​သည် လောင်ကျွမ်း​သွား​ပါက ထို​သူ​သည် ဆုံးရှုံး​မှု​ကို​ခံစား​ရ​လိမ့်မည်။ သို့သော် သူ​ကိုယ်တိုင်​မူကား မီး​ထဲမှ​လွတ်​သော​သူ​ကဲ့သို့ ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။
16သင်​တို့​သည် ဘုရားသခင်​၏​ဗိမာန်​တော်​ဖြစ်​ကြ​ပြီး ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သလော။ 17မည်သူမဆို ဘုရားသခင်​၏​ဗိမာန်​တော်​ကို​ဖျက်ဆီး​လျှင် ဘုရားသခင်​သည် သူ့​ကို​ဖျက်ဆီး​တော်မူ​လိမ့်မည်။ အကြောင်းမူကား ဘုရားသခင်​၏​ဗိမာန်​တော်​သည် သန့်ရှင်း​၍ သင်​တို့​သည် ထို​ဗိမာန်​တော်​ဖြစ်​ကြ​၏။
လောကဉာဏ်ပညာ၏မိုက်မဲခြင်း
18မည်သူမျှ ကိုယ့်ကိုယ်ကိုယ်​မ​လှည့်ဖြား​စေ​နှင့်။ သင်​တို့​တွင် တစ်စုံတစ်ဦး​က မိမိ​သည် ဤ​လောက​၌ ပညာရှိ​ဖြစ်​သည်​ဟု​ထင်မှတ်​လျှင် ထို​သူ​သည် ပညာရှိ​ဖြစ်​နိုင်​ရန် မိုက်မဲ​သော​သူ​ဖြစ်​ပါစေ။ 19အကြောင်းမူကား ဤ​လောက​၏​ဉာဏ်ပညာ​သည် ဘုရားသခင်​ရှေ့​တော်​၌ မိုက်မဲ​သော​အရာ​ဖြစ်​၏။ “ဘုရားသခင်​သည် ပညာရှိ​တို့​ကို သူ​တို့​၏​ပရိယာယ်​အားဖြင့် ဖမ်းဆီး​တော်မူ​၏”#ယောဘ 5:13။​ဟု ကျမ်းစာ​၌​ရေး​ထား​၏။ 20တစ်ဖန် “ပညာရှိ​တို့​၏​တွေးတော​ကြံစည်​မှု​များ​သည် အချည်းနှီး​ဖြစ်​ကြောင်း​ကို ထာဝရ​ဘုရား​သိ​တော်မူ​၏”#ဆာ 94:11။​ဟု ရေး​ထား​၏။ 21သို့ဖြစ်၍ မည်သူမျှ လူ​တို့​အကြောင်း​ကို​မ​ဝါကြွား​နှင့်။ အကြောင်းမူကား ခပ်သိမ်း​သော​အရာ​တို့​ကို သင်​တို့​ပိုင်ဆိုင်​၏။ 22ပေါလု​ဖြစ်စေ၊ အာပေါလု​ဖြစ်စေ၊ ကေဖ​ဖြစ်စေ၊ ဤ​လောက​ဖြစ်စေ၊ အသက်ရှင်​ခြင်း​ဖြစ်စေ၊ သေ​ခြင်း​ဖြစ်စေ၊ မျက်မှောက်​အရာ​များ​ဖြစ်စေ၊ နောင်​လာ​မည့်​အရာ​များ​ဖြစ်စေ ခပ်သိမ်း​သော​အရာ​တို့​သည် သင်​တို့​ပိုင်ဆိုင်​သော​အရာ​များ​ဖြစ်​ကြ​၏။ 23သင်​တို့​ကို​မူကား ခရစ်တော်​ပိုင်ဆိုင်​တော်မူ​ပြီး ခရစ်တော်​ကို ဘုရားသခင်​ပိုင်ဆိုင်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာပထမစောင် 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ