YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာပထမစောင် 4

4
သစ္စာရှိသောဘဏ္ဍာစိုး
1ထို့ကြောင့် လူ​တို့​သည် ငါ​တို့​အား ခရစ်တော်​၏​အမှု​တော်​ဆောင်​အဖြစ်​လည်းကောင်း၊ ဘုရားသခင်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​များ​ကို စောင့်ရှောက်​ရ​သော ဘဏ္ဍာစိုး​အဖြစ်​လည်းကောင်း မှတ်ယူ​ပါစေ။ 2ဤ​နေရာ​တွင် ဘဏ္ဍာစိုး​သည် သစ္စာရှိ​ကြောင်း အသိအမှတ်ပြု​ခြင်း​ခံရ​သူ​ဖြစ်​ရ​မည်။ 3ငါ​သည် သင်​တို့​ထံ၌​ဖြစ်စေ၊ လူ​တို့​၏​ခုံရုံး​၌​ဖြစ်စေ စစ်ဆေး​စီရင်​ခြင်း​ကို​ခံရ​သော်လည်း ငါ့​အတွက် သေးငယ်​သော​အမှု​သာ​ဖြစ်​၏။ ငါ​သည် မိမိကိုယ်ကို​လည်း စစ်ဆေး​စီရင်​ခြင်း​မ​ပြု။ 4အကြောင်းမူကား ငါ​သည် ကိုယ့်ကိုယ်ကိုယ်​စိတ်လုံ​၏။ သို့သော် ထိုသို့​ဖြစ်​သည့်​အတွက် ငါ​သည် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်။ ငါ့​ကို​စစ်ဆေး​စီရင်​တော်မူ​သော​အရှင်​ကား သခင်​ဘုရား​ပေတည်း။ 5သို့ဖြစ်၍ သခင်​ဘုရား​ကြွလာ​တော်​မ​မူ​မီ မည်သည့်​အရာ​ကို​မျှ အချိန်​မ​တန်​ဘဲ မ​စီရင်​ကြ​နှင့်။ ထို​သခင်​သည် အမှောင်​ထဲ၌ ကွယ်ဝှက်​ထား​သော​အရာ​များ​ကို အလင်း​သို့​ယူဆောင်​လာ​ပြီး စိတ်နှလုံး​အကြံအစည်​များ​ကို ထင်ရှား​စေ​တော်မူ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​သည် ဘုရားသခင်​ထံ​တော်​မှ ချီးမွမ်း​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။
တမန်တော်တို့၏နှိမ့်ချခြင်းနမူနာ
6ညီအစ်ကို​တို့၊ ငါ​သည် ငါ​နှင့်​အာပေါလု​တို့​အကြောင်း​ကို​ပုံဆောင်​လျက် ဤ​အရာ​များ​ကို သင်​တို့​အတွက်​ဖော်ပြ​၏။ ဤသည်ကား သင်​တို့​သည် ကျမ်းစာ​၌​ရေး​ထား​သော​အရာ​တို့​ကို မ​ကျော်လွန်​မည့်အကြောင်း ငါ​တို့​ကို​စံနမူနာ​ထား​၍ သင်ယူ​ကြ​စေရန်​နှင့် တစ်​ဦး​ဘက်၌​နေ​၍ အခြား​တစ်​ဦး​အပေါ် မာန​ထောင်လွှား​ခြင်း​မ​ရှိ​ကြ​စေရန်​ဖြစ်​၏။ 7အကြောင်းမူကား မည်သူ​သည် သင့်​ကို​ထူးခြား​စေ​သနည်း။ သင်​ခံယူ​ရရှိ​သော​အရာ​မ​ဟုတ်​ဘဲ သင်​၌​နဂို​ကတည်းက ရှိ​ထား​သော​အရာ​တစ်စုံတစ်ခု​ရှိ​သလော။ သင်​ခံယူ​ရရှိ​ခဲ့​သည့်​အရာ​ဖြစ်​သည်​မှန်​လျှင် ခံယူ​ရရှိ​ခဲ့​သည့်​အရာ​မ​ဟုတ်​သကဲ့သို့ အဘယ်ကြောင့်​ဝါကြွား​သနည်း။ 8သင်​တို့​သည် ပြည့်စုံ​နေ​ကြ​ပြီ။ သင်​တို့​သည် ကြွယ်ဝ​နေ​ကြ​ပြီ။ ငါ​တို့​မ​ပါ​ဘဲ စိုးစံ​နေ​ကြ​ပြီ။ ငါ​တို့​လည်း သင်​တို့​နှင့်အတူ​စိုးစံ​နိုင်​ရန် သင်​တို့​သည် အမှန်​တကယ်​စိုးစံ​နေ​ခဲ့​ကြ​လျှင် ကောင်း​ပေ​မည်။ 9ဘုရားသခင်​သည် တမန်တော်​ဖြစ်​ကြ​သော​ငါ​တို့​ကို နောက်ဆုံး​တွင်​ထား​၍ အသေ​သတ်​ခြင်း​ခံရ​မည့်​သူ​များ​ကဲ့သို့ ထုတ်ပြ​တော်မူ​ပြီ​ဟု ငါ​ထင်မှတ်​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ကောင်းကင်​တမန်​များ​ရှေ့၌​ဖြစ်စေ၊ လူ​တို့​ရှေ့၌​ဖြစ်စေ တစ်လောကလုံး​အတွက် ရှုစား​စရာ​ဖြစ်လာ​ကြ​၏။ 10ငါ​တို့​သည် ခရစ်တော်​အတွက် မိုက်မဲ​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူကား ခရစ်တော်​၌ ပညာ​သတိ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​သည် အားနည်း​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူကား ခွန်အားကြီး​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဂုဏ်သရေ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​မူကား ဂုဏ်သရေ​မဲ့​သော​သူ​ဖြစ်​ကြ​၏။ 11ငါ​တို့​သည် ယခု​အချိန်​တိုင်အောင် ဆာလောင်​မွတ်သိပ်​လျက်၊ အဝတ်မဲ့​လျက်၊ ထိုးနှက်​ခြင်း​ခံရ​လျက်၊ အိမ်ရာမဲ့​လျက်၊ 12မိမိ​တို့​လက်​ဖြင့် အားထုတ်​လုပ်ဆောင်​လျက် နေ​ကြ​ရ​၏။ ပုတ်ခတ်​ပြောဆို​ခြင်း​ခံရ​သောအခါ ကောင်းချီး​ပေး​ကြ​၏။ ညှဉ်းဆဲ​ခြင်း​ခံရ​သောအခါ သည်းခံ​ကြ​၏။ 13စော်ကား​ပြောဆို​ခြင်း​ခံရ​သောအခါ မေတ္တာ​ပြ​ကြ​၏။ ယခု​တိုင်အောင် ငါ​တို့​သည် လူ​တကာ​တို့​၏​အပယ်ခံ​များ၊ လောက​၏​အမှိုက်သရိုက်​များ​ကဲ့သို့ ဖြစ်​ရ​ကြ​၏။
ဖခင်တစ်ဦးကဲ့သို့ဂရုစိုက်သောပေါလု
14ဤ​အရာ​များ​ကို ငါ​ရေး​လိုက်​ခြင်း​မှာ သင်​တို့​အား အရှက်ရ​စေရန်​မ​ဟုတ်​ဘဲ ငါ​၏​ချစ်​သားသမီး​များ​အဖြစ် သတိပေး​ဆုံးမ​ရန်​သာ​ဖြစ်​၏။ 15အကြောင်းမူကား ခရစ်တော်​၌ သင်​တို့​ကို​အုပ်ထိန်း​သူ တစ်သောင်း​ရှိ​သော်လည်း ဖခင်​မူကား များစွာ​မ​ရှိ။ ကောင်းမြတ်​သော​သတင်း​အားဖြင့် ခရစ်တော်​ယေရှု​၌ သင်​တို့​ကို​မွေးဖွား​ပေး​ခဲ့​သူ​မှာ ငါ​ပင်​ဖြစ်​၏။ 16သို့ဖြစ်၍ ငါ့​ကို​အတုယူ​သူ​များ​ဖြစ်​ကြ​ရန် သင်​တို့​ကို ငါ​တိုက်တွန်း​နှိုးဆော်​၏။ 17ဤ​အကြောင်း​ကြောင့် သခင်​ဘုရား​၌​သစ္စာရှိ​သော ငါ​၏​ချစ်​သား တိမောသေ​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​၏။ သူ​သည် အရပ်ရပ်​တို့​၌ အသင်းတော်​တိုင်း​တွင် ငါ​သွန်သင်​သည့်​အတိုင်း ခရစ်တော်​ယေရှု​၌ ငါ​လိုက်လျှောက်​သော​လမ်း​တို့​ကို သင်​တို့​အား သတိရ​စေ​လိမ့်မည်။
18လူ​အချို့​တို့​သည် သင်​တို့​ထံသို့ ငါ​ရောက်လာ​မည်​မ​ဟုတ်​ဟု​ထင်မှတ်​၍ မာန​ထောင်လွှား​လျက်​ရှိ​ကြ​၏။ 19သို့သော် သခင်​ဘုရား​အလို​တော်​ရှိ​လျှင် ငါ​သည် သင်​တို့​ထံသို့ မကြာမီ​လာ​၍ မာန​ထောင်လွှား​သော​သူ​တို့​၏​စကား​မ​ဟုတ်​ဘဲ သူ​တို့​၏​တန်ခိုး​ကို သိ​ရ​လိမ့်မည်။ 20အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် စကား​၌​မ​တည်​ဘဲ တန်ခိုး​၌​တည်​၏။ 21သင်​တို့​သည် မည်သည့်​အရာ​ကို အလိုရှိ​ကြ​သနည်း။ ငါ​သည် သင်​တို့​ထံသို့ တုတ်​နှင့်​လာ​ရ​မည်​လော၊ သို့မဟုတ် မေတ္တာ​နှင့် နူးညံ့​သိမ်မွေ့​သော​စိတ်​တို့​ဖြင့် လာ​ရ​မည်​လော။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာပထမစောင် 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ