YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာပထမစောင် 14

14
မွန်မြတ်သောဆုကျေးဇူးဖြစ်သည့်ပရောဖက်ပြုဟောပြောခြင်း
1ချစ်​ခြင်း​မေတ္တာ​ကို လက်ကိုင်ပြု​ကြ​လော့။ ထို့ပြင် ဝိညာဉ်​ဆု​ကျေးဇူး​များ၊ အထူးသဖြင့် ပရောဖက်ပြု​ဟောပြော​နိုင်​သော​ဆုကျေးဇူး​ကို အလွန်​လိုချင်​သော​စိတ်​ရှိ​ကြ​လော့။ 2အကြောင်းမူကား အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​သည် လူ​တို့​အား ပြောဆို​သည်​မ​ဟုတ်​ဘဲ ဘုရားသခင်​အား ပြောဆို​၏။ အဘယ်ကြောင့်​ဆိုသော် ထို​စကား​ကို မည်သူ​မျှ​နား​မ​လည်​ချေ။ သူ​သည် ဝိညာဉ်​တော်​အားဖြင့် လျှို့ဝှက်​နက်နဲ​သော​အရာ​တို့​ကို ပြောဆို​နေ​ခြင်း​သာ​ဖြစ်​၏။ 3ပရောဖက်ပြု​ဟောပြော​သော​သူ​မူကား တည်ဆောက်​မြှင့်တင်​ပေး​ခြင်း၊ တိုက်တွန်း​အားပေး​ခြင်း​နှင့် နှစ်သိမ့်​ခြင်း​တို့​အတွက် လူ​တို့​အား​ဟောပြော​၏။ 4အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​သည် မိမိ​ကို​သာ​တည်ဆောက်​မြှင့်တင်​၏။ ပရောဖက်ပြု​ဟောပြော​သော​သူ​မူကား အသင်းတော်​ကို တည်ဆောက်​မြှင့်တင်​ပေး​၏။ 5သင်​တို့​အားလုံး​သည် အခြား​သော​ဘာသာ​စကား​များ​ပြောဆို​နိုင်​ရန် ငါ​အလိုရှိ​၏။ သို့သော် ပရောဖက်ပြု​ဟောပြော​ခြင်း​အမှု​ကို သင်​တို့​အား ပို၍​ပြု​စေ​လို​၏။ အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​သည် အသင်းတော်​ကို တည်ဆောက်​မြှင့်တင်​ပေး​ရန် ၎င်း​၏​အနက်​ကို​ဖွင့်​ခြင်း​မ​ရှိ​လျှင် ထို​သူ​ထက် ပရောဖက်ပြု​ဟောပြော​သော​သူ​သည် ပို၍​ကြီးမြတ်​၏။
6သို့ဖြစ်၍ ညီအစ်ကို​တို့၊ ငါ​သည် သင်​တို့​ထံ​လာ​၍ အခြား​သော​ဘာသာ​စကား​များ​ပြောဆို​သော်လည်း ဗျာဒိတ်​တော်​အားဖြင့်​ဖြစ်စေ၊ အသိပညာ​အားဖြင့်​ဖြစ်စေ၊ ပရောဖက်ပြု​ဟောပြော​ခြင်း​အားဖြင့်​ဖြစ်စေ၊ သွန်သင်​သည့်​စကား​အားဖြင့်​ဖြစ်စေ မ​ဟောပြော​လျှင် သင်​တို့​အတွက် မည်သည့်​အကျိုး​ရှိ​မည်နည်း။ 7ပလွေ​၊ သို့မဟုတ် စောင်း​ကဲ့သို့သော သက်မဲ့​တူရိယာ​များ​ပင်လျှင် ပီပြင်​ပြတ်သား​သော​သံစဉ်​မ​ထွက်​လျှင် မည်သည့်​အရာ​ကို မှုတ်​နေ​သည်​ကို​လည်းကောင်း၊ မည်သည့်​အရာ​ကို တီး​နေ​သည်​ကို​လည်းကောင်း မည်သို့​သိ​နိုင်​မည်နည်း။ 8တံပိုးခရာ​သည်​လည်း မ​သေချာ​သော​အသံ​ကို​ပေး​လျှင် မည်သူ​သည် တိုက်ပွဲ​အတွက် ပြင်ဆင်​လိမ့်မည်​နည်း။ 9ထိုနည်းတူ သင်​တို့​သည်​လည်း နား​မ​လည်​နိုင်​သော​သတင်း​စကား​ကို အခြား​သော​ဘာသာ​စကား​ဖြင့် ပြောဆို​လျှင် ပြောဆို​သော​အရာ​များ​ကို မည်သို့​သိ​နိုင်​မည်နည်း။ သင်​တို့​သည် လေ​ကို​စကား​ပြော​နေ​ခြင်း​သာ ဖြစ်​လိမ့်မည်။ 10ကမ္ဘာ​ပေါ်တွင် ဘာသာ​စကား​အမျိုးအစား များစွာ​ရှိ​သည်​မှန်​သော်လည်း အဓိပ္ပာယ်​မဲ့​သော​စကား​တစ်ခုမျှ​မ​ရှိ။ 11ထို့ကြောင့် ဘာသာ​စကား​၏​အနက်​အဓိပ္ပာယ်​ကို ငါ​နား​မ​လည်​လျှင် ထို​စကား​ကို​ပြောဆို​နေ​သူ​အတွက် ငါ​သည် တိုင်းတစ်ပါးသား​ဖြစ်​သကဲ့သို့ ပြောဆို​နေ​သော​ထို​သူ​သည်​လည်း ငါ့​အတွက် တိုင်းတစ်ပါးသား​ဖြစ်​လိမ့်မည်။ 12သို့ဖြစ်၍ သင်​တို့​သည်​လည်း ဝိညာဉ်​ဆု​ကျေးဇူး​များ​ကို​ရရှိ​ရန် စိတ်အား​ထက်သန်​လျက်​ရှိ​ကြ​သည်​ဖြစ်၍ အသင်းတော်​ကို တည်ဆောက်​မြှင့်တင်​ပေး​ခြင်း​အတွက် ထို​ဆုကျေးဇူး​ဖြင့် ကြွယ်ဝ​ပြည့်စုံ​မည့်​အကြောင်း ကြိုးစား​အားထုတ်​ကြ​လော့။
13ထို့ကြောင့် အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​သည် အနက်​ဖွင့်​နိုင်​မည့်​အကြောင်း ဆုတောင်း​စေ။ 14အကြောင်းမူကား အခြား​သော​ဘာသာ​စကား​အားဖြင့် ငါ​ဆုတောင်း​လျှင် ငါ​၏​စိတ်​ဝိညာဉ်​သည် ဆုတောင်း​သော်လည်း ငါ​၏​အသိစိတ်​မူကား အကျိုး​မ​ပေး။ 15သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ငါ​သည် စိတ်​ဝိညာဉ်​အားဖြင့် ဆုတောင်း​၍ အသိစိတ်​အားဖြင့်​လည်း ဆုတောင်း​မည်။ စိတ်​ဝိညာဉ်​အားဖြင့် သီချင်း​ဆို​၍ အသိစိတ်​အားဖြင့်​လည်း သီချင်း​ဆို​မည်။ 16သို့မဟုတ်လျှင် သင်​သည် စိတ်​ဝိညာဉ်​အားဖြင့် ကျေးဇူး​တော်​ချီးမွမ်း​သောအခါ ကျွမ်းဝင်​မှု​မ​ရှိ​သေး​သော အုပ်စု​အဝင်​ဖြစ်​သော​သူ​သည် သင်​ပြော​နေ​သည့်​စကား​ကို နား​မ​လည်​သောကြောင့် သင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​အတွက် “အာမင်”​ဟု မည်သို့​ပြော​နိုင်​မည်နည်း။ 17သင်​သည် ကျေးဇူး​တော်​ကို​ချီးမွမ်း​သည်​မှာ ကောင်း​ပေ​၏။ သို့သော် သူတစ်ပါး​ကို တည်ဆောက်​မြှင့်တင်​ပေး​ခြင်း​မ​ရှိ။
18ငါ​သည် သင်​တို့​အားလုံး​ထက် အခြား​သော​ဘာသာ​စကား​များ​ကို ပို၍​ပြောဆို​ရ​သည့်​အတွက် ဘုရားသခင်​ကို​ကျေးဇူးတင်​၏။ 19သို့သော် အသင်းတော်​ထဲ၌ အခြား​သော​ဘာသာ​စကား​ဖြင့် စကား​အခွန်း​တစ်သောင်း​ပြော​ခြင်း​ထက် သူတစ်ပါး​တို့​ကို သွန်သင်​နိုင်​ရန် ငါ​၏​အသိစိတ်​ဖြင့် စကား​ငါး​ခွန်း​ပြော​ခြင်း​ကို သာ၍ ငါ​အလို​ရှိ​၏။
20ညီအစ်ကို​တို့၊ စဉ်းစား​ဆင်ခြင်​မှု​နှင့်​ပတ်သက်၍ ကလေး​သူငယ်​များ​မ​ဖြစ်​ကြ​နှင့်။ မကောင်းမှု​နှင့်​ပတ်သက်၍ ကလေး​သူငယ်​များ​ကဲ့သို့​ဖြစ်​ကြ​လျက် စဉ်းစား​ဆင်ခြင်​မှု​နှင့်ပတ်သက်၍ စုံလင်​ရင့်ကျက်​သော​သူ​များ​ဖြစ်​ကြ​လော့။ 21ပညတ်​တရား​ကျမ်း​၌ “ငါ​သည် ဤ​လူမျိုး​တို့​အား ထူးခြား​သော​ဘာသာ​စကား​နှင့် တိုင်းတစ်ပါးသား​များ​၏​နှုတ်​တို့​ဖြင့် ပြောဆို​မည်။ သို့သော် သူ​တို့​သည် နားထောင်​ကြ​လိမ့်မည်​မ​ဟုတ်​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏”#ဟေရှာ 28:11-12။​ဟူ၍ ရေး​ထား​၏။ 22သို့ဖြစ်၍ အခြား​သော​ဘာသာ​စကား​တို့​သည် ယုံကြည်​သူ​တို့​အတွက် နိမိတ်​လက္ခဏာ​မ​ဟုတ်​ဘဲ မ​ယုံကြည်​သူ​တို့​အတွက် နိမိတ်​လက္ခဏာ​ဖြစ်​၏။ ပရောဖက်ပြု​ဟောပြော​ခြင်း​မူကား မ​ယုံကြည်​သူ​တို့​အတွက် နိမိတ်​လက္ခဏာ​မ​ဟုတ်​ဘဲ ယုံကြည်​သူ​တို့​အတွက် နိမိတ်​လက္ခဏာ​ဖြစ်​၏။ 23ထို့ကြောင့် အသင်းတော်​တစ်ခုလုံး​စုဝေး​လျက် အားလုံး​သည် အခြား​သော​ဘာသာ​စကား​များ​ပြောဆို​ကြ​စဉ် ကျွမ်းဝင်​မှု​မ​ရှိ​သေး​သော​သူ​များ​၊ သို့မဟုတ် မ​ယုံကြည်​သူ​များ ဝင်လာ​လျှင် သင်​တို့​ရူးသွပ်​နေ​ပြီ​ဟု ပြော​ကြ​လိမ့်မည် မ​ဟုတ်​လော။ 24သို့သော် အားလုံး​သည် ပရောဖက်ပြု​ဟောပြော​ကြ​စဉ် မ​ယုံကြည်​သူ​၊ သို့မဟုတ် ကျွမ်းဝင်​မှု​မ​ရှိ​သေး​သော​သူ တစ်စုံတစ်ဦး​ဝင်လာ​လျှင် သူ​သည် သင်​တို့​အားလုံး​ကြောင့် အပြစ်​ဖော်ပြ​ခြင်း​ကို​ခံရ​၍ သင်​တို့​အားလုံး​၏​စစ်ဆေး​စီရင်​ခြင်း​ကို​ခံရ​ကာ 25သူ​၏​စိတ်နှလုံး​ထဲမှ ကွယ်ဝှက်​ထား​သော​အရာ​တို့​သည် ထင်ရှား​လာ​သဖြင့် “ဘုရားသခင်​သည် သင်​တို့​အလယ်၌ အမှန်​ရှိ​တော်မူ​၏”​ဟု ဝန်ခံ​လျက် ဘုရားသခင်​ကို ပျပ်ဝပ်​ရှိခိုး​လိမ့်မည်။#ဟေရှာ 45:14၊ ဇာ 8:23။
အစီအစဉ်တကျဖြစ်သောဝတ်ပြုခြင်း
26သို့ဖြစ်လျှင် ညီအစ်ကို​တို့၊ မည်သို့​ဆို​ရ​မည်နည်း။ သင်​တို့​သည် စည်းဝေး​ကြ​သောအခါ ဆာလံ​သီချင်း​ဆို​သော​သူ၊ သွန်သင်​ပေး​သော​သူ၊ ဗျာဒိတ်​တော်​ဟောပြော​သော​သူ၊ အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​နှင့် ထို​ဘာသာ​စကား​၏​အနက်​ကို​ဖွင့်​သော​သူ အသီးသီး​ရှိ​ကြ​၏။ ခပ်သိမ်း​သော​အမှု​တို့​ကို တည်ဆောက်​မြှင့်တင်​ပေး​ခြင်း​အတွက် ပြု​ကြ​လော့။ 27အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​ရှိ​လျှင် နှစ်​ဦး​၊ သို့မဟုတ် အများဆုံး​သုံး​ဦး​က တစ်လှည့်စီ​ပြော​၍ တစ်​ဦး​က အနက်​ဖွင့်​စေ။ 28သို့သော် အနက်ဖွင့်​သူ​မ​ရှိ​လျှင် သူ​သည် အသင်းတော်​၌ တိတ်ဆိတ်​စွာ​နေ​၍ မိမိကိုယ်ကို​လည်းကောင်း၊ ဘုရားသခင်​ကို​လည်းကောင်း ပြော​စေ။
29ပရောဖက်​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​တို့​သည် ဟောပြော​၍ အခြား​သော​သူ​တို့​သည် ဆင်ခြင်​သုံးသပ်​ကြ​စေ။ 30သို့သော် ထိုင်​နေ​သော​အခြား​သူ​အား တစ်စုံတစ်ခု​ကို​ဖွင့်ပြ​တော်မူ​လျှင် ပထမ​လူ​သည် တိတ်ဆိတ်​စွာ​နေ​စေ။ 31အကြောင်းမူကား လူ​တိုင်း​သွန်သင်​ခြင်း​ခံရ​၍ လူ​တိုင်း​တိုက်တွန်း​နှိုးဆော်​ခြင်း​ခံရ​မည့်​အကြောင်း သင်​တို့​အားလုံး​သည် တစ်ဦး​ပြီး​တစ်ဦး ပရောဖက်ပြု​ဟောပြော​နိုင်​၏။ 32ပရောဖက်​တို့​၏​စိတ်​ဝိညာဉ်​တို့​သည် ပရောဖက်​တို့​ကို​နာခံ​တတ်​၏။ 33အကြောင်းမူကား ဘုရားသခင်​သည် ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​နှင့်ဆိုင်သော​ဘုရား​မ​ဟုတ်​ဘဲ ငြိမ်သက်​ခြင်း​နှင့်ဆိုင်သော​ဘုရား​ဖြစ်​တော်မူ​၏။
သန့်ရှင်း​သူ​တို့​၏​အသင်းတော်​တိုင်း​၌ ပြုကျင့်​သကဲ့သို့ 34မိန်းမ​တို့​သည် အသင်းတော်​တွင် တိတ်ဆိတ်​စွာ​နေ​ကြ​ရ​မည်။ အကြောင်းမူကား သူ​တို့​၌ ဟောပြော​ရ​သော​အခွင့်​မ​ရှိ။ ပညတ်​တရား​၌​လည်း​ဆို​ထား​သည့်​အတိုင်း သူ​တို့​သည် နာခံ​မှု​ရှိ​ကြ​ရ​မည်။ 35သူ​တို့​သည် တစ်စုံတစ်ခု​ကို​သင်ယူ​လို​လျှင် အိမ်​၌ မိမိ​၏​လင်​ယောက်ျား​အား မေးမြန်း​ကြ​စေ။ အကြောင်းမူကား မိန်းမ​တစ်​ဦး​အနေဖြင့် အသင်းတော်​၌​ဟောပြော​ခြင်း​သည် ရှက်ဖွယ်​ဖြစ်​၏။
36ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် သင်​တို့​ထံမှ​ထွက်လာ​သလော၊ သို့မဟုတ် သင်​တို့​ထံသို့​သာ​ရောက်​လာ​သလော။ 37တစ်စုံတစ်ယောက်​သည် မိမိ​ကိုယ်​ကို ပရောဖက်​၊ သို့မဟုတ် ဝိညာဉ်​လူ​ဖြစ်​သည်​ဟု​ထင်မှတ်​လျှင် သင်​တို့​ထံ ငါ​ရေး​လိုက်​သော​အကြောင်းအရာ​တို့​သည် သခင်​ဘုရား​၏​ပညတ်​တော်​ဖြစ်​ကြောင်း သူ​သည် သိမှတ်​ရ​မည်။ 38မည်သူမဆို ဤ​အရာ​ကို အသိအမှတ်​မ​ပြု​လျှင် ထို​သူ​သည် အသိအမှတ်​ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်။
39သို့ဖြစ်၍ ငါ့​ညီအစ်ကို​တို့၊ ပရောဖက်ပြု​ဟောပြော​ရန် အလွန်​အလိုရှိ​ကြ​လော့။ အခြား​သော​ဘာသာ​စကား​ပြောဆို​ခြင်း​ကို​လည်း မ​တားမြစ်​ကြ​နှင့်။ 40သို့သော် အရာ​အားလုံး​ကို တင့်တယ်​လျောက်ပတ်​စွာ အစီအစဉ်​တကျ​ပြု​ကြ​လော့။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာပထမစောင် 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။