သောကမီးမှ လွတ်မြောက်ချမ်းသာနမူနာ
ဘုရားသခင်သည် အကြောက်တရားကို နိုင်ရာတော်မူသည်
အကယ်စင်စစ် ယာကုပ်အမျိုးကို၊ ထူးဆန်းသောအတတ်အားဖြင့် မနိုင်ရာ။ ဣသရေလအမျိုးကို အဘယ်သူမျှ မပြုစားရာ။ (တော၊ ၂၃း၂၃)
ဤသမ္မာတရားသည် ယုတ္တိမရှိ၊ မိုက်မဲသည့် အယူသီးမှုကိုပြစုသော အကြောက်တရားမှန်သမျှကို ပယ်ရှင်းသင့်သည်။ နတ်ဝိဇ္ဇာအတတ်နှင့် ဗေတင်ယတြေများသည် အမှန်တန်ခိုးရှိလျှင်ပင်၊ ထိုအရာများသည် ထာဝရဘုရားရှင်၏ လူမျိုးတော်အပေါ် အုပ်စိုးတန်ခိုးရှိမည် မဟုတ်ပေ။ ဘုရားသခင်ကောင်းချီးပေးသောသူများကို နတ်ဆိုးများသည် ကျိန်ဆဲခြင်း မပြုနိုင်ပေ။
ဗာလမ်ကဲ့သို့ အဓမ္မလူများသည် သခင်ဘုရား၏ လူမျိုးတော်ကို ကျဆုံးစေရန် လိမ္မာပါးနပ်စွာ ကြံစည်နိုင်သော်လည်း သူတို့၏ အကြံတစ်စုံတစ်ခုမျှ မတည်နိုင်။ သူတို့၏ လက်နက်များသည် ထိရောက်မှုမရှိသလို၊ သူတို့၏ မဟာဗျူဟာများလည်း အချည်းနှီးသက်သက် ဖြစ်သည်။ ထိုသူတို့သည် အတူတကွ စည်းဝေးကြသော်လည်း၊ ဘုရားသခင်၏ မျက်မှောက်တော်မရှိသောကြောင့်၊ အချည်းနှီးစည်းဝေးကြသည်။ ကျော့ကွင်းများ ထောင်ထားသောအခါ ကျွန်တော်တို့သည် စိတ်အေးစွာ စောင့်ကြည့်နိုင်သည်။ အကြောင်းမူကား၊ ထိုကျော့ကွင်းများသည် ကျွန်တော်တို့ကို မဖမ်းမိနိုင်ရဟု သိကျွမ်းကြသည်။ နတ်ဆိုးမင်း ဗေလဇေဗုလ၏ ကူညီမစခြင်းကို ရှာလျက်၊ လှည့်စားသောနည်းပရိယာယ်အမျိုးမျိုးကို အသုံးပြုသော်လည်း၊ အချည်းနှီးလုပ်ဆောင်ကြပြီး၊ သူတို့၏ ကျိန်ဆဲခြင်းသည် မသင့်မရောက်တတ်သလို၊ သူတို့၏ ဗေဒင်ဟောခြင်းသည် သူတို့ကိုယ်တိုင်ပင် လှည့်စားလိမ့်မည်။
၎င်းသည် အလွန်စိတ်ချမ်းသာစေသော ကတိတော်တစ်ပါး ဖြစ်ပါသည်တကား။ ဘုရားသခင်၏ရွေးကောက်သောသူတို့၏ ယုံကြည်ခြင်းခရီးတွင် များပြားသောဆင်းရဲဒုက္ခ ခံရသော်လည်း နောက်ဆုံးတွင် ၎င်းဆင်းရဲဒုက္ခတို့ကို ကျော်လွှာလိမ့်မည်ဟု သိကျွမ်းခြင်းဖြင့် ကျွန်တော်တို့၏စိတ်နှလုံးကို ငြိမ်းချမ်းစေပါသည်။ ဘုရားသခင်၏လူမျိုးတော်သည် မိမိတို့၏ရန်သူများအပေါ် အောင်နိုင်လိမ့်မည်။ ကျွန်တော်တို့သည် မာရ်နတ်ကို ကြောက်စရာမလိုသလို၊ လှည့်စားသောပရိယာယ်ဖြင့် မကောင်းသောအကြံကို ကြံသော မမြင်နိုင်သည့်ရန်သူမှန်သမျှကို ကြောက်ရွံ့ရန် အကြောင်းမရှိပေ။ အသက်ရှင်သောဘုရားကို ယုံကြည်ကိုးစားသောသူတို့ကို လုံးဝဥဿုံ မဖျက်စီးနိုင်ပါ။ မာရ်နတ်နှင့် သူ၏နောက်လိုက်များအားလုံးကို ကျွန်တော်တို့ ရဲရင့်စွာ ဆန့်ကျင်ဝံ့နိုင်သည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤဖတ်ရှုအစီစဉ်သည် မိတ်ဆွေအား သောကမီးလောင်လျက် ကြောက်ရွံ့သောအခါ အားပေးပါလိမ့်မည်။ ဤအစီစဉ်သည် ယုံမှားကင်းသောယုံကြည်ခြင်းနှင့် ဘုရားသခင်၏တန်ခိုးတော်ကို အားကိုးခြင်းဖြင့် အကြောက်တရားကို ကျော်လွှားသောလမ်းကို လင်းစေလိမ့်မည်။ ပြင်းထန်လှသောပဋိပက္ခကြားထဲမှာ ငြိမ်သက်ခြင်း ရရှိခံစားနိုင်ပါသည်။ ဤကတိတော်များသည် ယုံကြည်သူတိုင်းကို ယုံကြည်ခြင်းပြုစုတတ်သော ရဲရင့်သတ္တိကို ရှာဖွေတွေ့ရှိစေဖို့ ကူညီပေးပါလိမ့်မည်။ တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) ၏စာအား ခေတ်မီအင်္ဂလိပ်ဘာသာသို့ မွမ်းမံပြီးမှ မြန်မာဘာသာစကားသို့ ထပ်ဆင့်ဘာသာပြန်ဆိုထားပါသည်။
More