မဿဲ 14
14
နှစ်ခြင်းဆရာယောဟန် ကွယ်လွန်ခြင်း
1ထိုအချိန်တွင် နယ်စားအန္တိပဟေရုဒ်#14:1 နယ်စားအန္တိပဟေရုဒ်သည် ဟေရုဒ်မင်း၏သားဖြစ်ပြီး ဂါလိလဲပြည်ကို အုပ်ချုပ်သူဖြစ်သည်။သည် ယေရှုအကြောင်းကို ကြားသော် 2သူ၏ အကြံပေးပုဂ္ဂိုလ်တို့အား “ဤသူသည် နှစ်ခြင်းဆရာယောဟန်ဖြစ်၏။ သူသည် သေရာမှပြန်ရှင်ပြီ။ ထို့ကြောင့် သူသည် ထိုအံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ဆိုလေ၏။
3-4ယခင်က ဟေရုဒ်မင်းသည် ညီဖြစ်သူ ဖိလိပ္ပု၏ဇနီးဟေရောဒိကို သိမ်းယူသောကြောင့် ယောဟန်က “ဟေရောဒိကို အရှင်မင်းကြီးသိမ်းယူခြင်းသည် ဘုရားသခင်၏ ပညတ်တော်နှင့်မညီ” ဟူ၍ ဖော်ပြဆုံးမခဲ့၏။ ထို့ကြောင့် ဟေရုဒ်မင်းသည် ယောဟန်ကိုဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲသို့ ထည့်ထားခဲ့၏။ 5ဟေရုဒ်မင်းသည် ယောဟန်ကို သတ်လိုသော်လည်း ဆူပူအုံကြွမည်ကို ကြောက်ရွံ့သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယောဟန်အား ပရောဖက်တစ်ပါးအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်၏။
6ထို့နောက် ဟေရုဒ်မင်း၏ မွေးနေ့ပွဲတွင် ဟေရောဒိ၏ သမီးသည် ဧည့်သည်တော်များရှေ့၌ ကပြဖျော်ဖြေရာ ဟေရုဒ်မင်းသည် အလွန်နှစ်သက်လေ၏။ 7ထို့ကြောင့် ဟေရုဒ်မင်းသည် ထိုမိန်းကလေးတောင်းသမျှကို ပေးရန် သစ္စာဆို၍ ကတိပေးလေ၏။ 8ထိုမိန်းကလေးသည်လည်း မိခင်၏တိုက်တွန်းချက်ဖြင့် “နှစ်ခြင်းဆရာယောဟန်၏ ဦးခေါင်းကို လင်ပန်းတွင်တင်၍ ပေးတော်မူပါ” ဟု တောင်းဆိုလေ၏။ 9ထိုအခါ ဟေရုဒ်မင်းသည် မိမိပြောခဲ့သည့်စကားအတွက် နောင်တရလေ၏။ သို့သော်လည်း ကြွရောက်လာသော ဧည့်သည်တော်များရှေ့တွင် မိမိပေးခဲ့သည့် ကတိကို ထောက်ရှု၍ တောင်းဆိုသည့်အတိုင်း ပေးစေရန် အမိန့်ချလေ၏။ 10ထိုသို့ဖြင့် လူလွှတ်ကာ ယောဟန်၏ဦးခေါင်းကို ထောင်ထဲတွင် ဖြတ်စေ၏။ 11ထို့နောက် ဦးခေါင်းကို လင်ပန်းဖြင့် ယူဆောင်လာ၍ မိန်းကလေးအား ပေးစေ၏။ မိန်းကလေးသည်လည်း ထိုဦးခေါင်းကို မိခင်ထံသို့ ယူဆောင်သွားလေ၏။ 12ယောဟန်၏ တပည့်တို့သည် လာ၍ အလောင်းကို ယူကာ သင်္ဂြိုဟ်ကြ၏။ ထို့နောက် သူတို့သည် ယေရှုထံသို့ သွား၍ ဖြစ်ပျက်သမျှကို လျှောက်ကြ၏။
လူငါးထောင်ကို ကျွေးမွေးတော်မူခြင်း
13ယေရှုသည် ထိုသတင်းကို ကြားသောအခါ ထိုနေရာမှ ထွက်ခွာ၍ လှေကို စီးလျက် ဆိတ်ငြိမ်သောအရပ်သို့ ကြွတော်မူ၏။ သို့သော် လူထုပရိသတ်တို့သည် ယေရှုကြွတော်မူကြောင်းကို ကြားသိသဖြင့် မြို့ရွာများမှထွက်၍ ကုန်းကြောင်းဖြင့် လိုက်ကြ၏။ 14ယေရှုသည် လှေပေါ်မှဆင်းသောအခါ လူအုပ်ကြီးကို တွေ့မြင်တော်မူလျှင် သနားစိတ်ရှိတော်မူသဖြင့် ဖျားနာသူများကို ကျန်းမာစေတော်မူ၏။
15ညနေခင်းရောက်သောအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးသောအရပ်ဖြစ်ပြီး မိုးလည်းချုပ်ပါတော့မည်။ လူတို့သည် မြို့ရွာများသို့ သွား၍ စားစရာများဝယ်ယူနိုင်ရန် သူတို့အား ပြန်လွှတ်တော်မူပါ” ဟု လျှောက်ကြ၏။
16သို့သော်ယေရှုက “ထိုသူတို့ သွားရန် မလိုပါ။ ထိုသူတို့အတွက် စားစရာကို သင်တို့ပေးကြလော့” ဟု မိန့်တော်မူ၏။
17တပည့်တော်တို့က “အကျွန်ုပ်တို့တွင် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာ ရှိပါသည်” ဟု လျှောက်ကြ၏။
18ယေရှုက “ထိုမုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ငါ့ထံသို့ ယူခဲ့ကြ” ဟု မိန့်တော်မူ၏။ 19ထို့နောက် ယေရှုသည် လူထုပရိသတ်တို့ကို မြက်ခင်းပေါ်တွင် ထိုင်စေတော်မူ၏။ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်း ယူလျက် ကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ပြီးမှ မုန့်ကိုချိုးဖဲ့၍ တပည့်တော်တို့အား ပေးတော်မူလျှင် တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ပေးဝေကြ၏။ 20ပရိသတ်အားလုံး ဝလင်စွာ စားကြပြီးနောက် တပည့်တော်တို့သည် ကြွင်းကျန်သောအကျိုးအပဲ့များကို တောင်းထဲသို့ ကောက်သိမ်းရာ ဆယ့်နှစ်တောင်းအပြည့် ရကြ၏။ 21စားကြသောသူအရေအတွက်မှာ အမျိုးသမီးများနှင့် ကလေးများကို မရေတွက်ဘဲ အမျိုးသားငါးထောင်ခန့် ရှိကြ၏။
ရေပေါ်တွင် လမ်းလျှောက်တော်မူခြင်း
22ထို့နောက် ယေရှုသည် တပည့်တော်တို့ကို လှေပေါ်သို့ ချက်ချင်းတက်စေ၍ ကမ်းတစ်ဖက်သို့ သွားနှင့်စေတော်မူ၏။ တစ်ချိန်တည်းတွင် လူထုပရိသတ်တို့ကိုလည်း ပြန်လွှတ်တော်မူ၏။ 23ကိုယ်တော်သည် လူထုတို့ကို ပြန်လွှတ်တော်မူပြီးနောက် ဆုတောင်းရန် တောင်ပေါ်သို့ တက်ကြွတော်မူ၏။ ညအချိန်ရောက်သော် ထိုနေရာ၌ မိမိတစ်ကိုယ်တည်းရှိတော်မူ၏။
24ထိုအချိန်တွင် လေသည် ဆန့်ကျင်ဘက်တိုက်သောကြောင့် တပည့်တော်တို့၏ လှေမှာ လှိုင်းပုတ်ခြင်းခံရပြီး ကမ်းနှင့်အလွန်ဝေးကွာသွား၏။ 25နံနက်သုံးနာရီ#14:25 မူရင်းဂရိကျမ်းတွင် “ည၏ လေးပိုင်းမြောက်အချိန်” ဟု ဖော်ပြထားသည်။အချိန်ခန့်တွင် ယေရှုသည် ရေပေါ်တွင် လမ်းလျှောက်တော်မူလျက် တပည့်တော်များထံသို့ ကြွတော်မူ၏။ 26ထိုသို့ ရေပေါ်တွင် ယေရှုလမ်းလျှောက်တော်မူသည်ကို တပည့်တော်တို့မြင်သောအခါ ထိတ်လန့်၍ “တစ္ဆေ” ဟု ကြောက်စိတ်ဖြင့် အော်ဟစ်ကြ၏။
27သို့သော် ယေရှုက “မစိုးရိမ်နှင့်။ ငါပင်ဖြစ်၏။ မကြောက်ရွံ့ကြနှင့်” ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။
28ထိုအခါ ပေတရုက “သခင်… ကိုယ်တော်ဖြစ်ပါက အကျွန်ုပ်ကို သခင့်ထံတော်သို့ ရေပေါ်မှ လာရန် အမိန့်ရှိတော်မူပါ” ဟု လျှောက်၏။
29ယေရှုက “လာခဲ့လော့” ဟု မိန့်တော်မူသော် ပေတရုသည် လှေပေါ်မှဆင်း၍ ရေပေါ်သို့လျှောက်ကာ ယေရှုထံသို့ လှမ်းသွားလေ၏။ 30သို့သော် လေပြင်းသည်ကို မြင်သောအခါ ကြောက်လန့်၍ ရေနစ်စပြုသဖြင့် “ကယ်တော်မူပါ သခင်” ဟု အော်ဟစ်လေ၏။
31ယေရှုက ချက်ချင်းပင် လက်တော်ကိုဆန့်၍ ပေတရုအား ဖမ်းဆုပ်လျက် “ယုံကြည်ခြင်းအားနည်းသောသူ… အဘယ်ကြောင့် သံသယစိတ်ဝင်သနည်း” ဟု မိန့်တော်မူ၏။
32ထို့နောက် သူတို့သည် လှေပေါ်သို့ တက်ကြသောအခါ လေငြိမ်သွားလေ၏။ 33လှေထဲတွင် ရှိနေသူများက “ကိုယ်တော်သည် အမှန်ပင် ဘုရားသားတော်ဖြစ်၏” ဟု ဆိုကာ ဝပ်တွားခယလျက် ရှိခိုးကြ၏။
34ထို့နောက် သူတို့သည် တစ်ဖက်ကမ်းသို့ ကူး၍ ဂင်နေသရက်နယ်သို့ ရောက်ကြ၏။ 35ထိုအရပ်၌ရှိသော လူတို့သည် ယေရှုကို မှတ်မိကြသောအခါ ထိုနယ်တစ်ခွင်လုံးသို့ သတင်းလွှင့်၍ ဖျားနာသူများကို ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြ၏။ 36ထိုသူတို့သည် ဝတ်ရုံတော်၏ အမြိတ်ကိုမျှ တို့ထိခွင့်ရရန် တောင်းပန်ကြ၏။ တို့ထိသောသူတိုင်းလည်း ကျန်းမာလာကြ၏။
လက္ရွိေရြးခ်ယ္ထားမွု
မဿဲ 14: BCB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.