ရှင်မာကု 5
5
ညစ်ညူးသောနတ်ကိုနှင်ထုတ်ခြင်း
(မ၊ ၈:၂၈-၃၄။ လု၊ ၈:၂၆-၃၉)
1အိုင်တစ်ဖက်၊ ဂါဒရပြည်သို့ ရောက်ကြ၍၊- 2ယေရှုသည် လှေထဲကထွက်ကြွတော်မူသည် ခဏချင်းတွင်၊ ညစ်ညူးသောနတ်စွဲသောသူသည် သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုလေ၏။- 3ထိုသူသည် သင်္ချိုင်းတစပြင်၌ နေတတ်၏။ သူ့ကို သံကြိုးနှင့်ပင် အဘယ်သူမျှ ချည်၍မနိုင်။- 4ခြေချင်း၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကို ဖြဲတတ်၏။ သူ့ကိုယဉ်စေခြင်းငှာ အဘယ်သူမျှ မတတ်နိုင်။- 5နေ့ညမပြတ် သင်္ချိုင်းတစပြင်၌လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း၊ ဟစ်ကြော်လျက်၊ ကျောက်ဇောင်းနှင့် ကိုယ်ကိုရှစေလျက် နေတတ်၏။- 6ယေရှုကို အဝေးကမြင်လျှင်၊ အထံတော်သို့ ပြေးလာ၍ ပျပ်ဝပ်လျက်၊- 7အမြင့်ဆုံးသော ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း ဘုရားသခင်ကို အမှီပြု၍ အကျွန်ုပ် တောင်းပန်ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ်၍ လျှောက်လေ၏။- 8လျှောက်သည်အကြောင်းကား၊ ညစ်ညူးသောနတ်၊ ထိုလူမှထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။- 9ကိုယ်တော်ကလည်း၊ သင်သည် အဘယ်အမည် ရှိသနည်းဟု မေးတော်မူလျှင်၊ အကျွန်ုပ်အမည်ကား၊ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏ဟု လျှောက်ပြီးမှ၊- 10ထိုပြည်ထဲက အခြားသို့ မနှင်ပါမည်အကြောင်း များစွာတောင်းပန်လေ၏။
11ထိုအရပ်၌ တောင်ပေါ်မှာ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။- 12နတ်ဆိုးအပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါဟု တောင်းပန်ပြန်လျှင်၊- 13ယေရှုသည် ချက်ချင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုသည် အိုင်ကမ်းဇောက်ကို တစ်ဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက်ရှိ၏။- 14ဝက်ကျောင်းသောသူတို့သည် ပြေး၍မြို့ရွာတို့၌ သတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမှုအရာတို့ကို ကြည့်ရှုအံ့သောငှာ ထွက်လာကြ၏။- 15အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။- 16နတ်ဆိုးစွဲသောသူ၌လည်းကောင်း၊ ဝက်တို့၌လည်းကောင်း၊ အဘယ်သို့ဖြစ်သည်ကို သိမြင်သောသူတို့သည် နောက်လာသောသူတို့အား ပြန်ကြားပြီးမှ၊- 17မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။
18လှေထဲသို့ ဝင်တော်မူသောအခါ နတ်ဆိုးစွဲဖူးသောသူသည် ကိုယ်တော်နှင့်အတူ ရှိပါမည်အကြောင်း တောင်းပန်လျှင်၊- 19ကိုယ်တော်သည် အခွင့်မပေး။ သင်သည် ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ်တော်နှင့် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူလျှင်၊- 20ထိုသူသည် သွား၍၊ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို၊ ဒေကာပေါလိပြည်တွင် သတင်းကြားပြောသည်ဖြစ်၍၊ ခပ်သိမ်းသောသူတို့သည် အံ့ဩခြင်းရှိကြ၏။
ယာဣရုသမီးနှင့်အဝတ်ကိုတို့သောအမျိုးသမီး
(မ၊ ၉:၁၈-၂၆။ လု၊ ၈:၄၀-၅၆)
21ယေရှုသည် ကမ်းတစ်ဖက်သို့ကူးပြန်၍ အိုင်နားမှာ ရှိတော်မူစဉ်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြ၏။- 22ထိုအခါ ယာဣရုအမည်ရှိသော တရားဇရပ်မှူးသည် လာ၍ ကိုယ်တော်ကိုမြင်လျှင်၊ ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊ အကျွန်ုပ်၏ သမီးငယ်သေလုပါပြီ။- 23သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှာ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။- 24ကိုယ်တော်သည် သူနှင့်အတူသွား၍ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကို ခြံရံလျက် ထိခိုက်တိုက်မိကြ၏။
25ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာ စွဲသောကြောင့်၊- 26များစွာသော ဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှ ကုန်သော်လည်း သက်သာမရသည်သာမက၊ အနာတိုးသော မိန်းမတစ်ယောက်သည်၊- 27ယေရှု၏သတင်းတော်ကို ကြားသည်ရှိသော်၊- 28ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့်၊ လူအစုအဝေးထဲ၌ နောက်တော်သို့ လာ၍ အဝတ်တော်ကို တို့လေ၏။- 29ထိုခဏချင်းတွင် အသွေးစုဝေးရာ ခန်းခြောက်သည်ဖြစ်၍၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ်၌သိလေ၏။- 30ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်းသိတော်မူလျှင် လူအစုအဝေး၌ နောက်သို့လှည့်၍၊ ငါ့အဝတ်ကို အဘယ်သူတို့သနည်းဟု မေးတော်မူ၏။- 31တပည့်တော်တို့က၊ လူအစုအဝေးသည် ကိုယ်တော်အား ထိခိုက်ကြသည်ကို မြင်လျက်ပင်၊ ငါ့ကို အဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်ကြသော်လည်း၊- 32ကိုယ်တော်သည် ထိုသို့ပြုသောသူကို မြင်ခြင်းငှာ ပတ်လည်သို့ ကြည့်ရှုတော်မူ၏။- 33ထိုမိန်းမသည် ကိုယ်၌အဘယ်သို့ဖြစ်သည်ကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့ လာပြီးလျှင်၊ ပျပ်ဝပ်၍ ထိုအကြောင်းရှိသမျှကို အဟုတ်အမှန် ကြားလျှောက်လေ၏။- 34ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ။ ငြိမ်ဝပ်စွာ သွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေဟု မိန့်တော်မူ၏။
35ထိုသို့ မိန့်တော်မူစဉ်တွင် တရားဇရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏သမီး သေပါပြီ။ အဘယ်ကြောင့် ဆရာကို နှောင့်ယှက်သေးသနည်းဟု ဆိုကြ၏။- 36ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တစ်ခုသာ ရှိစေလော့ဟု တရားဇရပ်မှူးအား ချက်ချင်းမိန့်တော်မူ၏။- 37ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီယောဟန်မှတစ်ပါး အဘယ်သူကိုမျှ မလိုက်စေဘဲ၊- 38တရားဇရပ်မှူးအိမ်သို့ရောက်၍ အုန်းအုန်း သဲသဲပြုကြသည်ကိုလည်းကောင်း၊ အလွန်ငိုကြွေးမြည်တမ်းသော သူတို့ကိုလည်းကောင်း မြင်တော်မူလျှင်၊- 39အတွင်းသို့ဝင်၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု၍ ငိုကြွေးကြသနည်း။ သူငယ်သေသည်မဟုတ် အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊- 40ထိုသူတို့သည် ပြက်ရယ်ပြုကြ၏။ ထိုသူရှိသမျှတို့ကို ပြင်သို့ ထွက်စေပြီးမှ သူငယ်၏ မိဘတို့ကိုလည်းကောင်း၊ ကိုယ်တော်နှင့်ပါသော သူတို့ကိုလည်းကောင်း ခေါ်ပြီးလျှင်၊ သူငယ် လျောင်းရာအရပ်သို့ ဝင်၍၊- 41သူငယ်၏လက်ကို ကိုင်တော်မူလျက်၊ တလိသကုမိဟု မိန့်တော်မူ၏။ အနက်ကား၊ မိန်းမငယ်ထလော့ ငါဆို၏ဟု ဆိုလိုသတည်း။- 42ထိုခဏချင်းတွင် မိန်းမငယ်သည် ထ၍လှမ်းသွား၏။ သူသည် တစ်ဆယ်နှစ်နှစ်အရွယ် ရှိ၏။ ထိုသူတို့သည် အလွန် မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။- 43ထိုအမှုအရာကို အဘယ်သူမျှ မသိစေမည်အကြောင်း၊ ထိုသူတို့ကို ကျပ်တည်းစွာ ပညတ်တော်မူ၍၊ သူ့အား စားစရာပေးလော့ဟု မိန့်တော်မူ၏။
လက္ရွိေရြးခ်ယ္ထားမွု
ရှင်မာကု 5: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.