ရှင်လုကာ 7
7
တပ်မှူး၏ကျွန်ကိုကုသခြင်း
(မ၊ ၈:၅-၁၃)
1ထိုဒေသနာတော်ကို ယေရှုသည် ပရိသတ်တို့အား အကုန်အစင် ဟောတော်မူပြီးမှ ကပေရနောင်မြို့သို့ ကြွဝင်တော်မူ၏။- 2ထိုမြို့၌ တပ်မှူး၏ကျွန်တစ်ယောက်သည် နာ၍ သေခါနီးရှိ၏။ သူ၏သခင်သည် သူ့ကိုချစ်၍၊- 3ယေရှု၏ သတင်းတော်ကိုကြားလျှင်၊ ယုဒအမျိုး အကြီးအကဲတို့ကိုအထံတော်သို့ စေလွှတ်သဖြင့်၊ ကိုယ်တော်သည်ကြွ၍ ထိုကျွန်ကို ချမ်းသာပေးတော်မူမည်အကြောင်း တောင်းပန်လေ၏။- 4ထိုသူတို့သည် ယေရှုထံတော်သို့ရောက်လျှင်၊ ကျေးဇူးတော်ကို ခံမည့်သူသည် ခံထိုက်သောသူဖြစ်ပါ၏။- 5သူသည် အကျွန်ုပ်တို့အမျိုးကို နှစ်သက်၍ အကျွန်ုပ်တို့အဖို့ တရားဇရပ်ကို ဆောက်ပါပြီဟူ၍ ကျပ်ကျပ်တောင်းပန်ကြ၏။- 6ယေရှုသည် သူတို့နှင့်အတူ ကြွတော်မူ၏။ တပ်မှူးအိမ်နှင့် မနီးမဝေးရောက်တော်မူသောအခါ၊ တပ်မှူးသည် မိမိအဆွေတို့ကို စေလွှတ်၍၊ သခင်၊ ကိုယ်ကို ပင်ပန်းစေတော်မမူပါနှင့်။ အကျွန်ုပ်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို အကျွန်ုပ်မခံထိုက်ပါ။- 7ထိုအတူ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ ရောက်ထိုက်သောသူ မဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ။ အမိန့်တော်တစ်ခွန်းရှိလျှင် အကျွန်ုပ်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။- 8ဥပမာကား၊ အကျွန်ုပ်သည် မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တစ်ဦးကိုသွားချေဟု ဆိုလျှင် သွားပါ၏။ တစ်ဦးကိုလာခဲ့ဟု ခေါ်လျှင် လာပါ၏။ ကျွန်ကိုလည်း ဤအမှုကိုလုပ်တော့ဟု ဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်စေ၏။- 9ထိုစကားကို ယေရှုသည်ကြားတော်မူလျှင် အံ့ဩခြင်းရှိ၍ နောက်တော်သို့လိုက်သောသူများကို လှည့်ကြည့်လျက်၊ ငါဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေးဟု မိန့်တော်မူ၏။- 10တပ်မှူးစေလွှတ်သော သူတို့သည် အိမ်သို့ ပြန်ရောက်လျှင်၊ အနာရာဂါစွဲသော ကျွန်သည် ကျန်းမာလျက်ရှိသည်ကို တွေ့ကြ၏။
မုဆိုးမ၏သားကိုအသက်ရှင်စေခြင်း
11နက်ဖြန်နေ့၌ နာဣနမြို့သို့ ကြွတော်မူ၍၊ တပည့်တော်များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။- 12မြို့တံခါးအနီးသို့ ရောက်သောအခါ၊ မုဆိုးမ၌ တစ်ယောက်တည်းသော သားအသေကောင်ကို သင်္ဂြိုဟ်ခြင်းငှာ ထုတ်သွား၍၊ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။- 13သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍၊ မငိုနှင့်ဟု မိန့်တော်မူလျက် အနီးသို့ကြွ၍ တလားကို လက်နှင့်တို့တော်မူသဖြင့်၊ ထမ်းသောသူတို့သည် ရပ်၍နေကြ၏၊- 14ကိုယ်တော်ကလည်း၊ အချင်းလုလင်၊ ထလော့၊ သင့်အား ငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင်၊- 15သေသောသူသည် ထိုင်၍စကားပြော၏၊ ကိုယ်တော်သည်လည်း ထိုသူကို မိခင်အား အပ်ပေးတော်မူ၏။- 16လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်းသို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှု ကြွလာတော်မူပြီ ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။- 17ထိုသတင်းတော်သည် ယုဒပြည်မှစ၍ ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။
ဗတ္တိဇံဆရာယောဟန်ထံမှစေတမန်များ
(မ၊ ၁၁:၂-၁၉)
18ယောဟန်၏ တပည့်တို့သည် ထိုအကြောင်းအရာ အလုံးစုံတို့ကို မိမိဆရာအား ကြားပြောကြ၏။- 19ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ယောက်ကို ခေါ်ပြီးလျှင် ယေရှုထံတော်သို့စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူ မှန်သလော။ သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။- 20ထိုသူတို့သည် အထံတော်သို့ရောက်လျှင်၊ ကိုယ်တော်သည် ကြွလာသောသူမှန်သလော။ သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လောဟု မေးလျှောက်စေခြင်းငှာ၊ ဗတ္တိဇံဆရာယောဟန်သည် အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့ စေလွှတ်ပါပြီဟု လျှောက်ကြ၏။- 21ထိုအချိန်နာရီ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး၊ နတ်ဆိုးဘေးနှင့် ကင်းလွတ်စေတော်မူ၏။ မျက်စိကန်းသော သူများတို့ကိုလည်း မျက်စိမြင်စေခြင်းငှာ ကျေးဇူးပြုတော်မူ၏။- 22ထိုအခါယေရှုက၊ သင်တို့သည်ကြားရသမျှ၊ မြင်ရသမျှတို့ကို သွား၍ ယောဟန်အား ကြားလျှောက်ကြလော့။ မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်သောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။-#ဟေရှာ၊ ၃၅:၅-၆၊ ၆၁:၁။ 23ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာ သတင်းကိုကြားရကြ၏။ ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။
24ယောဟန်စေလွှတ်သော သူတို့သည် သွားကြသည်နောက်၊ ယေရှုသည် ယောဟန်ကို အကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှာ တောသို့ ထွက်သွားကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှာ သွားသလော။- 25သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှာ သွားသလော။ တင့်တယ်သော အဝတ်ကိုဝတ်ဆင်၍ ကောင်းမွန်စွာ စားသောက်သောသူတို့သည် မင်းအိမ်၌ နေတတ်ကြ၏။- 26ပရောဖက်ကို ကြည့်ရှုခြင်းငှာ သွားသလော။ မှန်ပေ၏။ ပရောဖက်ထက် ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို၏။- 27ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏ဟု ဆိုရာ၌ ထိုသူကိုဆိုလိုသတည်း။-#မာလ၊ ၃:၁။ 28ငါဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက် တစ်ယောက်မျှမရှိ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ကြီးမြတ်၏။- 29အခွန်ခံသူမှစ၍ လူအပေါင်းတို့သည် ယောဟန်၏စကားကို ကြားနာရလျှင်၊ ဘုရားသခင်ကို ချီးမွမ်း၍ ယောဟန်ပေးသော ဗတ္တိဇံကို ခံကြ၏။#မ၊ ၂၁:၃၂။ လု၊ ၃:၁၂။ 30ဖာရိရှဲနှင့် ကျမ်းတတ်တို့မူကား၊ သူတို့အကျိုးအလိုငှာ ဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးတော်ကိုပယ်၍ ယောဟန်၏ ဗတ္တိဇံကို မခံဘဲနေကြ၏။
31ထိုကြောင့် ဤလူမျိုးကို အဘယ်ဥပမာနှင့် ပုံပြရအံ့နည်း။ အဘယ်သူနှင့် တူသနည်း။- 32ပွဲသဘင်၌ ထိုင်နေသောသူငယ်ချင်းတို့သည် တစ်ယောက်ကိုတစ်ယောက် အသံလွှင့်ကြ၍၊ ငါတို့သည် သာယာစွာတီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ညည်းတွားစွာ မြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ၏။- 33အကြောင်းမူကား၊ ဗတ္တိဇံဆရာယောဟန်သည် မုန့်ကိုမစား၊ စပျစ်ရည်ကိုမသောက်ဘဲ လာသည်ရှိသော် သင်တို့က၊ ဤသူသည် နတ်ဆိုးစွဲသော သူပါတကားဟု ဆိုကြ၏။- 34လူသားသည် စားသောက်လျက် လာသည်ရှိသော်၊ ဤသူသည် စားကြူးသောသူ၊ စပျစ်ရည်သောက်ကြူးသောသူ ပါတကား။ အခွန်ခံသောသူနှင့် ဆိုးသောသူတို့ကို မိတ်ဆွေဖွဲ့သောသူ ပါတကားဟု ဆိုပြန်ကြ၏။- 35သို့သော်လည်း ပညာတရားသည် မိမိသားရှိသမျှတို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် လွတ်၏ဟု မိန့်တော်မူ၏။
အပြစ်လွှတ်ခံရသောမိန်းမ
36ဖာရိရှဲတစ်ယောက်သည် အစာကို သုံးဆောင်တော်မူစေခြင်းငှာ ကိုယ်တော်ကို ခေါ်ပင့်လျှင်၊ ထိုဖာရိရှဲ၏အိမ်သို့ကြွ၍ စားပွဲ၌လျောင်းတော်မူ၏။- 37ထိုသို့ စားပွဲ၌လျောင်းတော်မူသည်ကို ထိုမြို့၌ ဆိုးသောမိန်းမတစ်ယောက်သည် သိလျှင်၊ ဆီမွှေးကျောက်ဖြူ ခွက်တစ်လုံးကို ယူခဲ့၍၊-#မ၊ ၂၆:၇။ မာ၊ ၁၄:၃။ ယော၊ ၁၂:၃။ 38နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကျလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ ဆီမွှေးနှင့် လိမ်းလျက်နေလေ၏။- 39ကိုယ်တော်ကို ခေါ်ပင့်သောဖာရိရှဲသည် မြင်လေသော်၊ ဤသူသည် ပရောဖက်မှန်လျှင် ခြေတော်ကိုကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏ဟု ထင်မှတ်၏။
40ယေရှုကလည်း၊ အချင်းရှိမုန်၊ သင့်အား ငါပြောစရာတစ်ခုရှိသည်ဟု မိန့်တော်မူလျှင်၊ အရှင်ဘုရား အမိန့်ရှိတော်မူပါဟု လျှောက်သော်၊- 41ယေရှုက၊ ဥစ္စာရှင်တစ်ဦး၌ ကြွေးစားနှစ်ဦးရှိ၏။ တစ်ယောက်၌ကား ဒေနာရိအပြားငါးရာ၊ တစ်ယောက်၌ကား ငါးဆယ်ကြွေးရှိ၏။- 42သူတို့သည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကြွေးရှင်သည် ထိုသူနှစ်ယောက်တို့ကို အချည်းနှီးလွှတ်၏။ သို့ဖြစ်လျှင် ထိုသူနှစ်ယောက်တွင် အဘယ်သူသည် ကြွေးရှင်ကို သာ၍ ချစ်လိမ့်မည်နည်းဟု မေးတော်မူ၏။- 43ရှိမုန်ကလည်း၊ သာ၍ ကျေးဇူးကိုခံရသောသူသည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင်ပါ၏ဟု လျှောက်လျှင်၊ ယေရှုက၊ သင်ထင်သည်အတိုင်း မှန်ပေ၏ဟု မိန့်တော်မူပြီးမှ၊- 44ထိုမိန်းမကိုလှည့်၍ ရှိမုန်အားလည်း၊ သင်သည် ဤမိန်းမကို မြင်သလော။ သင်၏အိမ်သို့ ငါဝင်သော် သင်သည် ခြေဆေးရေကိုမပေး။ ဤမိန်းမမူကား၊ ငါ့ခြေပေါ်သို့ မျက်ရည်ကျ၍ မိမိဆံပင်နှင့် သုတ်လေပြီ။- 45သင်သည် ငါ့ကိုမနမ်း၊ သူမူကား၊ အိမ်သို့ဝင်သော အချိန်မှစ၍ ငါ့ခြေကို နမ်းလျက်မစဲဘဲနေ၏။- 46သင်သည် ငါ့ခေါင်းကို ဆီနှင့်မလိမ်း။ သူမူကား၊ ငါ့ခြေကို ဆီမွှေးနှင့် လိမ်းလေပြီ။- 47ထိုကြောင့် ငါဆိုသည်ကား၊ သူသည် များစွာသောအပြစ်တို့နှင့် လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ်သောအပြစ် လွတ်သောသူသည် အနည်းငယ်မျှသာ ချစ်တတ်သည်ဟု မိန့်တော်မူ၏။- 48ထိုမိန်းမအားလည်း၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ၏။- 49စားပွဲ၌ လျောင်းသောသူတို့က၊ အပြစ်ကိုလွှတ်သော ဤသူကား အဘယ်သူနည်းဟု အောက်မေ့ကြ၏။- 50ယေရှုသည် ထိုမိန်းမအား သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလောဟု မိန့်တော်မူ၏။
လက္ရွိေရြးခ်ယ္ထားမွု
ရှင်လုကာ 7: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.