ရှင်လုကာ 24
24
ရှင်ပြန်ထမြောက်တော်မူခြင်း
(မ၊ ၂၈:၁-၁၀။ မာ၊ ၁၆:၁-၈။ ယော၊ ၂၀:၁-၁၀)
1ခုနစ်ရက်တွင် ပထမနေ့ရက် အရုဏ်တက်သောအချိန်၌၊ ထိုမိန်းမတို့သည် အခြားသောမိန်းမတို့နှင့်တကွ မိမိတို့ ပြင်ဆင်သောနံ့သာမျိုးကို ဆောင်လျက် သင်္ချိုင်းတော်သို့ သွားကြ၏။- 2ရောက်သောအခါ တွင်းဝ၌ ပိတ်သောကျောက်သည် လိမ့်လှန်လျက်ရှိသည်ကို တွေ့မြင်၍ အတွင်းသို့ဝင်သော်၊- 3သခင်ယေရှု၏အလောင်းတော်ကို မတွေ့ကြ။- 4ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက်ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ၏။- 5ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့် ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း။- 6ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။- 7လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု ဂါလိလဲပြည်၌ရှိတော်မူစဉ် သင်တို့အား မိန့်တော်မူသောစကားကို အောက်မေ့ကြဦးဟု ဆိုကြသည်ရှိသော်၊-#မ၊ ၁၆:၂၁၊ ၁၇:၂၂-၂၃၊ ၂၀:၁၈-၁၉။ မာ၊ ၈:၃၁၊ ၉:၃၁၊ ၁၀:၃၃-၃၄။ လု၊ ၉:၂၂၊ ၁၈:၃၁-၃၃။ 8ထိုမိန်းမတို့သည် စကားတော်ကို သတိရ၍၊- 9သင်္ချိုင်းတော်က ပြန်လျှင် ထိုအကြောင်းအရာအလုံးစုံတို့ကို တစ်ကျိပ်တစ်ပါးသောသူမှစ၍ ကြွင်းသော တပည့်တော်အပေါင်းတို့အား ပြန်ကြားကြ၏။
10ထိုအကြောင်းအရာကို တမန်တော်တို့အား ပြောသောသူကား၊ မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်၏ အမိဖြစ်သောမာရိမှစ၍ အခြားသောမိန်းမများ ဖြစ်သတည်း။- 11သူတို့၏စကားကို ဒဏ္ဍာရီစကားကဲ့သို့ ထင်မှတ်၍ တမန်တော်တို့သည် မယုံကြ။- 12သို့သော်လည်း ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍ ပိတ်ပုဆိုးသာရှိရစ်သည်ကို မြင်လျှင်၊ ထိုအကြောင်းအရာကို အံ့ဩ၍ မိမိအိမ်သို့ ပြန်သွား၏။
ဧမောက်ရွာသို့သွားခြင်း
(မာ၊ ၁၆:၁၂-၁၃)
13ထိုမှတစ်ပါး၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသော ဧမောက်အမည်ရှိသောရွာသို့ ထိုနေ့၌ သွားကြစဉ်တွင်၊- 14ဖြစ်ခဲ့ပြီးသော အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- 15ထိုသို့ ဆွေးနွေးပြောဆိုကြစဉ်တွင်၊ ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့်အတူ ကြွတော်မူ၏။- 16ထိုသူတို့သည် မျက်စိချုပ်လျက်ရှိ၍၊ ကိုယ်တော်ဖြစ်သည်ကို မသိကြ။- 17ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွားလျက် အချင်းချင်း ဆွေးနွေးသောစကားကား၊ အဘယ်သို့သောစကားနည်း။ အဘယ်ကြောင့် မျက်နှာညှိုးငယ်ကြသနည်းဟု မေးတော်မူလျှင်၊- 18သူတို့တွင် ကလောဖအမည်ရှိသောသူက၊ သင်သည် ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ ယခုအခါ ထိုမြို့၌ ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့ကို မသိသလောဟု ပြောဆို၏။- 19ကိုယ်တော်ကလည်း၊ အဘယ်အကြောင်းအရာနည်းဟု မေးတော်မူလျှင်၊ ထိုသူတို့က၊ နာဇရက်မြို့သားယေရှု၏ အကြောင်းအရာပေတည်း။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသော ပရောဖက်ဖြစ်၏။- 20ထိုသူကို ယဇ်ပုရောဟိတ်အကြီးနှင့် ငါတို့မင်းများသည် အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံ၍ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ။- 21ထိုသူသည် ဣသရေလအမျိုးကို ရွေးနုတ်အံ့သောသူ ဖြစ်သည်ဟု ငါတို့သည် အထက်ကမျှော်လင့်ကြပြီ။ ထိုမျှမက ဤအကြောင်းအရာဖြစ်၍ ယခုသုံးရက်ရှိပြီ။- 22ငါတို့၏အပေါင်းအဖော် မိန်းမအချို့တို့သည်လည်း သင်္ချိုင်းတော်သို့ စောစောသွား၍၊- 23အလောင်းတော်ကို မတွေ့လျှင်၊ သခင်ယေရှုသည် အသက်ရှင်တော်မူသည်ဟု ပြောသော ကောင်းကင်တမန် ထင်ရှားရာ ရူပါရုံကို မိမိတို့မြင်ကြောင်းကို ပြန်လာ၍ ပြောဆိုသဖြင့်၊ ငါတို့သည် မိန်းမောတွေဝေခြင်း ရှိကြ၏။- 24ထိုအခါ ငါတို့တွင် အချို့သောသူတို့သည် သင်္ချိုင်းတော်သို့သွား၍ မိန်းမတို့ပြောဆိုသည်အတိုင်း တွေ့သော်လည်း၊ ကိုယ်တော်ကို မမြင်ရဟု ပြောဆိုကြ၏။
25ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊- 26ခရစ်တော်သည် ဤသို့ပင် အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ၏။- 27ထိုအခါ မောရှေ၏ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဖော်ပြတော်မူ၏။- 28ထိုတပည့်တော်တို့သည် သွားသောရွာအနီးသို့ ရောက်သောအခါ၊ ကိုယ်တော်သည် ထိုရွာကိုလွန်၍ သွားအံ့သော အခြင်းအရာကို ပြတော်မူလျှင်၊- 29ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူဝင်၍ နေပါ။ ညဉ့်ဦးယံအချိန် ရှိပြီ။ မိုးလည်းချုပ်ပါသည်ဟူ၍ ကိုယ်တော်ကို ကျပ်ကျပ်သွေးဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှာ ဝင်တော်မူ၏။- 30စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်တွင်၊- 31သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၏။- 32တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည် မဟုတ်လောဟု အချင်းချင်း ပြောဆိုကြ၏။
33ထိုတပည့်တော်နှစ်ယောက်တို့သည် ချက်ချင်းထ၍ ယေရုရှလင်မြို့သို့ ပြန်ပြီးမှ၊ တစ်ကျိပ်တစ်ပါးသောသူတို့သည် အပေါင်းအဖော်တို့နှင့်အတူ စုဝေးလျက်ရှိသည်ကို တွေ့ကြ၏။- 34စုဝေးသောသူတို့ကလည်း၊ သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ။ ရှိမုန်အား ကိုယ်ကိုပြတော်မူပြီဟု ပြောဆိုလျှင်၊- 35ထိုတပည့်တော်နှစ်ယောက်တို့သည် လမ်း၌ ဖြစ်သော အကြောင်းအရာကိုလည်းကောင်း၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူကြောင်းကိုလည်းကောင်း၊ ပြန်ကြားကြ၏။
တပည့်တော်ထံကိုယ်ထင်ပြခြင်း
(မ၊ ၂၈:၁၆-၂၀။ မာ၊ ၁၆:၁၄-၁၈။ ယော၊ ၂၀:၁၉-၂၃။ တ၊ ၁:၆-၈)
36ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်း ဟုမိန့်တော်မူ၏။- 37တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့်ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။- 38ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် တုန်လှုပ်ခြင်းရှိကြသနည်း။ အဘယ်ကြောင့် အထူးထူးအထွေထွေသောစိတ် ရှိကြသနည်း။- 39ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ်ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုးအသားနှင့် ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက်၊- 40လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ 41ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲနေသေးသောအခါ၊ သင်တို့၌ စားစရာ တစ်စုံတစ်ခုရှိသလောဟု မေးတော်မူလျှင်၊- 42ငါးကင်တစ်ပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။- 43ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။
44တစ်ဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။- 45ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှာ တပည့်တော်တို့၏ ဉာဏ်ကို ဖွင့်တော်မူလျှင်၊- 46ဤသို့ ကျမ်းစာလာ၏။ ဤသို့ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရမည်။- 47ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။- 48သင်တို့သည်လည်း ဤအကြောင်းအရာတို့၏ သက်သေဖြစ်ကြ၏။- 49ငါ့ခမည်းတော်၏ ကတိရှိသည်အတိုင်း သင်တို့၌ ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်ကတန်ခိုးကို မခံမီတိုင်အောင် ယေရုရှလင်မြို့၌ နေကြဦးလော့ဟု မိန့်တော်မူ၏။#တ၊ ၁:၄။
ကောင်းကင်ဘုံသို့တက်ကြွခြင်း
(မာ၊ ၁၆:၁၉-၂၀။ တ၊ ၁:၉-၁၁)
50ထိုနောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင်၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ၊ လက်တော်ကိုချီ၍ ကောင်းကြီးပေးတော်မူ၏။-#တ၊ ၁:၉-၁၁။ 51ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင်၊ တပည့်တော်တို့နှင့်ခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။ 52တပည့်တော်တို့သည် ကိုယ်တော်ကို ပျပ်ဝပ်ကိုးကွယ်ပြီးမှ အလွန် ဝမ်းမြောက်ဝမ်းသာခြင်းနှင့် ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။- 53ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ဗိမာန်တော်သို့ ရောက်မြဲရောက်ကြ၏။
ရှင်လုကာခရစ်ဝင်ပြီး၏။
လက္ရွိေရြးခ်ယ္ထားမွု
ရှင်လုကာ 24: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.