ဆာလံကျမ်း 72
72
ရှင်ဘုရင်အတွက် ဆုတောင်းခြင်း
ရှောလမုန်၏ဆာလံ
1အို ဘုရားသခင်၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို ရှင်ဘုရင်အားလည်းကောင်း၊
ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရှင်ဘုရင်၏သားတော်အားလည်းကောင်း ပေးတော်မူပါ။
2ထိုမင်းသည် ကိုယ်တော်၏လူမျိုးတော်ကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊
အဖိနှိပ်ခံရသော ကိုယ်တော်၏လူတို့ကို တရားမျှတခြင်းဖြင့်လည်းကောင်း စစ်ကြောစီရင်ပါစေသော။
3တောင်များသည်ငြိမ်းချမ်းခြင်းကိုလည်းကောင်း၊
တောင်ကုန်းများသည် ဖြောင့်မတ်ခြင်းကိုလည်းကောင်း လူမျိုးတော်ထံသို့ ယူဆောင်လာကြပါစေသော။
4သူသည် လူမျိုးတော်ထဲမှ အဖိနှိပ်ခံရသောသူတို့အတွက် တရားစီရင်ပေး၍
နွမ်းပါးသောသူ၏သားသမီးများကို ကယ်တင်လျက် နှိပ်စက်သောသူတို့ကို နှိမ်နင်းပါစေသော။
5နေနှင့်လတည်နေသရွေ့ လူတို့သည်
ကိုယ်တော်ကို မျိုးဆက်အစဉ်အဆက်ကြောက်ရွံ့ကြပါစေသော။
6ထိုမင်းသည် ရိတ်ထားသောမြက်ခင်းပေါ်တွင် ရွာသွန်းသည့် မိုးကဲ့သို့လည်းကောင်း၊
မြေကြီးကိုစိုစွတ်စေသည့် မိုးစက်မိုးပေါက်ကဲ့သို့လည်းကောင်း ဖြစ်ပါစေသော။
7သူ၏လက်ထက်၌ ဖြောင့်မတ်သောသူသည် ကြီးပွား၍
လကွယ်ပျောက်သွားသည်အထိ ငြိမ်းချမ်းမှုအပြည့်ရှိပါစေသော။
8သူသည် ပင်လယ်တစ်ခုမှ အခြားပင်လယ်တစ်ခုတိုင်အောင်လည်းကောင်း၊
မြစ်တစ်စင်းမှ ကမ္ဘာမြေအစွန်းတိုင်အောင်လည်းကောင်း အုပ်စိုးပါစေသော။
9ကန္တာရ၌နေထိုင်သောလူမျိုးတို့သည် သူ့ရှေ့၌ညွတ်တွား၍
သူ၏ရန်သူတို့သည် မြေမှုန့်ကိုလျက်ကြရပါစေသော။
10တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည်
လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။
ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
11ထိုမျှမက ဘုရင်အပေါင်းတို့သည် သူ၏ရှေ့၌ပျပ်ဝပ်ကြပါစေသော။
လူမျိုးအပေါင်းတို့သည်လည်း သူ့ကိုအစေခံကြပါစေသော။
12အကြောင်းမူကား သူသည် အကူအညီအော်ဟစ်တောင်းခံသည့် နွမ်းပါးသောသူကိုလည်းကောင်း၊
ကူညီမစမည့်သူမရှိသည့် အဖိနှိပ်ခံရသောသူကိုလည်းကောင်း ကယ်နုတ်တော်မူလိမ့်မည်။
13သူသည် ဆင်းရဲသောသူနှင့် နွမ်းပါးသောသူကို သနား၍
နွမ်းပါးသောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။
14သူသည် သူတို့၏အသက်ကို ဖိနှိပ်ခြယ်လှယ်ခြင်းနှင့်
ရက်စက်ကြမ်းကြုတ်ခြင်းတို့ထဲမှ ရွေးနုတ်တော်မူလိမ့်မည်။
အကြောင်းမူကား သူ့အဖို့ သူတို့၏သွေးသည် တန်ဖိုးကြီးလှ၏။
15သူသည် သက်တော်ရှည်ပါစေသော။ လူတို့သည် ရှေဘရွှေကို သူ့အားဆက်သ၍
သူ့အတွက် အစဉ်မပြတ်ဆုတောင်းပေးကာ သူ့ကိုတစ်နေ့လုံးကောင်းချီးပေးကြပါစေသော။
16ပြည်တော်၌ များစွာသောဂျုံစပါးရှိ၍ တောင်များပေါ်၌ယိမ်းနွဲ့လျက်ရှိကြပါစေသော။
၎င်း၏အသီးအနှံတို့သည် လက်ဘနွန်ကဲ့သို့ ဖြစ်ကြပါစေသော။
လူတို့သည် တော၌ရှိသောမြက်ပင်များကဲ့သို့ မြို့ရွာတွင် ရှင်သန်ကြပါစေသော။
17သူ၏နာမသည် အစဉ်အမြဲတည်ပါစေသော။
နေသည်တည်နေသရွေ့ သူ၏နာမသည် ဆက်၍တည်ပါစေသော။
လူတို့သည် သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံစားရ၍
လူမျိုးအပေါင်းတို့သည် သူ့ကိုမင်္ဂလာရှိသူဟု ခေါ်ကြပါစေသော။
18အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာပြုတော်မူသော အစ္စရေးလူမျိုးတို့၏ဘုရားသခင်တည်းဟူသော
ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။
19ကိုယ်တော်၏ဘုန်းကြီးသောနာမတော်သည် အစဉ်အမြဲမင်္ဂလာရှိတော်မူပါစေသော။
ကမ္ဘာမြေတစ်ခွင်လုံးသည် ကိုယ်တော်၏ဘုန်းအသရေတော်နှင့်ပြည့်ပါစေသော။ အာမင်နှင့်အာမင်။
20ယေရှဲ၏သားဒါဝိဒ်၏ဆုတောင်းချက်များပြီးဆုံး၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 72: MSBZ
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy-MM.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative