YouVersion လိုဂို
ရှာရန် အိုင်ကွန်

နာဟုံအနာဂတ္တိကျမ်း 1

1
1နိနေဝေ​မြို့​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​၊ ဧလကောရှ​ရွာသား​နာဟုံ​ခံရ​သော​ဗျာဒိတ်နိမိတ်​ဆိုင်ရာ​မှတ်တမ်း​ကား ဤသို့​တည်း​။
ဘုရားသခင်၏လက်တုံ့ပြန်ခြင်း
2ထာဝရဘုရား​သည် သဝန်တို​သော​ဘုရား​၊ လက်တုံ့ပြန်​သော​ဘုရား ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် လက်တုံ့ပြန်​၏​။ အမျက်​တော်​လည်း ပြင်းထန်​၏​။ ထာဝရဘုရား​သည် ရန်သူ​တို့​ကို လက်တုံ့ပြန်​၏​။ ရန်သူ​တို့​အတွက် အမျက်​တော်​သို​ထား​တော်မူ​၏​။ 3ထာဝရဘုရား​သည် စိတ်ရှည်​သော​ဘုရား​၊ တန်ခိုးကြီး​သော​ဘုရား​၊ အပြစ်​ရှိ​သူ​ကို အပြစ်ဒဏ်​မ​ခတ်​ဘဲ​မ​နေ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် လေပွေ​နှင့် မိုးသက်မုန်တိုင်း​အလယ်​တွင် ကြွမြန်း​တော်မူ​၏​။ မိုးတိမ်​တို့​သည် ခြေ​တော်​အောက်​၌ မြေမှုန့်​ကဲ့သို့​ဖြစ်​၏​။ 4ပင်လယ်​ကို ဆုံးမ​ပြီး ခြောက်သွေ့​စေ​တော်မူ​၏​။ ရှိသမျှ​သော​မြစ်​တို့​ကို​လည်း ခန်းခြောက်​စေ​တော်မူ​၏​။ ဗာရှန်​ပြည်​နှင့် ကရမေလ​တောင်​တို့​သည် ခြောက်သွေ့​၍ လက်ဘနွန်​တောင်​ရှိ​ပန်း​များ​လည်း ညှိုးနွမ်း​ကြ​ပါ​၏​။ 5တောင်​များ​သည် ကိုယ်တော့်​ရှေ့​တွင် တုန်ခါ​၍ တောင်ကုန်း​များ အရည်ပျော်​ကုန်​၏​။ မြေကြီး​သည် ကိုယ်တော့်​ရှေ့​တွင် တုန်လှုပ်​၍ ကမ္ဘာကြီး​နှင့် မြေကြီးသား​အပေါင်း​တို့​သည်​လည်း တုန်လှုပ်​ကြ​ပါ​၏​။ 6ကိုယ်တော်​၏​အမျက်​တော်​ရှေ့​၌ မည်သူ​ရပ်​နိုင်​မည်နည်း​။ ကိုယ်တော်​၏​ပြင်းစွာ​သော​အမျက်​တော်​ကို မည်သူ​ကြံ့ကြံ့​ခံနိုင်​မည်နည်း​။ အမျက်​တော်​ကို မီး​ကဲ့သို့​သွန်ချ​တော်မူ​လျှင် ရှေ့​တော်​၌ ကျောက်ဆောင်​များ ပြိုကျ​ကုန်​ပါ​၏​။
နိနေဝေမြို့ပျက်စီးခြင်း
7ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၏​။ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ မှီခို​ရာ​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၌ ခိုလှုံ​သော​သူ​တို့​ကို စောင်မ​တော်မူ​၏​။ 8သို့သော် နိနေဝေ​မြို့​ကို ရေလွှမ်းမိုး​သုတ်သင်ဖျက်ဆီး​တော်မူ​မည်​။ မိမိ​ရန်သူ​တို့​၏​နောက်​သို့ အမှောင်ထု​ကြီး​လိုက်​စေ​မည်​။ 9ထာဝရဘုရား​ကို​ဆန့်ကျင်​၍ မည်သည့်​အကြံ​ကို သင်​တို့​ကြံစည်​နေ​ကြ​သနည်း​။ ကိုယ်တော်​သည် အဆုံးသတ်​စေ​ပြီ​။ ဆင်းရဲဒုက္ခ​ကို ဒုတိယအကြိမ် ရောက်လာ​စေ​မည်​မ​ဟုတ်​။ 10သူ​တို့​သည် ဆူးချုံ​ကဲ့သို့ ရစ်ပတ်​ရှုပ်ထွေး​လျက်​၊ စပျစ်ဝိုင်​ကို​သောက်စား​မူးယစ်​လျက်​နေစဉ် ခြောက်သွေ့​သော​ရိုးပြတ်​ကဲ့သို့ မီး​လောင်ကျွမ်း​ခြင်း​ခံရ​လိမ့်မည်​။ 11ထာဝရဘုရား​ကို ဆန့်ကျင်​ကြံစည်​သူ​၊ ဆိုးဝါး​ယုတ်ညံ့​သော​အကြံ​ကို ပေး​သူ​တစ်ဦး သင့်​အထဲ​မှ ပေါ်လာ​လိမ့်မည်​။
ယုဒကို ကယ်တင်မည်ဟု ကတိတော်ထား
12ထာဝရဘုရား​က “​သူ​တို့​သည် လူ​အရေအတွက်​များ​ပြီး အင်အားတောင့်​သော်လည်း အမြစ်ဖြတ်​ချေမှုန်း​ခြင်း ခံရ​မည်​။ သင့်​ကို​မူကား ငါ​ဒဏ်ခတ်​ခဲ့​သော်လည်း နောက်တစ်ဖန် ဒဏ်ခတ်​တော့​မည်​မ​ဟုတ်​။ 13သင့်​အပေါ်​တင်​ထား​သော သူ​၏​ထမ်းပိုး​ကို ငါ​ချိုး​ပစ်​မည်​။ သင့်​ကို ချည်နှောင်​ထား​သော​ကြိုး​များ​ကို ငါ​ဖြတ်ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။
အဆီးရီးယားဘုရင်အနိစ္စရောက်ခြင်း
14ယခုမူ သင်​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​သင့်​အမည်​သည် ဆက်လက်​တည်တံ့​တော့​မည်​မ​ဟုတ်​။ သင့်​ဘုရား​ဝတ်ကျောင်း​ရှိ သွန်းလုပ်​ထား​သော​ရုပ်တုဆင်းတု​များ​ကို ငါ​ဖျက်ဆီး​ပစ်​မည်​။ သင်​သည် ဆိုးယုတ်​သောကြောင့် သင့်​အဖို့ သင်္ချိုင်း​ကို ငါ​စီရင်​မည်”​ဟု မိန့်​တော်မူ​၏​။ 15ကြည့်ရှု​လော့​။ ကောင်းမြတ်​သော​သတင်း​ကို ယူဆောင်​လာ​သူ​၊ ငြိမ်သက်​ခြင်း​သတင်း​ကြားပြော​သူ​၏​ခြေ​တို့​ကို တောင်​များ​ပေါ်တွင် တွေ့​ရ​၏​။#ဟေရှာ 52:7၊ ရော 10:15။ အို ယုဒ​၊ ပွဲတော်​များ​ကို ကျင်းပ​လော့​။ ကတိသစ္စာဝတ်​ကို ဖြေ​လော့​။ ဆိုးညစ်​သော​သူ​ကို သုတ်သင်​ပစ်​ပြီ​ဖြစ်၍ သင့်​ထံ ဝင်ရောက်ကျူးကျော်​နိုင်​တော့​မည်​မ​ဟုတ်​။

လက်ရှိရွေးချယ်ထားမှု

နာဟုံအနာဂတ္တိကျမ်း 1: MSBZ

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ