YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 7

7
အာဣမြို့ကို ရှုံးနိမ့်ခြင်း
1ယုဒ​အမျိုးအနွယ်​ထဲမှ ဇေရ​၏​မြစ်​၊ ဇာဗဒိ​၏​မြေး​၊ ကာမိ​၏​သား အာခန်​သည် ကျိန်​ခြင်း​ခံရ​သော​အရာ​ကို​ယူ​ခြင်း​ဖြင့် အစ္စရေး​လူမျိုး​တို့​ကို အပြစ်ကျူးလွန်​ရာ​ရောက်​စေ​၏​။ သို့ဖြစ်၍ ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​ကို အမျက်ထွက်​တော်မူ​၏​။
2ယောရှု​သည် ဂျေရိခေါ​မြို့​မှ ဗေသလ​မြို့​အရှေ့ဘက်​၊ ဗေသဝင်​မြို့​အနီး​ရှိ အာဣ​မြို့​သို့ လူ​လွှတ်​၍ “​ထို​အရပ်​သို့​သွား​ပြီး စူးစမ်း​ကြ​လော့​”​ဟု မှာလိုက်​လေ​၏​။ သူ​တို့​သည်​လည်း သွား​၍ အာဣ​မြို့​ကို စူးစမ်း​ကြ​၏​။
3ထို​သူ​တို့​သည် ယောရှု​ထံ​ပြန်လာ​၍ “​အာဣ​မြို့​သို့ လူ​အားလုံး ချီတက်​သွား​ရန်​မ​လို​ပါ​။ လူ​နှစ်ထောင်​၊ သုံး​ထောင်​ခန့်​ဖြင့်​တိုက်​လျှင် အောင်နိုင်​ပါ​သည်​။ လူ​အားလုံး​ကို မ​ပင်ပန်း​စေ​ပါ​နှင့်​။ ထို​မြို့သား​တို့​သည် လူ​နည်းစု​သာ​ဖြစ်​ပါ​သည်​”​ဟု ဆို​ကြ​၏​။ 4ထို့ကြောင့် လူ​များ​ထဲမှ သုံး​ထောင်​ခန့်​သာ ထို​အရပ်​ကို သွားတိုက်​ကြ​၏​။ သို့ရာတွင် သူ​တို့​သည် အာဣ​မြို့သား​တို့​ထံ​မှ ထွက်ပြေး​ကြ​ရ​၏​။ 5အာဣ​မြို့သား​တို့​သည် မြို့​တံခါး​မှ ရှေဗရိမ်​အရပ်​အထိ သူ​တို့​နောက်​သို့​လိုက်​၍ တောင်စောင်း​၌ လူ​သုံးဆယ့်​ခြောက်​ယောက်​ကို တိုက်ခိုက်​သတ်ဖြတ်​လေ​၏​။ ထို့ကြောင့် လူ​တို့​သည် စိတ်ပျက်အားလျော့​ကုန်​လေ​၏#7:5 တိုက်ရိုက်ပြန်ဆိုလျှင် “လူတို့၏စိတ်သည်အရည်ပျော်ပြီး ရေကဲ့သို့ဖြစ်သွား၏”။။
6ထိုအခါ ယောရှု​သည် မိမိ​အဝတ်​ကို​ဆုတ်​၍ အစ္စရေး​သက်ကြီးဝါကြီး​တို့​နှင့်တကွ နေဝင်ချိန်​တိုင်အောင် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​၊ မြေ​ပေါ်မှာ​ပျပ်ဝပ်​လျက်​၊ ခေါင်း​ပေါ်၌ မြေမှုန့်​ကို​တင်​လျက်​နေ​ကြ​၏​။ 7ယောရှု​က “​အို အကျွန်ုပ်​၏​ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ဤ​လူမျိုး​တို့​အား ဂျော်ဒန်​မြစ်​ကို​ဖြတ်ကူး​စေ​ပြီး အာမောရိ​လူမျိုး​တို့​လက်​သို့​အပ်​၍ ဖျက်ဆီး​စေရန် အဘယ်ကြောင့် ဆောင်​ခဲ့​သနည်း​။ အကျွန်ုပ်​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၌ နေ​ခဲ့​သင့်​၏​။ 8အို အကျွန်ုပ်​ဘုရားရှင်​၊ အစ္စရေး​လူမျိုး​တို့​သည် ရန်သူ​တို့​ရှေ့​မှ လှည့်ပြေး​ခဲ့​ရ​ပြီ​ဖြစ်၍ အကျွန်ုပ် မည်သို့​လျှောက်ဆို​နိုင်​ဦး​မည်နည်း​။ 9ခါနာန်​လူမျိုး​နှင့် ခါနာန်​ပြည်သား​အပေါင်း​တို့​ကြား​လျှင် သူ​တို့​သည် အကျွန်ုပ်​တို့​ကို​ဝိုင်းရံ​ထား​ပြီး အကျွန်ုပ်​တို့​၏​အမည်​ကို မြေကြီး​ပေါ်မှ​ပယ်ဖျက်​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​ကြီးမြတ်​သော​နာမ​တော်​အဖို့ မည်သို့​ပြု​တော်မူ​မည်နည်း​”​ဟု လျှောက်ဆို​လေ​၏​။
10ထိုအခါ ထာဝရဘုရား​က ယောရှု​အား “​ထ​လော့​။ အဘယ်ကြောင့် ဤသို့​ပျပ်ဝပ်​လျက်​နေ​ရ​သနည်း​။ 11အစ္စရေး​လူမျိုး​တို့ အပြစ်ပြု​ကြ​ပြီ​။ သူ​တို့​အား ငါ​ပညတ်​ထား​သည့် ပဋိညာဉ်​ကို ချိုးဖောက်​ကြ​ပြီ​။ သူ​တို့​သည် ကျိန်​ခြင်း​ခံရ​သော​အရာ​ကို ယူ​ကြ​ပြီ​။ ထို​အရာ​တို့​ကို ခိုးယူ​ပြီး လိမ်ညာ​ကြ​၏​။ မိမိ​တို့​ပစ္စည်း​တို့​နှင့်အတူ ရော​ထား​ကြ​ပြီ​။ 12အစ္စရေး​အမျိုးသား​တို့​သည် ကျိန်​ခြင်း​ခံရ​သော​သူ​များ​ဖြစ်သွား​သောကြောင့် ရန်သူ​တို့​ကို မ​ရင်ဆိုင်​နိုင်​ကြ​။ သူ​တို့​သည် ရန်သူ​တို့​ရှေ့​မှ လှည့်ပြေး​ခဲ့​ရ​၏​။ ကျိန်​ခြင်း​ခံရ​သော​အရာ​ကို သင်​တို့​ထံမှ​မ​ဖယ်ရှား​လျှင် ငါ​သည် သင်​တို့​နှင့်အတူ နေ​တော့​မည်​မ​ဟုတ်​။
13ထ​လော့​။ လူ​တို့​ကို သန့်ရှင်း​စေ​လော့​။ သူ​တို့​အား ‘​မနက်ဖြန်​အတွက် ကိုယ့်ကိုယ်ကိုယ်​သန့်ရှင်း​စေ​ကြ​လော့​။ အကြောင်းမူကား အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က “​အို အစ္စရေး​လူမျိုး​တို့​၊ သင်​တို့​အလယ်​၌ ကျိန်​ခြင်း​ခံရ​သော​အရာ​ရှိ​၏​။ ထို​ကျိန်​ခြင်း​ခံရ​သော​အရာ​ကို သင်​တို့​ထဲ​မှ​မ​ဖယ်ရှား​မ​ချင်း သင်​တို့​သည် ရန်သူ​တို့​ကို ရင်ဆိုင်​နိုင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။ 14မနက်ဖြန်​နံနက်​၌ သင်​တို့​အမျိုးအနွယ်​အလိုက် ချဉ်းကပ်​ရ​မည်​။ ထာဝရဘုရား​ရွေးထုတ်​သော​အမျိုးအနွယ်​သည် မျိုးနွယ်စု​အလိုက် ချဉ်းကပ်​ရ​မည်​။ ထာဝရဘုရား​ရွေးထုတ်​သော​မျိုးနွယ်စု​သည် အိမ်ထောင်စု​အလိုက် ချဉ်းကပ်​ရ​မည်​။ ထာဝရဘုရား​ရွေးထုတ်​သော​အိမ်ထောင်စု​သည် တစ်ယောက်ချင်းစီ ချဉ်းကပ်​ရ​မည်​။ 15ကျိန်​ခြင်း​ခံရ​သော​အရာ​ပါ​လျက် ရွေးထုတ်​ခံရ​သော​သူ​သည် သူ​နှင့်အတူ​သူ​ပိုင်ဆိုင်​သမျှ​တို့​ကို မီးရှို့​ပစ်​ရ​မည်​။ အကြောင်းမူကား သူ​သည် ထာဝရဘုရား​နှင့်​ပြု​ထား​သော​ပဋိညာဉ်​ကို ချိုးဖောက်​၍ အစ္စရေး​လူမျိုး​၌ ယုတ်ညံ့​သော​အမှု​ကို ပြု​သောကြောင့်​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။
အာခန်ကို စီရင်ခြင်း
16ယောရှု​သည်​လည်း နံနက်​စောစောထ​၍ အစ္စရေး​လူမျိုး​တို့​ကို အမျိုးအနွယ်​အလိုက် ချဉ်းကပ်​စေ​ရာ ယုဒ​အမျိုးအနွယ်​သည် ရွေးထုတ်​ခံရ​၏​။ 17ယုဒ​အမျိုးအနွယ်​ကို ချဉ်းကပ်​စေ​ရာ ဇေရ​မျိုးနွယ်စု​သည် ရွေးထုတ်​ခံရ​၏​။ ဇေရ​မျိုးနွယ်စု​ကို အိမ်ထောင်စု​အလိုက် ချဉ်းကပ်​စေ​ရာ ဇာဗဒိ​အိမ်ထောင်စု ရွေးထုတ်​ခံရ​၏​။ 18ဇာဗဒိ​အိမ်ထောင်စု​ကို တစ်ယောက်ချင်းစီ ချဉ်းကပ်​စေ​ရာ ယုဒ​အမျိုးအနွယ်​ထဲမှ ဇေရ​၏​မြစ်​၊ ဇာဗဒိ​၏​မြေး​၊ ကာမိ​၏​သား အာခန်​သည် ရွေးထုတ်​ခံရ​၏​။
19ထိုအခါ ယောရှု​က အာခန်​အား “​ငါ့​သား​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဂုဏ်တော်​ကို​ချီးမွမ်း​လော့​။ ကျေးဇူးတော်​ကို ချီးမွမ်း​လော့#7:19 သို့မဟုတ် “အပြစ်ကို ဝန်ချတောင်းပန်လော့”။။ သင်​ပြု​သော​အမှု​ကို ငါ့​အား ယခု​ပြော​ပါ​လော့​။ ဘာမျှ ဖုံးကွယ်​မ​ထား​နှင့်​”​ဟု ဆို​၏​။
20ထိုအခါ အာခန်​က ယောရှု​အား “​အကျွန်ုပ်​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို အမှန်တကယ်​ပြစ်မှား​မိ​ခဲ့​ပါ​၏​။ အကျွန်ုပ် ဤသို့​ပြု​မိ​ခဲ့​ပါ​၏​။ 21အကျွန်ုပ်​သည် တိုက်ယူ​သော​ပစ္စည်း​ထဲ၌ လှပ​သော​ရှိနာ​ပြည်သား​ဝတ်လုံ​တစ်​ထည်​၊ ငွေ​ရှယ်ကယ်​နှစ်ရာ​နှင့် အလေးချိန်​ရှယ်ကယ်​ငါးဆယ်#7:21 “37.5 ကျပ်သား သို့မဟုတ် 575 ဂရမ်”။ရှိ​သော​ရွှေချောင်း​တစ်​ချောင်း​ကို တွေ့​သောအခါ တပ်မက်​စိတ်​ဝင်​၍ ယူ​မိ​ပါ​ပြီ​။ အကျွန်ုပ်​၏​တဲ​အတွင်း မြေ​အောက်​၌​ဝှက်ထား​လျက်​ရှိ​ပါ​၏​။ ငွေ​သည် အောက်ဆုံး​၌ ရှိ​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။ 22ယောရှု​သည် လူ​တို့​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် တဲ​သို့​အပြေးသွား​ကြ​၏​။ ထို​ပစ္စည်း​တို့​သည် အာခန်​၏​တဲ​အတွင်း​၌ ဝှက်​ထား​လျက် ငွေ​သည် အောက်ဆုံး​၌​ရှိ​သည်​ကို တွေ့​ရ​၏​။ 23သူ​တို့​သည် တဲ​ထဲ​မှ​ထို​ပစ္စည်း​တို့​ကို​ယူ​၍ ယောရှု​နှင့်​အစ္စရေး​အမျိုးသား​အပေါင်း​တို့​ထံသို့​ယူဆောင်​လာ​ပြီး ထာဝရဘုရား​ရှေ့​တော်​၌ ချထား​ကြ​၏​။
24ထိုအခါ ယောရှု​နှင့်​အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ဇေရ​အမျိုးသား​အာခန်​ကို သူ​ယူ​ခဲ့​သော ငွေ​၊ ဝတ်လုံ​၊ ရွှေချောင်း​နှင့်တကွ သူ​၏​သား​သမီး​၊ နွား​၊ မြည်း​၊ သိုး​၊ တဲ စသည့် သူ​ပိုင်ဆိုင်​သမျှ​တို့​ကို အာခေါ်​ချိုင့်ဝှမ်း​သို့ ထုတ်ဆောင်​သွား​ကြ​၏​။ 25ယောရှု​က “​သင်​သည် ငါ​တို့​ကို အဘယ်ကြောင့်​ဒုက္ခပေး​သနည်း​။ ယခု ထာဝရဘုရား​သည် သင့်​ကို​ပြန်​၍​ဒုက္ခပေး​တော်မူ​မည်​”​ဟု ဆို​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​က​လည်း သူ့​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​ကြ​လေ​၏​။ ဤသို့ဖြင့် သူ​တို့​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​ပြီးနောက် မီးရှို့​ပစ်​ကြ​၏​။ 26ထို့နောက် သူ့​အပေါ် ကျောက်ပုံ​ကြီး​ကို ပုံ​ထား​၏​။ ထို​ကျောက်ပုံ​သည် ယနေ့​တိုင်အောင်​ရှိ​၏​။ ထိုအခါ ထာဝရဘုရား​သည် အမျက်​ပြင်းစွာ​ထွက်​ရာ​မှ ပြေ​လေ​၏​။ ထို့ကြောင့် ထို​အရပ်​၏​အမည်​ကို ယနေ့​တိုင်အောင် အာခေါ်#7:26 “ဒုက္ခ”ဟူသောအဓိပ္ပာယ်ရှိ၏။ချိုင့်ဝှမ်း​ဟု​မှည့်ခေါ်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောရှုမှတ်စာ 7: MSBZ

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ