YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 13

13
1စင်စစ် ဤ​အရာ​အားလုံး​ကို ငါ့​မျက်စိ​ဖြင့်​မြင်​ရ​ပြီ​၊ ငါ့​နား​ဖြင့်​ကြား​ရ​၍ နားလည်​ပြီ​။ 2သင်​တို့​သိ​သကဲ့သို့ ငါ​လည်း သိ​ပါ​၏​။ သင်​တို့​ထက် ငါ​ညံ့ဖျင်း​သည်​မ​ဟုတ်​။ 3ငါ​မူကား အနန္တတန်ခိုးရှင်​ကို​သာ လျှောက်တင်​လို​ပါ​၏​။ ဘုရားသခင်​ထံသို့​သာ လျှောက်လဲ​လို​ပါ​၏​။ 4သင်​တို့​သည် မုသား​ကို ဖုံးကွယ်​ထား​သော​သူ​များ​၊ သင်​တို့​အားလုံး​သည် အသုံးမဝင်​သော​သမားတော်​များ ဖြစ်​ကြ​၏​။ 5သင်​တို့​နှုတ်ဆိတ်​နေ​ကြ​လော့​။ နှုတ်ဆိတ်​နေ​ခြင်း​ကသာ သင်​တို့​ကို ပညာ​ရှိ​ရာ​ရောက်​စေ​လိမ့်မည်​။ 6ယခု ငါ​ပြန်ပြော​သော​စကား​ကို နားထောင်​ကြ​လော့​။ ငါ့​နှုတ်​ဖြင့် လျှောက်လဲ​သော​စကား​များ​ကို အာရုံစိုက်​ကြ​လော့​။ 7သင်​တို့​သည် ဘုရားသခင်​ဘက်​မှ​နေ​၍ ကောက်ကျစ်​သော​စကား​၊ လိမ်လည်လှည့်စား​သော​စကား​တို့​ကို ပြောဆို​ကြ​မည်လော​။ 8သင်​တို့​သည် ကိုယ်တော့်​ဘက်မှာ​နေ​ကြ​မည်လော​။ ဘုရားသခင်​အတွက် လျှောက်လဲ​ပေး​ကြ​မည်လော​။ 9သင်​တို့​ကို​စစ်ကြော​တော်မူ​လျှင် သင်​တို့​အတွက် အကျိုးရှိ​ပါ​မည်လော​။ လူ​ကို​လှည့်စား​သကဲ့သို့ ကိုယ်တော်​ကို သင်​တို့​လှည့်စား​၍​ရ​နိုင်​မည်လော​။ 10ကွယ်ရာ​၌ သင်​တို့​မျက်နှာလိုက်​တတ်​ကြ​လျှင် သင်​တို့​ကို ကိုယ်တော် ဧကန်​ဆုံးမ​တော်မူ​လိမ့်မည်​။ 11ကိုယ်တော်​၏​တန်ခိုး​တော်​သည် သင်​တို့​ကို ကြောက်ရွံ့​စေ​မည်​မ​ဟုတ်​လော​။ ကိုယ်တော်​ထံမှ ကြောက်မက်ဖွယ်ဘေး​သည် သင်​တို့​အပေါ် ကျရောက်​မည် မ​ဟုတ်​လော​။ 12သင်​တို့​၏​မှတ်သားစရာ​စကား​များ​သည် ပြာပုံ​စကားပုံ​မျှသာ​ဖြစ်​၏​။ သင်​တို့​ချေပ​သော​စကား​များ​သည်​လည်း ကွဲလွယ်​သော​မြေထည်​ကဲ့သို့​သာ​ဖြစ်​၏​။ 13ငါ့​ရှေ့​မှာ တိတ်တိတ်နေ​ကြ​လော့​။ ငါ​ပြော​ပါရစေ​။ ငါ​၌ ဖြစ်ချင်​ရာ​ဖြစ်​ပါစေ​။ 14အဘယ်ကြောင့် ကိုယ့်​အသား​ကို ကိုယ့်​သွား​နှင့် ကိုက်​ထား​ရ​မည်နည်း​။ အဘယ်ကြောင့် ကိုယ့်​အသက်​ကို ကိုယ့်​လက်​၌ ထည့်​ထား​ရ​မည်နည်း​။ 15ငါ့​ကို ကွပ်မျက်​တော်မူ​မည်​ဆို​လျှင်ပင် ကိုယ်တော့်​ကို ငါ​မျှော်လင့်​နေ​ဦး​မည်​။ ငါ့​အမှု​ကို မျက်မှောက်​တော်​၌ လျှောက်လဲ​မည်​။ 16ထိုသို့​ပြု​လျှင် ငါ့​အတွက် ကယ်တင်​ခြင်း​အကြောင်း​ဖြစ်​လိမ့်မည်​။ အကြောင်းမူကား ဘုရားတရားမဲ့​သော​သူ​တို့​သည် ဘုရားသခင်​ရှေ့​တော်​သို့ ဝင်ခွင့်​မ​ရှိ​။ 17ငါ့​စကား​ကို သေချာ​နားထောင်​ကြ​လော့​။ ငါ​ရှင်းပြ​သည်​ကို အာရုံစိုက်​ကြ​လော့​။ 18ငါ့​အမှု​ကို ငါ​ပြင်ဆင်​ထား​ပြီ​။ ငါ​ဖြောင့်မတ်​ကြောင်း​ကို ငါ​သိ​၏​။ 19ငါ့​ကို မည်သူ​စွဲချက်တင်​မည်နည်း​။ ထိုသို့​ပြု​လျှင် ငါ​သည် နှုတ်ဆိတ်​နေ​၍ သေ​ပါ​တော့​မည်​။ 20အကျွန်ုပ်​အား အချက်​နှစ်​ချက်​သာလျှင် မ​ပြု​ဘဲ နေ​တော်မူ​ပါ​။ သို့ပြုလျှင် ကိုယ်တော့်​ထံ​မှ ပုန်းရှောင်​မည်​မ​ဟုတ်​ပါ​။ 21လက်​တော်​ကို အကျွန်ုပ်​အပေါ်​မှ ရုပ်သိမ်း​တော်မူ​ပါ​။ ကိုယ်တော်​ထံမှ ကြောက်မက်ဖွယ်​ရာ​များ​ဖြင့် အကျွန်ုပ်​ကို ခြောက်လှန့်​တော်​မ​မူ​ပါ​နှင့်​။ 22ထိုအခါ အကျွန်ုပ်​ကို​ခေါ်​လျှင် အကျွန်ုပ်​ထူး​ပါ​မည်​။ အကျွန်ုပ်​လျှောက်​လျှင်​လည်း အကျွန်ုပ်​ကို ပြန်​၍​ဖြေကြား​တော်မူ​ပါ​။ 23အကျွန်ုပ်​၏​ဒုစရိုက်​အပြစ်​တို့​သည် အဘယ်မျှလောက်​များ​ပါ​သနည်း​။ အကျွန်ုပ်​ကျူးလွန်​သော​အမှု​နှင့် အကျွန်ုပ်​၏​အပြစ်​တို့​ကို အကျွန်ုပ်​အား သိ​စေ​တော်မူ​ပါ​။ 24အဘယ်ကြောင့် အကျွန်ုပ်​ထံမှ မျက်နှာလွှဲ​တော်မူ​၍ အကျွန်ုပ်​ကို ရန်သူ​ကဲ့သို့ ထင်မှတ်​တော်မူ​ပါ​သနည်း​။ 25လေနှင်ရာ​လွင့်ပါ​သွား​သော​သစ်ရွက်​ကို ခြောက်လှန့်​တော်မူ​မည်လော​။ ကောက်ရိုး​ခြောက်​ကို လိုက်​တော်မူ​မည်လော​။ 26အကျွန်ုပ်​အဖို့ ပြင်းထန်​သော​စွဲချက်​များ​ကို ရေးမှတ်​ထား​၍ အကျွန်ုပ်​ငယ်စဉ်​က ပြု​မိ​သော​ဒုစရိုက်​များ​ကို ပြန်၍​ခံရ​စေ​တော်မူ​၏​။ 27အကျွန်ုပ်​၏​ခြေ​ကို ထိတ်တုံးခတ်​ထား​တော်မူ​၏​။ အကျွန်ုပ်​သွား​သော​လမ်း​အားလုံး​ကို စောင့်ကြည့်​၍ အကျွန်ုပ်​ကို ခြေရာခံ​လိုက်​တော်မူ​၏​။ 28ထို့ကြောင့် အကျွန်ုပ်​သည် ဆွေးမြည့်​တတ်​သော​အရာ​ကဲ့သို့​လည်းကောင်း​၊ ပိုးကိုက်​တတ်​သော​အဝတ်​ကဲ့သို့​လည်းကောင်း ယိုယွင်းပျက်စီး​ရ​ပါ​ပြီ​တကား​။

လက်ရှိရွေးချယ်ထားမှု

ယောဘဝတ္ထု 13: MSBZ

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ