YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 24

24
ကောင်းသောသဖန်းသီးနှင့်မကောင်းသောသဖန်းသီး
1ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ရှိ ယောယကိမ်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယေခေါနိ​မင်းကြီး​နှင့်တကွ ယုဒ​လူမျိုး​အကြီးအကဲ​များ​၊ လက်မှုပညာသည်​နှင့် ပန်းပဲသမား​တို့​ကို ဘေဘီလုံ​မြို့​သို့ ဖမ်း​ခေါ်သွား​ပြီး​နောက်ပိုင်း​တွင် ထာဝရဘုရား​သည် ငါ့​အား ထာဝရဘုရား​၏​ဗိမာန်တော်​ရှေ့​၌​ရှိ​သော သဖန်းသီး​ခြင်းတောင်း​နှစ်​တောင်း​ကို​ပြ​၏​။ 2ခြင်းတောင်း​တစ်​တောင်း​ထဲတွင် အဦးဆုံးမှည့်သောအသီး​ကဲ့သို့ အလွန်​ကောင်း​သော​သဖန်းသီး​များ​ရှိ​၏​။ ကျန်​ခြင်းတောင်း​တစ်​တောင်း​ထဲတွင် မကောင်း​သော​သဖန်းသီး​ရှိ​၏​။ စား​၍​မ​ရ​အောင် ပုပ်​နေ​၏​။ 3ထိုအခါ ထာဝရဘုရား​က ငါ့​အား “​ယေရမိ​၊ မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​တော်မူ​လျှင် ငါ​က “​သဖန်းသီး​များ​ကို မြင်​ပါ​၏​။ ကောင်း​သော​သဖန်းသီး​များ​သည် အလွန်​ကောင်း​ပါ​၏​။ မကောင်း​သော​သဖန်းသီး​များ​သည် စား​၍​မ​ရ​အောင် ပုပ်​နေ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။
4ထို့နောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့ ရောက်လာ​၍ 5“​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘ယုဒ​ပြည်​မှ ခါလဒဲ​ပြည်​သို့ ငါ​ပို့​လိုက်​သော​၊ ယုဒ​ပြည်​မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​သူ​တို့​သည် ဤ​ကောင်း​သော​သဖန်းသီး​များ​ကဲ့သို့ ဖြစ်​ကြ​၏​။ သူ​တို့​ကို ကောင်း​သော​သူ​များ​အဖြစ် ငါ​မှတ်ယူ​မည်​။ 6သူ​တို့​ကောင်းကျိုး​အတွက် သူ​တို့​ကို ငါ​ကြည့်ရှု​မည်​။ သူ​တို့​ကို ဤ​ပြည်​သို့​ပြန်ခေါ်​လာ​မည်​။ မ​ဖြိုဖျက်​ဘဲ တည်ဆောက်​မည်​။ မ​နုတ်ပစ်​ဘဲ စိုက်ပျိုး​မည်​။ 7ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သိကျွမ်း​သော​စိတ်နှလုံး​ကို သူ​တို့​အား ငါ​ပေး​မည်​။ သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဘုရား​ဖြစ်​မည်​။ အကြောင်းမူကား သူ​တို့​သည် ငါ့​ထံသို့ စိတ်နှလုံး​အကြွင်းမဲ့​ပြန်လာ​ကြ​မည်’​ဟု မိန့်​တော်မူ​၏​။
8ထာဝရဘုရား​က ‘ငါ​သည် ယုဒ​ဘုရင်​ဇေဒကိ​မှစ၍ သူ​၏​မှူးမတ်​များ​နှင့် ဤ​ပြည်​၌​ကျန်ရစ်​သော ဂျေရုဆလင်​မြို့သူမြို့သား​များ​၊ အီဂျစ်​ပြည်​သို့​ပြောင်းရွှေ့​နေထိုင်​သော​သူ​များ​ကို စား​၍​မ​ရ​အောင်​ပုပ်​နေ​သော​သဖန်းသီး​ကဲ့သို့ ဖြစ်​စေ​မည်​။ 9မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​အတွက် ရွံရှာစရာ​၊ ထိတ်လန့်စရာ​ဖြစ်​စေ​မည်​။ ငါ​နှင်ထုတ်​၍ သူ​တို့​ရောက်လေရာ​အရပ်ရပ်​တို့​၌ ကဲ့ရဲ့စရာ​၊ ပုံခိုင်းစရာ​၊ ပြောင်လှောင်စရာ​၊ ကျိန်ဆဲစရာ ဖြစ်​စေ​မည်​။ 10သူ​တို့​နှင့် သူ​တို့​၏​ဘိုးဘေး​တို့​အား ငါ​ပေး​သော​ပြည်​တွင် သူ​တို့​တစ်ယောက်​မျှ​မ​ကြွင်းကျန်​တော့​သည့်​တိုင်အောင် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ကို သူ​တို့​ထံ စေလွှတ်​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 24: MSBZ

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ