YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟာဗက္ကုတ်အနာဂတ္တိကျမ်း 2

2
ဘုရားသခင်၏အဖြေကို ဟဗက္ကုတ်စောင့်ဆိုင်းခြင်း
1ငါ​သည် ကင်းတဲ​တွင် ရပ်​နေ​မည်​။ ခံတပ်​တွင် နေရာယူ​မည်​။ ကိုယ်တော်​သည် ငါ့​အား မည်သို့​မိန့်​တော်မူ​မည်​ကို​လည်းကောင်း​၊ ငါ့​အား ဆိုဆုံးမ​သောအခါ မည်သို့​ပြန်လျှောက်​ရ​မည်​ကို​လည်းကောင်း သိရှိ​နိုင်​ရန် စောင့်​လျက်​နေ​မည်​။
ဘုရားသခင်ပေးသောဒုတိယအဖြေ
2ထိုအခါ ထာဝရဘုရား​က ငါ့​အား “​ဤ​ဗျာဒိတ်နိမိတ်​ကို ရေးမှတ်​ထား​လော့​။ ဖတ်​သော​သူ​သည် အပြေးအလွှား​ဖတ်​နိုင်​မည့်​အကြောင်း ကျောက်ပြား​ပေါ်တွင် ရှင်းလင်း​စွာ​ရေးသား​လော့​။ 3အကြောင်းမူကား ဤ​ဗျာဒိတ်နိမိတ်​သည် အချိန်တန်​လျှင် ဖြစ်လာ​မည်​။ နှုတ်ထွက်​စကား​အတိုင်း အဆုံးသတ်​ချိန် မလွဲမသွေ​ရောက်လာ​မည်​။ ကြာ​သော်လည်း စောင့်မျှော်​လော့​။ နောက်​မ​ကျ​ဘဲ ဧကန်အမှန် ရောက်လာ​မည်​။ 4ကြည့်ရှု​လော့​။ ဘဝင်မြင့်​သော​သူ​၏​အတွင်းစိတ်​သည် ဖြောင့်မှန်​လေ့​မ​ရှိ​။ ဖြောင့်မတ်​သော​သူ​တို့​မူကား ယုံကြည်​ခြင်း#2:4 သို့မဟုတ် “သစ္စာရှိခြင်း”။ကြောင့် အသက်ရှင်​ရ​လိမ့်မည်​။ 5စပျစ်ဝိုင်​သည် သစ္စာမဲ့​စေ​တတ်​၏​။ မာနကြီး​သော​သူ​နှင့်​တူ​၍ ငြိမ်ငြိမ်​မ​နေ​တတ်​။ စိတ်အလို​ကို မရဏာနိုင်ငံ​ကဲ့သို့ ကျယ်ပြန့်​စေ​တတ်​၏​။ သေမင်း​ကဲ့သို့ပင် အလို​မ​ပြည့်စုံ​တတ်​။ သူ့​အဖို့ လူမျိုး​အပေါင်း​ကို စုစည်း​ပြီး လူ​အားလုံး​ကို သိမ်းပိုက်​ထား​တတ်​၏​။
အမင်္ဂလာငါးပါးကို နိမိတ်ဖတ်ပြလိုက်ခြင်း
6လူ​အပေါင်း​တို့​သည် သူ့​ကို ပြောင်လှောင်​ကြ​မည်​မ​ဟုတ်​လော​။ စကားထာ​ဖွဲ့​၍ သရော်​ကြ​မည်​မ​ဟုတ်​လော​။ သူ​တို့​က ‘ကိုယ်​မပိုင်​သော​အရာ​ကို သိမ်းယူ​သော​သူ​၊ အပေါင်ခံ​ပစ္စည်း​များ​ဖြင့် ချမ်းသာ​အောင် လုပ်​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ မည်သည့်​အချိန်​ထိ ဤသို့​ပြု​မည်နည်း’​ဟု ဆို​ကြ​လိမ့်မည်​။ 7သင်​၏​ကြွေးရှင်​တို့​သည် ရုတ်တရက်​ထလာ​ကြ​မည် မ​ဟုတ်​လော​။ သင့်​ကို​ခြောက်လှန့်​သော​သူ​တို့​သည် နိုးလာ​ကြ​မည်​မ​ဟုတ်​လော​။ သင်​သည်​လည်း သူ​တို့​အဖို့ လုယက်ပစ္စည်း ဖြစ်သွား​လိမ့်မည်​။ 8သင်​သည် လူ​ကို​သတ်ဖြတ်​၍ ကမ္ဘာမြေ​ရှိ​မြို့​များ​နှင့် မြို့သူမြို့သား​အပေါင်း​တို့​အပေါ် ရက်စက်ကြမ်းကြုတ်မှု​ကို​ပြု​ပြီး လူမျိုး​များစွာ​ကို တိုက်ခိုက်လုယူ​ခဲ့​သောကြောင့် ကြွင်းကျန်​သော​သူ​အပေါင်း​တို့​သည် သင့်​ကို ပြန်​၍​တိုက်ခိုက်လုယူ​လိမ့်မည်​။ 9ဘေးအန္တရာယ်​မှ​လွတ်မြောက်​ရန် မိမိ​အသိုက်​ကို မြင့်သောနေရာ​၌​ဆောက်​သော​သူ​၊ မတရား​အကျိုးစီးပွား​ကို မိမိ​အိမ်​အဖို့​ရှာ​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ 10သင့်​အိမ်သူအိမ်သား​တို့ အရှက်ရ​စေရန် သင်​ကြံစည်​ပြီ​။ လူ​များစွာ​ကို ဖျက်ဆီး​ခြင်း​ဖြင့် သင့်ကိုယ်သင်​ပြစ်မှား​ပြီ​။ 11စင်စစ် ကျောက်တုံး​တစ်​တုံး​သည် နံရံ​ထဲမှ​အော်ဟစ်​၍ ရက်မ​တစ်​ချောင်း​သည် သစ်သား​များ​ထဲမှ​တုံ့ပြန်​လိမ့်မည်​။ 12လူ​အသက်သတ်​ပြီး ရွာ​ကို​တည်​သော​သူ​၊ မတရား​သော​နည်းလမ်း​ဖြင့် မြို့​ကို​တည်ထောင်​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ 13ကြည့်ရှု​လော့​။ လူ​တို့​သည် မီးစာ​ဖြစ်သွား​မည့်​အရာ​အတွက် ကြိုးစား​အားထုတ်​လုပ်ကိုင်​ကြ​ပြီ​။ လူမျိုး​တို့​သည် အချည်းနှီး​သော​အရာ​အတွက် အပင်ပန်း​ခံ​ကြ​ပြီ​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ဤသို့​ဖြစ်​စေ​ပြီ​မ​ဟုတ်​လော​။ 14အကြောင်းမူကား ပင်လယ်​သည် ရေ​များ​နှင့် ပြည့်လျှံ​နေ​သကဲ့သို့ ကမ္ဘာမြေကြီး​သည်​လည်း ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​အကြောင်း​ကို သိကျွမ်း​ခြင်း​နှင့် ပြည့်​လိမ့်မည်​။ 15မိမိ​၏​အိမ်နီးချင်း​တို့ အဝတ်​အချည်းစည်း​ဖြစ်​သည်​ကို ကြည့်​လို​၍ သူ​တို့​အား ဒေါသ​စပျစ်ဝိုင်​ကို ယစ်မူး​အောင် သောက်​စေ​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ 16သင်​သည် ဂုဏ်သရေ​အစား အရှက်ကွဲ​ခြင်း​နှင့် ကြုံ​ရ​လိမ့်မည်​။ ထာဝရဘုရား​၏​လက်ယာ​လက်​တော်​ရှိ​ဖလား​တော်​သည် သင့်​ထံသို့​လှည့်လာ​ပြီ​ဖြစ်၍ ထို​ဖလား​တော်​ကို သောက်​ပြီး အရေဖျားမလှီး​ထား​သော​သင့်​အရှက် ပေါ်​လိမ့်မည်​။ သင့်​ဂုဏ်သရေ​သည် အရှက်ကွဲ​ခြင်း​နှင့် ဖုံးလွှမ်း​သွား​လိမ့်မည်​။ 17လက်ဘနွန်​တောင်​ကို သင်​နှိပ်စက်​ခဲ့​သည့်​အတိုင်း သင်​ပြန်​ခံရ​မည်​။ တိရစ္ဆာန်​များ​ကို သင်​ညှဉ်းဆဲ​ခဲ့​သည့်​အတိုင်း သင်​ပြန်​၍​ကြောက်လန့်​နေ​ရ​မည်​။ သင်​သည် လူ​ကို​သတ်ဖြတ်​၍ ကမ္ဘာမြေ​ရှိ​မြို့​များ​နှင့် မြို့သူမြို့သား​အပေါင်း​တို့​အပေါ် ရက်စက်ကြမ်းကြုတ်မှု​ကို​ပြု​လေ​ပြီ​။ 18ရုပ်တုဆင်းတု​သည် မည်သည့်​အကျိုးအမြတ်​ကို​ပေး​နိုင်​၍ ပန်းပုသမား​သည် ထုဆစ်​ရ​သနည်း​။ ရုပ်တု​နှင့် မုသားဆရာ အတူတူ​ပင်​ဖြစ်​၏​။ ပန်းပုသမား​သည် ဆွံ့အ​သော​ရုပ်တု​ကို ထုလုပ်​ပြီး ထို​ရုပ်တု​ကို ကိုးစား​ပါ​သည်​တကား​။ 19သစ်သား​ကို ‘နိုး​ပါ’​ဟု ပြော​သော​သူ​၊ စကားမပြော​တတ်​သော​ကျောက်တုံး​ကို ‘ထ​ပါ’​ဟု ပြော​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ ထို​အရာ​သည် သင်​တို့​ကို သွန်သင်​ပြ​နိုင်​မည်လော​။ ထို​အရာ​ကို ရွှေ​၊ ငွေ​တို့​ဖြင့်​မွမ်းမံ​ထား​၏​။ ထို​အရာ​၌ အသက်​အလျှင်း​မ​ရှိ​။ 20ထာဝရဘုရား​သည် သန့်ရှင်း​ရာ​ဗိမာန်တော်​၌ စံမြန်း​တော်မူ​၏​။ မြေကြီးသား​အပေါင်း​တို့​၊ ရှေ့​တော်​၌ ငြိမ်ဝပ်​စွာ​နေ​ကြ​လော့”​ဟု တုံ့ပြန်မိန့်ဆို​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဟာဗက္ကုတ်အနာဂတ္တိကျမ်း 2: MSBZ

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။