ကမ္ဘာဦးကျမ်း 26
26
ဣဇက်အားထပ်၍ကတိတော်ကို အတည်ပြုခြင်း
1အာဗြဟံလက်ထက်၌ကျရောက်ခဲ့ဖူးသော ငတ်မွတ်ခေါင်းပါးခြင်းဘေးမဟုတ်ဘဲ ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးထပ်မံကျရောက်သည်ဖြစ်၍ ဣဇက်သည် ဖိလိတ္တိဘုရင်အဘိမလက်မင်းကြီးရှိရာဂေရာမြို့သို့ သွားလေ၏။ 2ထိုအခါ ထာဝရဘုရားသည် သူ့အားကိုယ်ထင်ရှားပြ၍ “သင်သည် အီဂျစ်ပြည်သို့မဆင်းသွားနှင့်။ သင့်အား ငါပြသည့်ပြည်၌ နေထိုင်လော့။ 3ဤပြည်၌ တည်းခိုနေထိုင်လော့။ ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုကောင်းချီးပေးမည်။ အကယ်စင်စစ် ဤမြေရှိသမျှတို့ကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေး၍ သင်၏ဖခင်အာဗြဟံအား ငါကျိန်ဆိုခဲ့သောကတိကို ငါတည်စေမည်။ 4ငါသည် သင်၏သားစဉ်မြေးဆက်ကို ကောင်းကင်ကြယ်နှင့်အမျှများပြားစေ၍ သင်၏သားစဉ်မြေးဆက်အား ဤမြေရှိသမျှတို့ကို ပေးမည်။ ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။#က 12:3၊ 18:18၊ 22:18၊ တ 3:25၊ ဂလ 3:8။ 5အကြောင်းမူကား အာဗြဟံသည် ငါ့စကားကိုနားထောင်ပြီး ငါ၏ညွှန်ကြားချက်မှစ၍ ငါ၏ပညတ်ချက်များ၊ ငါ၏ပြဋ္ဌာန်းချက်များနှင့် ငါ၏တရားများကို စောင့်ထိန်းသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။ 6ထို့ကြောင့် ဣဇက်သည် ဂေရာမြို့၌နေထိုင်လေ၏။
ဣဇက်လိမ်လည်ခြင်း
7ထိုအရပ်၌ရှိသောယောက်ျားတို့သည် သူ့မယားအကြောင်းကိုမေးကြသောအခါ ဣဇက်က “ငါ့မယားဖြစ်သည်”ဟု ပြောရမည်ကို ကြောက်၍ “ငါ့နှမဖြစ်သည်”ဟု ဆို၏။ အကြောင်းမှာ ရေဗက္ကာသည် ရုပ်ဆင်းသွင်ပြင်လှပသဖြင့် ထိုအရပ်၌ရှိသောယောက်ျားတို့သည် ရေဗက္ကာအတွက်ကြောင့် မိမိအားသတ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။ 8သူသည် ထိုအရပ်၌ရက်အတန်ကြာနေလေ၏။ တစ်နေ့တွင် ဖိလိတ္တိဘုရင်အဘိမလက်မင်းကြီးသည် ပြတင်းပေါက်မှလှမ်းကြည့်လိုက်ရာ ဣဇက်သည် မိမိမယားရေဗက္ကာနှင့် ဆော့မြှူကျီစယ်နေသည်ကိုမြင်၏။
9အဘိမလက်မင်းကြီးသည် ဣဇက်ကိုဆင့်ခေါ်၍ “စင်စစ် ထိုမိန်းမသည် သင်၏မယားဖြစ်၏။ သို့ဖြစ်လျက်နှင့်သင်က ‘သူသည် ငါ့နှမဖြစ်သည်’ဟု အဘယ်ကြောင့်ဆိုရသနည်း”ဟု မေးလေ၏။ ဣဇက်ကလည်း “သူ့အတွက်ကြောင့် အကျွန်ုပ်သေရကောင်းသေရလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်ဖြစ်ပါသည်”ဟု ဖြေလေ၏။
10အဘိမလက်မင်းကြီးကလည်း “ငါတို့၌ သင်ပြုသောဤအမှုကား မည်သို့နည်း။ တစ်စုံတစ်ဦးသောသူသည် သင်၏မယားနှင့် အခန့်မသင့်အိပ်မိလျှင် သင်သည် ငါတို့အပေါ်သို့ အပြစ်ရောက်စေခဲ့ပေလိမ့်မည်”ဟု ဆို၏။ 11ထို့နောက် အဘိမလက်မင်းကြီးသည် လူအပေါင်းတို့အား “ဤသူနှင့် သူ၏မယားကိုထိသောသူသည် မုချအသတ်ခံရမည်”ဟု အမိန့်ပေးမှာကြားလေ၏။
ရေတွင်းကြောင့် အငြင်းပွားခြင်း
12ဣဇက်သည် ထိုပြည်၌ မျိုးစေ့ကြဲ၍ ထိုနှစ်တွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည် သူ့ကိုကောင်းချီးပေးတော်မူသောကြောင့် 13သူသည် ကြွယ်ဝလာ၍ အလွန်ချမ်းသာသောသူဖြစ်သည့်တိုင်အောင် ပို၍ပို၍ကြီးပွားလာ၏။ 14သူ၌ သိုးအုပ်၊ နွားအုပ် စသည့် တိရစ္ဆာန်များနှင့် အခြွေအရံအမြောက်အမြားရှိသည်ဖြစ်၍ ဖိလိတ္တိအမျိုးသားတို့သည် သူ့ကိုငြူစူကြ၏။ 15ထို့ကြောင့် ဖိလိတ္တိအမျိုးသားတို့သည် သူ့ဖခင် အာဗြဟံလက်ထက်၌ သူ့ဖခင်၏အစေအပါးတို့ တူးခဲ့သောရေတွင်းအားလုံးကို မြေဖို့ပိတ်ဆို့ကြ၏။ 16အဘိမလက်မင်းကြီးကလည်း “သင်သည် ငါတို့ထက်အလွန်အားကြီးလာသောကြောင့် ငါတို့ထံမှ ထွက်သွားပါ”ဟု ဣဇက်အား ဆို၏။
17ထို့ကြောင့် ဣဇက်သည် ထိုအရပ်မှထွက်သွားပြီး ဂေရာချိုင့်ဝှမ်း၌စခန်းချ၍ နေထိုင်လေ၏။ 18ဣဇက်၏ဖခင်အာဗြဟံလက်ထက်၌ တူးခဲ့၍ အာဗြဟံကွယ်လွန်ပြီးနောက် ဖိလိတ္တိအမျိုးသားတို့ ပိတ်ဆို့ခဲ့သောရေတွင်းကို ဣဇက်သည် ပြန်ဖော်လေ၏။ သူသည် ထိုရေတွင်းများ၏အမည်ကို မိမိဖခင်ခေါ်ခဲ့သည့်အမည်အတိုင်း ခေါ်လေ၏။ 19ဣဇက်၏အစေအပါးတို့သည် ချိုင့်ဝှမ်း၌ရေတွင်းတူးကြသောအခါ စမ်းရေထွက်သောတွင်းကိုတွေ့ရှိကြ၏။ 20သို့သော် ဂေရာမြို့မှတိရစ္ဆာန်ထိန်းကျောင်းသူတို့သည် “ဤရေကို ငါတို့ပိုင်၏”ဟု ဆိုလျက် ဣဇက်၏တိရစ္ဆာန်ထိန်းကျောင်းသူတို့ကို ရန်တွေ့ကြ၏။ ထိုသို့ သူတို့သည် ဣဇက်နှင့်ဖက်ပြိုင်ရန်တွေ့ကြသဖြင့် ဣဇက်သည် ထိုရေတွင်း၏အမည်ကို ဧသက်#26:20 “ဖက်ပြိုင်ရန်တွေ့သည်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုခေါ်၏။ 21ထို့နောက်တွင် ဣဇက်၏အစေအပါးတို့သည် အခြားသောရေတွင်းကိုတူးကြ၏။ ထိုရေတွင်းအတွက်ကြောင့်လည်း ရန်တွေ့ကြပြန်သဖြင့် ဣဇက်သည် ထိုရေတွင်း၏အမည်ကို သိတန#26:21 “ရန်တွေ့”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုခေါ်၏။ 22ထို့ကြောင့် သူသည် ထိုအရပ်မှရွှေ့ပြောင်း၍ အခြားသောရေတွင်းကိုတူး၏။ ထိုရေတွင်းအတွက်ကြောင့် ရန်မတွေ့ကြတော့သဖြင့် သူက “အကယ်စင်စစ် ထာဝရဘုရားသည် ငါတို့နေရာကို ယခုကျယ်ဝန်းစေတော်မူသည်ဖြစ်၍ ငါတို့သည် ဤပြည်၌ပွားများကြလိမ့်မည်”ဟု ဆိုလျက် ထိုရေတွင်း၏အမည်ကို ရဟောဘုတ်#26:22 “ကျယ်ဝန်းသောနေရာများ”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုခေါ်၏။
ဗေရရှေဘအရပ်၌ ကိုယ်ထင်ရှားပြတော်မူခြင်း
23ထို့နောက် သူသည် ထိုအရပ်မှထွက်၍ ဗေရရှေဘအရပ်သို့ သွားလေ၏။ 24ထိုည၌ ထာဝရဘုရားသည် သူ့အားကိုယ်ထင်ရှားပြ၍ “ငါသည် သင့်ဖခင်အာဗြဟံ၏ဘုရားဖြစ်၏။ မကြောက်နှင့်။ အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၏။ ငါသည် သင့်ကိုကောင်းချီးပေး၍ ငါ၏အစေအပါးအာဗြဟံအတွက်ကြောင့် သင်၏သားစဉ်မြေးဆက်ကိုများပြားစေမည်”ဟု မိန့်တော်မူ၏။
25ဣဇက်သည် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ထာဝရဘုရား၏နာမတော်ကိုခေါ်ဆိုပတ္ထနာပြုပြီးလျှင် ထိုအရပ်တွင် တဲကိုဆောက်လေ၏။ သူ၏အစေအပါးတို့သည်လည်း ထိုအရပ်တွင် ရေတွင်းကိုတူးကြ၏။
အဘိမလက်မင်းကြီးနှင့်ပဋိညာဉ်ဖွဲ့ခြင်း
26အဘိမလက်မင်းကြီးသည် သူ၏မိတ်ဆွေအဟုဇာတ်၊ သူ၏စစ်သူကြီးဖိကောလတို့နှင့်အတူ ဂေရာမြို့မှ ဣဇက်ရှိရာသို့ရောက်လာကြ၏။ 27ဣဇက်က “သင်တို့သည် အကျွန်ုပ်ကိုမုန်း၍ သင်တို့ထံမှနှင်ထုတ်ခဲ့လျက်နှင့်ပင် အဘယ်ကြောင့် အကျွန်ုပ်ထံသို့ လာကြသနည်း”ဟု သူတို့အားဆို၏။
28သူတို့ကလည်း “ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူကြောင်းကို ငါတို့အမှန်သိမြင်သည်ဖြစ်၍ ငါတို့တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကျိန်ဆိုခြင်းပြုကြစို့၊ ပဋိညာဉ်ဖွဲ့ကြစို့ဟု ငါတို့တောင်းဆို၏။ 29ထို့ကြောင့် ငါတို့သည် သင့်ကိုမထိ၊ သင့်အပေါ်ကောင်းမြတ်သောအရာကိုသာပြုပြီး သင့်ကိုငြိမ်းချမ်းစွာလွှတ်လိုက်သကဲ့သို့ သင်သည်လည်း ငါတို့ကိုဘေးအန္တရာယ်မပြုနှင့်။ အကယ်စင်စစ် သင်သည် ထာဝရဘုရား၏ကောင်းချီးကိုခံရသောသူဖြစ်၏”ဟု ဆိုကြ၏။
30ထိုအခါ ဣဇက်သည် သူတို့အတွက် စားသောက်ပွဲတည်ခင်း၍ သူတို့သည် စားသောက်ကြ၏။ 31သူတို့သည် နံနက်စောစောထ၍ တစ်ဦးနှင့်တစ်ဦးကျိန်ဆိုခြင်းကိုပြုကြ၏။ ထို့နောက် ဣဇက်သည် သူတို့ကိုလွှတ်လိုက်သဖြင့် သူတို့သည် ငြိမ်းချမ်းစွာပြန်သွားကြ၏။ 32ထိုနေ့၌ပင် ဣဇက်၏အစေအပါးတို့သည် လာ၍ “အကျွန်ုပ်တို့သည် ရေကိုရှာတွေ့ကြပါပြီ”ဟု ဆိုလျက် သူတို့တူးသောရေတွင်းအကြောင်းကို ဣဇက်အားပြောကြားကြ၏။ 33ဣဇက်သည် ထိုရေတွင်း၏အမည်ကို ရှေဘ#26:33 “ကျိန်ဆိုခြင်း”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုခေါ်၏။ ထို့ကြောင့် ထိုမြို့၏အမည်ကို ဗေရရှေဘ#26:33 “ကျိန်ဆိုခြင်းရေတွင်း”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုယနေ့တိုင်အောင်ခေါ်ကြ၏။
ဧသော၏မိန်းမများ
34ဧသောသည် အသက်လေးဆယ်ရှိသောအခါ ဟိတ္တိလူမျိုးဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိလူမျိုးဧလုန်၏သမီးဗာရှမတ်တို့နှင့် အိမ်ထောင်ပြုလေ၏။ 35ထိုမိန်းမတို့သည် ဣဇက်နှင့်ရေဗက္ကာအတွက် စိတ်သောကရောက်စရာအကြောင်းဖြစ်ကြ၏။
Voafantina amin'izao fotoana izao:
ကမ္ဘာဦးကျမ်း 26: MSBU
Asongadina
Hizara
Dika mitovy

Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative