ကမ္ဘာဦးကျမ်း 21
21
ဣဇက်မွေးဖွားလာခြင်း
1ထာဝရဘုရားသည် မိမိမိန့်တော်မူခဲ့သည့်အတိုင်း စာရာကိုအကြည့်အရှုကြွလာတော်မူ၏။ ထာဝရဘုရားသည် ကတိပေးတော်မူခဲ့သည့်အတိုင်း စာရာ၌ပြုတော်မူသဖြင့် 2စာရာသည် ကိုယ်ဝန်ဆောင်၍ အာဗြဟံအားဘုရားသခင်ကတိပေးတော်မူသောအချိန်၌ အသက်ကြီးသောအာဗြဟံအတွက် သားတစ်ယောက်ကို မွေးဖွားလေ၏။ 3အာဗြဟံသည်လည်း မွေးဖွားလာသောသားဖြစ်သည့် မိမိအတွက်စာရာမွေးဖွားပေးသောသား၏အမည်ကို ဣဇက် ဟုမှည့်ခေါ်လေ၏။ 4အာဗြဟံသည် မိမိအားဘုရားသခင်မိန့်မှာတော်မူသည့်အတိုင်း သားဣဇက်ကို ရှစ်ရက်သားအရွယ်၌ အရေဖျားလှီးခြင်းပေးလေ၏။ 5သားဣဇက်ကို သူ့အတွက်မွေးဖွားသောအခါ အာဗြဟံသည် အသက်တစ်ရာရှိပြီဖြစ်၏။
6စာရာကလည်း “ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤအကြောင်းကိုကြားသောသူအားလုံးတို့သည်လည်း ငါနှင့်အတူရယ်ကြလိမ့်မည်”ဟု ဆို၏။ 7တစ်ဖန် သူက “စာရာသည် သားသမီးကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံကို မည်သူပြောခဲ့ဖူးမည်နည်း။ ယခုမူကား သူအသက်ကြီးသောအခါ သူ့အဖို့ သားတစ်ယောက်ကိုငါမွေးဖွားပေးခဲ့ပြီ”ဟု ဆိုလေ၏။
ဟာဂရနှင့်ဣရှမေလကို နှင်ထုတ်ခြင်း
8ကလေးသည် ကြီးလာ၍ နို့ပြတ်လေ၏။ ဣဇက်နို့ပြတ်သောနေ့၌ အာဗြဟံသည် ကြီးကျယ်ခမ်းနားသောစားသောက်ပွဲကျင်းပလေ၏။ 9အီဂျစ်အမျိုးသမီးဟာဂရနှင့် အာဗြဟံရသောသားသည် ဣဇက်အားပြောင်လှောင်သည်ကို စာရာမြင်သောအခါ 10အာဗြဟံအား “ဤကျွန်မနှင့် သူ၏သားကို နှင်ထုတ်ပါလော့။ အကြောင်းမူကား ဤကျွန်မ၏သားသည် အကျွန်ုပ်၏သားဣဇက်နှင့်အတူ အမွေခံမဖြစ်ရ”#ဂလ 4:30။ဟု ဆို၏။
11ထိုအမှုသည် မိမိသားနှင့်ပတ်သက်သောကြောင့် အာဗြဟံသည် အလွန်စိတ်ဒုက္ခရောက်လေ၏။ 12သို့ရာတွင် ဘုရားသခင်က အာဗြဟံအား “ထိုသူငယ်နှင့်ပတ်သက်၍လည်းကောင်း၊ သင်၏ကျွန်မနှင့်ပတ်သက်၍လည်းကောင်း စိတ်ဒုက္ခမဖြစ်နှင့်။ သင့်အား စာရာပြောသမျှသောစကားကို နားထောင်လော့။ အကြောင်းမူကား ဣဇက်မှဆင်းသက်သောသူသည် သင်၏အမျိုးအနွယ်ဟူ၍ ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။#ရော 9:7၊ ဟေဗြဲ 11:18။ 13ကျွန်မ၏သားသည်လည်း သင်၏အမျိုးအနွယ်ဖြစ်သောကြောင့် ငါသည် သူ့ကိုလူမျိုးတစ်မျိုးဖြစ်စေမည်”ဟု မိန့်တော်မူ၏။
14အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။ 15သားရေဘူးထဲမှ ရေကုန်သောအခါ သူသည် ချုံတစ်ချုံအောက်၌ သူငယ်ကိုထားပြီးလျှင် 16“သူငယ်သေသည်ကို ငါမမြင်လို”ဟု ဆိုလျက် သူငယ်၏နောက်ဘက်၊ လေးတစ်ပစ်ခန့်အကွာသို့သွား၍ ထိုင်လေ၏။ သူသည် သူငယ်၏နောက်ဘက်တွင်ထိုင်လျက် အော်ဟစ်ငိုကြွေးလေ၏။
17ဘုရားသခင်သည် သူငယ်၏အသံကို ကြားတော်မူ၏။ ထိုအခါ ဘုရားသခင်၏ကောင်းကင်တမန်သည် ကောင်းကင်မှနေ၍ ဟာဂရကိုခေါ်ပြီးလျှင် “ဟာဂရ၊ သင်ဘာဖြစ်သနည်း။ မကြောက်နှင့်။ အကြောင်းမူကား သူငယ်ရှိသည့်နေရာမှ သူငယ်၏အသံကို ဘုရားသခင်ကြားတော်မူပြီ။ 18ထလော့။ သူငယ်ကိုထူမ၍ သူ့ကို သင်၏လက်ဖြင့်ကိုင်ထားလော့။ အကြောင်းမူကား ငါသည် သူ့ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်”ဟု မြွက်ဆို၏။ 19ဘုရားသခင်သည် ဟာဂရ၏မျက်စိကိုပွင့်စေတော်မူသဖြင့် သူသည် ရေတွင်းကိုမြင်လေ၏။ ထိုအခါ သူသည် သွား၍ သားရေဘူးကိုရေဖြည့်ပြီးလျှင် သူငယ်ကိုတိုက်လေ၏။ 20ဘုရားသခင်သည် သူငယ်နှင့်အတူရှိတော်မူ၏။ သူသည် ကြီးပြင်းလာ၍ တောကန္တာရ၌နေထိုင်ပြီး လေးသမားဖြစ်လာ၏။ 21ဤသို့ဖြင့် သူသည် ပါရန်တောကန္တာရ၌နေထိုင်လေ၏။ သူ၏မိခင်သည် အီဂျစ်ပြည်မှ မိန်းမတစ်ယောက်နှင့် သူ့ကိုစုံဖက်ပေး၏။
အာဗြဟံနှင့်အဘိမလက်မင်းကြီးပဋိညာဉ်ဖွဲ့ခြင်း
22ထိုအခါ၌ အဘိမလက်မင်းကြီးနှင့် သူ၏စစ်သူကြီးဖိကောလသည် အာဗြဟံအား “သင်ပြုလေသမျှတို့၌ သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ 23သို့ဖြစ်၍ သင်သည် ငါမှစ၍ ငါ့သား၊ ငါ့သားမြေးအစဉ်အဆက်တို့ကိုမလှည့်စား၊ သင့်အား ငါမေတ္တာထားသကဲ့သို့ သင်သည်လည်း ငါ့အားလည်းကောင်း၊ သင်တည်းခိုနေထိုင်သောပြည်အားလည်းကောင်း မေတ္တာထားမည်ဟု ယခု ဤနေရာတွင် ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုပါလော့”ဟု မိန့်ဆို၏။
24အာဗြဟံကလည်း “အကျွန်ုပ်ကျိန်ဆိုပါ၏”ဟု ဆိုလေ၏။ 25ထို့နောက် အာဗြဟံသည် အဘိမလက်မင်းကြီး၏အစေအပါးများလုယူသောရေတွင်းနှင့်ပတ်သက်၍ အဘိမလက်မင်းကြီးကို တိုင်ကြားလေ၏။
26အဘိမလက်မင်းကြီးကလည်း “ဤအမှုကို မည်သူပြုသည်ကို ငါမသိ။ သင်သည်လည်း ငါ့ကိုမပြော။ ငါသည်လည်း ယနေ့တိုင်အောင် မကြား”ဟု ဆို၏။
27အာဗြဟံသည် သိုးအုပ်၊ နွားအုပ်ကိုယူ၍ အဘိမလက်မင်းကြီးအားပေးပြီးလျှင် သူတို့နှစ်ဦးသည် ပဋိညာဉ်ဖွဲ့ကြ၏။ 28ထို့နောက် အာဗြဟံသည် သိုးအုပ်ထဲမှ သိုးသငယ်အမခုနစ်ကောင်ကို သီးသန့်ဖယ်ထား၏။ 29အဘိမလက်မင်းကြီးကလည်း “သင်သီးသန့်ဖယ်ထားသော ဤသိုးသငယ်အမခုနစ်ကောင်ကား အဘယ်အတွက်နည်း”ဟု အာဗြဟံအားမေးလျှင်
30အာဗြဟံက “ဤရေတွင်းကို အကျွန်ုပ်တူးထားကြောင်း အကျွန်ုပ်၏သက်သေဖြစ်စေရန်အတွက် ဤသိုးသငယ်အမခုနစ်ကောင်ကို အကျွန်ုပ်၏လက်မှ ခံယူပါ”ဟု ဆိုလေ၏။ 31သူသည် ထိုအရပ်ကို ဗေရရှေဘ#21:31 “ကျိန်ဆိုခြင်းရေတွင်း”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုခေါ်၏။ အကြောင်းမူကား သူတို့နှစ်ဦးသည် ထိုအရပ်၌ ကျိန်ဆိုကြသောကြောင့်ဖြစ်၏။ 32သူတို့သည် ဗေရရှေဘအရပ်၌ ပဋိညာဉ်ဖွဲ့ကြပြီးနောက် အဘိမလက်မင်းကြီးနှင့် သူ၏စစ်သူကြီးဖိကောလသည် ထ၍ ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏။
33ထိုအခါ အာဗြဟံသည် ဗေရရှေဘအရပ်၌ ဧရှာလပင်ကိုစိုက်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို ထိုအရပ်၌ ခေါ်ဆိုပတ္ထနာပြုလေ၏။ 34အာဗြဟံသည် ဖိလိတ္တိပြည်၌ အချိန်ကြာမြင့်စွာ တည်းခိုနေထိုင်လေ၏။
Voafantina amin'izao fotoana izao:
ကမ္ဘာဦးကျမ်း 21: MSBU
Asongadina
Hizara
Dika mitovy

Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative