တမန်တော်ဝတ္ထု 24

24
ပေါလုကိုစွဲချက်တင်ကြခြင်း
1ငါး​ရက်​လွန်​သောအခါ ယဇ်ပုရောဟိတ်​မင်း​အာနနိ​သည် ရှေ့နေ​တေရတုလု​မှစ၍ သက်ကြီးဝါကြီး​အချို့​တို့​နှင့်အတူ ရောက်လာ​၍ ဘုရင်ခံ​ထံ​ပေါလု​ကို​တရား​စွဲဆို​ကြ​၏။ 2ပေါလု​ကို​ခေါ်ထုတ်​လာ​သောအခါ တေရတုလု​သည် သူ့​ကို စတင်​စွပ်စွဲ​၍ လျှောက်ထား​သည်​မှာ “မြတ်​သော​ဖေလဇ်​မင်း၊ အရှင့်​အားဖြင့် အကျွန်ုပ်​တို့​သည် များစွာ​သော​ငြိမ်းချမ်း​မှု​ကို​ခံစား​ရ​လျက် အရှင်​၏​အမြော်အမြင်​ကြောင့် ဤ​တိုင်းပြည်​တွင် ပြုပြင်​ပြောင်းလဲ​မှု​များ​ဖြစ်ပေါ်​နေ​ပါ​သည်။ 3အကျွန်ုပ်​တို့​သည် ဤ​ဆောင်ရွက်​မှု​များ​ကို နေရာ​တိုင်း​၌ အစဉ်အမြဲ အထူး​ကျေးဇူးတင်​စွာ​ဖြင့် ကြိုဆို​ကြ​ပါ​သည်။ 4သို့ဖြစ်၍ အကျွန်ုပ်​သည် အရှင့်​ကို ကြာမြင့်​စွာ​အနှောင့်အယှက်​မ​ပေး​မိ​စေရန် အကျွန်ုပ်​တို့​၏​အကျဉ်းချုပ်​လျှောက်ထား​ချက်​ကို ကျေးဇူးပြု​၍​နားထောင်​ပေး​ပါ​ရန် ပန်ကြား​အပ်​ပါ​သည်။
5ပြဿနာ​ကို​သာ​ဖန်တီး​လေ့​ရှိ​သော​ဤ​သူ​သည် ကမ္ဘာ​အရပ်ရပ်​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့​၌ ဆူပူ​အုံကြွ​မှု​များ​ဖြစ်ပေါ်​အောင် လှုံ့ဆော်​နေ​သူ​ဖြစ်​ပြီး နာဇရက်​ဂိုဏ်းကွဲ​၏​ခေါင်းဆောင်​တစ်​ဦး​လည်း​ဖြစ်ကြောင်း တွေ့ရှိ​ရ​ပါ​သည်။ 6သူ​သည် ဗိမာန်​တော်​ကို​လည်း မတော်မလျော်​ပြု​ရန် ကြိုးစား​ခဲ့​သောကြောင့် အကျွန်ုပ်​တို့​သည် သူ့​ကို​ဖမ်းဆီး​ခဲ့​ပါ​သည်။ 7[ထို့နောက် သူ့​ကို အကျွန်ုပ်​တို့​၏​ပညတ်​တရား​အတိုင်း စီရင်​မည်​ပြု​စဉ် တပ်မှူးကြီး​လုသိ​သည် ဝင်လာ​၍ သူ့​ကို အကျွန်ုပ်​တို့​လက်​ထဲမှ မရမက​ခေါ်ယူ​သွား​ပြီး သူ့ကို​စွပ်စွဲ​သော​သူတို့​အား အရှင့်​ထံသို့​လာ​ရန် အမိန့်​ပေး​ခဲ့​ပါ​သည်။] 8ဤ​အကြောင်းအရာ​အားလုံး​နှင့်​ပတ်သက်၍ အရှင်​ကိုယ်တိုင် သူ့​ကို​စစ်ဆေး​လျှင် သူ့​အပေါ် အကျွန်ုပ်​တို့​စွပ်စွဲ​နေ​သည့်​အချက်​များ​ကို သိမြင်​နိုင်​ပါ​လိမ့်မည်”​ဟု ဆို​လေ​၏။
9ဂျူး​လူမျိုး​တို့​က​လည်း ဤ​အကြောင်းအရာ​များ​မှန်ကန်​ပါ​သည်​ဟု​ဆို​လျက် ဝိုင်းဝန်း​ထောက်ခံ​ကြ​၏။
ဖေလဇ်မင်းရှေ့တွင် ပေါလုချေပပြောဆိုခြင်း
10ထိုအခါ ဘုရင်ခံ​သည် ပေါလု​အား ပြောဆို​ရန်​အချက်ပြ​သဖြင့် ပေါလု​က “အရှင်​သည် ဤ​လူမျိုး​ကို နှစ်​ပေါင်း​များစွာ​တရား​စီရင်​သူ​ဖြစ်​ကြောင်း​သိ​လျက် အကျွန်ုပ်​အမှု​နှင့်​ပတ်သက်၍ ဝမ်းမြောက်​စွာ​ချေပ​ပြောဆို​ပါ​သည်။ 11အကျွန်ုပ်​သည် ဝတ်ပြု​ကိုးကွယ်​ရန် ဂျေရုဆလင်​မြို့​သို့​တက်​သွား​ခဲ့​သည်​မှာ တစ်ဆယ့်နှစ်​ရက်​ထက်​မ​ပို​သေး​ကြောင်း အရှင်​စုံစမ်း​သိရှိ​နိုင်​ပါ​သည်။ 12အကျွန်ုပ်​သည် ဗိမာန်​တော်​၌​ဖြစ်စေ၊ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌​ဖြစ်စေ၊ မြို့​ထဲ၌​ဖြစ်စေ တစ်စုံတစ်ဦး​နှင့် အချေအတင်​ပြောဆို​နေ​သည်​ကို​လည်းကောင်း၊ လူ​တို့​အား အုံကြွ​အောင်​ပြု​နေ​သည်​ကို​လည်းကောင်း သူ​တို့​မ​တွေ့​ကြ​ပါ။ 13ယခု အကျွန်ုပ်​အပေါ်​စွပ်စွဲ​နေ​သည့်​အချက်​များ​နှင့်​ပတ်သက်၍​လည်း သူ​တို့​သည် အရှင့်​ထံ​သက်သေ​မ​ပြ​နိုင်​ပါ။ 14သို့သော် အကျွန်ုပ်​သည် ဂိုဏ်းကွဲ​ဟု သူ​တို့​ခေါ်ဝေါ်​သော တရား​လမ်း​အတိုင်း ဘိုးဘေး​တို့​၏​ဘုရားသခင်​ကို ဝတ်ပြု​နေ​ကြောင်း အရှင့်​ရှေ့၌​ဝန်ခံ​ပါ​သည်။ အကျွန်ုပ်​သည် ပညတ်​တရား​နှင့်ညီသော​အရာ​များ​နှင့် ပရောဖက်​ကျမ်း​များ​တွင် ရေး​ထား​သော​အရာ​ရှိသမျှ​တို့​ကို ယုံကြည်​လျက် 15သူ​တို့​ကိုယ်တိုင်​လည်း စောင့်မျှော်​သကဲ့သို့ ဖြောင့်မတ်​သော​သူ​များ​ဖြစ်စေ၊ မ​ဖြောင့်မတ်​သော​သူ​များ​ဖြစ်စေ နောင်တွင် ရှင်ပြန်​ထမြောက်​ကြ​လိမ့်မည်​ဟု ဘုရားသခင်​ကို​အမှီပြု၍ မျှော်လင့်​နေ​ပါ​သည်။ 16ထို့ကြောင့် အကျွန်ုပ်​သည် ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့တွင် အပြစ်တင်​စရာ​ကင်း​သော အသိစိတ်​အမြဲ​ထားရှိ​ရန် ကြိုးစား​အားထုတ်​ပါ​သည်။
17ယခု နှစ်​အတန်ကြာ​ပြီးနောက် အမျိုးသားချင်း​တို့​အား ပေးကမ်း​စွန့်ကြဲ​ရန်​နှင့် ပူဇော်သက္ကာ​များ​ဆက်ကပ်​ရန် အကျွန်ုပ်​ရောက်ရှိ​လာ​ပါ​သည်။ 18ဗိမာန်​တော်​၌ သန့်ရှင်း​စင်ကြယ်​ခြင်း​ဝတ်​ကို​ခံယူ​ပြီး​သော​အကျွန်ုပ်​ကို သူ​တို့​တွေ့မြင်​သည့်​အချိန်​တွင် လူ​အစုအဝေး​မ​ရှိ၊ ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​လည်း မ​ရှိ​ခဲ့​ပါ။ 19သို့ရာတွင် အာရှ​ပြည်​မှ ဂျူး​လူမျိုး​အချို့​ရှိ​ကြ​ပါ​သည်။ သူ​တို့​သည် အကျွန်ုပ်​အပေါ် အပြစ်တင်​စရာ​တစ်စုံတစ်ခု​ရှိ​လျှင် အရှင့်​ရှေ့​၌ ကိုယ်တိုင်​လာ​၍ စွဲဆို​သင့်​ပါ​သည်။ 20သို့မဟုတ် အကျွန်ုပ်​သည် တရား​လွှတ်တော်​ရှေ့၌​ရပ်​နေ​စဉ် အကျွန်ုပ်​၌ မည်သည့်​ပြစ်မှု​ကို သူ​တို့​တွေ့ရှိ​ကြောင်း ယခု​ရှိ​သော​ဤ​သူ​တို့​ကိုယ်တိုင် ထွက်ဆို​ကြ​ပါစေ။ 21အကျွန်ုပ်​သည် သူ​တို့​ရှေ့၌​ရပ်​လျက် ‘အကျွန်ုပ်​သည် သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​နှင့်​ပတ်သက်၍ ယနေ့ သင်​တို့​ရှေ့၌ စစ်ဆေး​စီရင်​ခံ​နေ​ရ​ပါ​သည်’​ဟူသော​စကား​တစ်ခွန်း​ကို​သာ ကြွေးကြော်​ခဲ့​ပါ​သည်”​ဟု ဆို​လေ​၏။
တရားဆုံးဖြတ်ရန် ရွှေ့ဆိုင်းလိုက်ခြင်း
22ဖေလဇ်​မင်း​သည် ထို​တရား​လမ်း​အကြောင်း​ကို တိကျ​သေချာ​စွာ​သိ​ထား​သောကြောင့် “တပ်မှူးကြီး​လုသိ​ရောက်လာ​သောအခါ သင်​တို့​အမှု​ကို ငါ​စစ်ဆေး​မည်”​ဟု ဆို​လျက် အမှု​ကို​ရွှေ့ဆိုင်း​လိုက်​လေ​၏။ 23ပေါလု​ကို​မူကား စောင့်ကြပ်​ထား​ရန်​နှင့် လွတ်လပ်​မှု​ကို​အနည်းအကျဉ်း​ပေး​၍ သူ​၏​အပေါင်းအဖော်​များ သူ့​ကို​ပြုစု​မည်​ကို မ​တားဆီး​ရန် တပ်မှူး​အား မှာကြား​လေ​၏။
24ရက်​အနည်းငယ်​ကြာ​ပြီးနောက် ဖေလဇ်​မင်း​သည် ဂျူး​အမျိုးသမီး​ဖြစ်​သော မိမိ​ဇနီး​ဒြုသိလေ​နှင့်အတူ​ရောက်လာ​၍ ပေါလု​ကို​ဆင့်ခေါ်​လျက် ခရစ်တော်​ယေရှု​အား​ယုံကြည်​ခြင်း​အကြောင်း​ကို သူ့​ထံမှ​နားထောင်​လေ​၏။ 25သို့သော် ပေါလု​က ဖြောင့်မတ်​ခြင်း၊ မိမိကိုယ်ကို​ချုပ်တည်း​ခြင်း​နှင့် ရောက်လာ​မည့်​တရား​စီရင်​ခြင်း​အကြောင်း​တို့​ကို ဆွေးနွေး​ပြောဆို​သောအခါ ဖေလဇ်​မင်း​သည် ကြောက်လန့်​၍ “ယခု​သွား​ဦး​လော့။ နောက်မှ အချိန်​ရ​သောအခါ သင့်​ကို ငါ​ခေါ်​ဦး​မည်”​ဟု ဆို​လေ​၏။ 26တစ်ချိန်တည်း​မှာပင် ပေါလု​သည် သူ့​ကို လာဘ်​ငွေ​ပေး​လိမ့်မည်​ဟု​လည်း မျှော်လင့်​သောကြောင့် သူ​သည် ပေါလု​ကို​မကြာခဏ​ခေါ်​၍ စကား​ပြောဆို​လေ​၏။
27နှစ်​နှစ်​ကြာ​ပြီးနောက် ပေါကိ​ဖေတ္တု​မင်း​သည် ဖေလဇ်​မင်း​၏​အရိုက်အရာ​ကို ဆက်ခံ​လေ​၏။ ဖေလဇ်​မင်း​သည် ဂျူး​လူမျိုး​တို့​အား ကျေးဇူးပြု​လို​၍ ပေါလု​ကို​အကျဉ်းချ​ထားရစ်​ခဲ့​လေ​၏။

ಪ್ರಸ್ತುತ ಆಯ್ಕೆ ಮಾಡಲಾಗಿದೆ:

တမန်တော်ဝတ္ထု 24: MSBU

Highlight

ಶೇರ್

ಕಾಪಿ

None

Want to have your highlights saved across all your devices? Sign up or sign in